စစ်ကောင်စီ ခွင့်ပြုချက်မရလို့ အိမ်မပြန်ရသေးတဲ့ ရခိုင်စစ်ရှောင်တွေ

ရေးသားခဲ့သည်။

ခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်အထိ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၁ သိန်းခန့်ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်အထိ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၁ သိန်းခွဲခန့်ရှိ

မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ်ကစတင်ပြီး ၂၀၂၀ ခုနှစ်အထိ ၂ နှစ်အကြာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ၂၀၂၀ နိုဝင်ဘာလ နောက်ပိုင်း စစ်တပ်အာဏာမသိမ်းခင်ကာလမှာ တိုက်ပွဲတွေရပ်သွားခဲ့တာလည်း အခုဆိုရင် တစ်နှစ်ကျော်လာပါပြီ။

ဒါပေမဲ့ သူတို့ အိမ်မပြန်နိုင်သေးပါဘူး။

သူတို့စွန်ခွာတဲ့ ရပ်ရွာကနေအိမ်ကို ပြန်ချင်ပေမဲ့လည်း သူတို့အိမ်ပြန်နိုင်ရေး အတားအဆီးအခက်အခဲတွေရှိနေတဲ့ အကြောင်း ရခိုင်စစ်ဘေးရှောင်တွေက ပြောကြပါတယ်။

ရခိုင်စစ်ရှောင်စခန်း တစ်ခု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရခိုင်စစ်ရှောင်စခန်း တစ်ခု

၂၀၁၈ ခုနှစ်ဒီဇင်ဘာလကစလို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ အကြား ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပါတယ်။

နှစ်နှစ်တာကာလ တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်ပေါင်း ၈ မြို့နယ်အတွင်းမှာ ကျေးရွာအများအပြား ပျက်စီးခဲ့ရပြီး ဒေသခံ တစ်သိန်းခွဲ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတာပါ။ စစ်ပွဲတွေကြောင့် မိမိရပ်ရွာတွေမှာ ဆက်မနေရဲကြတော့ဘဲ နေရပ်စွန့်ခွာ လာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေအပြင် စစ်တွေနဲ့ ပေါက်တောမြို့နယ်တွေထိ ဒုက္ခသည်တွေအဖြစ်နဲ့ လာရောက်ခိုလှုံနေတာကို တွေ့မြင်နေရပါတယ်။

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအပြီးကာလ စစ်အာဏာမသိမ်းခင်ကစလို့ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေမရှိသလောက် တည်ငြိမ်မှုတွေရှိနေခဲ့တာပါ။

သို့သော် နေရပ်စွန့်ခွာလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေထဲ သုံးပုံတစ်ပုံလောက်သာ သူတို့ရဲ့မူလနေရပ်ကျေးရွာတွေကို ပြန်သွားခဲ့ကြပြီး အများစုကတော့ ဒုက္ခသည်စခန်းတွေမှာဘဲ ဆက်လက်ခိုလှုံနေကြဆဲပဲလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

နေရပ်စွန့်ခွာမှု သုံးနှစ်တာအတွင်း အပစ်ရပ်ကာကလ ၁ နှစ်ကျော်လာခဲ့ပြီဖြစ်ပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက မြို့နယ် ၁၀ မြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်တွေ ပြန့်ကြဲလျက်ရှိနေဆဲဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

"နေရပ်ပြန်ချင်ကြသူတွေ"

နေရပ်စွန့်ခွာခဲ့ကြရတဲ့ ကျေးရွာတွေအများအပြားရှိတဲ့အနက် ကျောက်တော်မြို့နယ်အထက်ပိုင်း ကုလားတန်မြစ်ဝှမ်းထဲက တင်းမကျေးရွာဟာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ အကြီးဆုံးကျေးရွာတစ်ရွာလို့ ပြောရမှာပါ။

၂၀၂၀ ခုနှစ် မတ်လအတွင်းမှာ ကျေးရွာအတွင်းကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ပျက်စီးခဲ့ရ သလို ရွာသားတချို့လည်း ထိခိုက်မှုတွေရှိခဲ့ပါတယ်။

မကြာခင်မှာဘဲ ကျေးရွာအတွင်း စစ်ကောင်စီတပ်တွေဝင်ရောက်လာခဲ့ပြီးတော့ ရွာသား ၁၈ ဦးကိုဖမ်းဆီးသွားကာ နေအိမ် မီးရှို့ခံလိုက်ရတဲ့အတွက် တစ်ရွာလုံး နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတာဖြစ်တယ်လို့ တင်းမကျေးရွားတွေက ပြောပြကြပါတယ်။

တင်းမကျေးရွာက နေရပ်စွန့်ခွာလာခဲ့ကြတဲ့ လူဦးရေ သုံးထောင်ကျော်တို့ဟာ ကျောက်တော်မြို့နယ်အတွင်းက စစ်ဘေးရှောင် စခန်းတွေမှာ ဒုက္ခသည်တွေအဖြစ်နဲ့ ခိုလှုံနေကြပြီး တိုက်ပွဲတွေရပ်သွားတဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ ဒေသတည်ငြိမ်နေပြီ ဖြစ်တဲ့အတွက် ကျေးရွာကိုပြန်လည်သွားရောက်နေထိုင်ခွင့်ပေးဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကို အသနားခံစာတွေ ပေးပို့တောင်းမှုတွေလည်း အကြိမ်ကြိမ်ရှိနေပြီလို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မတ်လ ၃ ရက်နေ့မှာလည်း တင်းမကျေးရွာဘုန်းတော်ကြီးကိုယ်တိုင် စာရေးသားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို အသနားခံစာတစ်စောင့် ပေးပို့တောင်းဆိုထားပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်နေ့မှာလည်း ကျေးရွာလူကြီး ၃၀ ဦးခန့်လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင့်ကို နစက အစိုးရရဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ဆီကို အသနားခံစာတစ်စောင့် ထပ်မံပေးပို့ထားတယ်လို့ ရပ်မိရပ်ဖအဖွဲ့ဝင် ဦးထွန်းသိန်းက ပြောပါတယ်။

အစိုးရကတော့ ဒီရွာသားတွေရဲ့တောင်းဆိုမှုတွေကို တစ်ကြိမ်တစ်ခါမှ အကြောင်းပြန်ကြားပြောဆိုတာတွေမရှိခဲ့ပေမယ့် အခုခြောက်ကြိမ်မြောက် တောင်းဆိုတဲ့စာရဲ့ တုံ့ပြန်မှုကိုတော့ မျှော်လင့်ချက်တစ်ခုအဖြစ်နဲ့ စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။

"ကုန်ခဲ့တဲ့နှစ်တွေကကျတော့ အဆင်မပြေလဲ ပြေသလိုနေလို့ရတယ်။ အခုက ထောက်ပံ့မှုလည်း ကျပ် ၁၇၀၀၀ ပဲရတယ်။ ကုန်ဈေးနှုန်းတွေကလဲကြီးလာတော့ အခက်ခဲဆုံးအခြေနေဖြစ်လာတယ်။ တစ်လနဲ့တစ်လကလည်း မလုံလောက်တော့ ရွာသားတွေကိုကြည့်ပြီး စိတ်ညစ်နေရတယ်။ ဒါကြောင့် ကိုယ့်ရွာကိုရှင်းလင်းပြီးတော့ ပြန်နေချင်ပြီ"လို့ ရပ်မိရပ်ဖ ဦးထွန်းသိန်းက ပြောပါတယ်။

ရွာသားတွေအနေနဲ့တော့ ပြန်ခွင့်ရလို့ရှိရင် မိုးမကျခင်မှာ ပြန်သွားပြီး မိမိတို့ရဲ့ လက်ငုတ်စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်စားသောက်ဖို့ လိုလားနေကြတာဖြစ်ပါတယ်။

ကျောက်တော်က စစ်ရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကျောက်တော်က စစ်ရှောင်စခန်းတစ်ခု

"တင်းမကျေးရွာကနေအိမ်တွေ ဖျက်ဆီးခံရတာကို စစ်တပ်ကငြင်း"

မီးရှို့ခံရတဲ့အတွက် လုံးဝလောင်ကျွမ်းသွားတဲ့နေအိမ် ၁၃၂ လုံးအပြင် ပျက်စီးသွားတဲ့ နေအိမ်တွေလည်း ရှိပြီး ၄၀၀ ကျော်က ကျန်နေသေးပေမယ့် လူမနေတာ သုံးနှစ်ခန့် ကြာလာခဲ့ချိန်မှာတော့ ပျက်စီးယိုယွင်းမှုနဲ့ ဖျက်ဆီးခံရမှုတွေလည်း ရှိနေတယ်လို့ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

တင်းမကျေးရွာဟာ လူသူအသွားအလာမရှိတဲ့ ကျေးရွာတစ်ရွာဖြစ်နေပြီး အဲ့ဒီပစ္စည်းတွေကို ဖျက်ယူရောင်းချနေတယ် ဆိုတာဟာ မဟုတ်ကြောင်းနဲ့ တင်းမကျေးရွာသားတွေက အဲ့ဒီရွာထဲကို သူ့နည်းသူ့ဟန်နဲ့ သွားလာနေကြတာတွေ လည်းရှိနေတယ်လို့ စစ်တပ်ကပြောဆိုကြောင်း ဦးလှသိန်းက ပြောပါတယ်။

အဲ့ဒီကျေးရွာအတွင်းကို ဝင်ရောက်ပြီး နေအိမ်တွေက ပစ္စည်းတွေကိုယူဆောင်တာမျိုးကို စစ်တပ်အနေနဲ့ မလုပ်ရဲသလို အခုလိုမျိုးလုပ်ဆောင်ဖို့လည်း အကြောင်းမရှိဘူးလို့ ပြောဆိုကြောင်း ထပ်ပြောပါတယ်။

ကျန်ရှိနေတဲ့နေအိမ်တွေက သစ်နဲ့ ကျေးရွာအတွင်းက ပစ္စည်းတချို့တို့ ဖျက်ဆီးခံနေရတယ်ဆိုတာကို သိရှိထားရပေမယ့် တိုက်ရိုက်မြင်တွေ့ရတာမဟုတ်တဲ့အတွက် ဘယ်သူတွေ အခုလို ဖျက်ဆီးနေတယ်ဆိုတာကို ပြောဆိုဖို့အခက်အခဲရှိတယ်လို့ ရပ်မိရပ်ဖအဖွဲ့ဝင် ဦးထွန်းသိန်းက ပြောပါတယ်။ ကျေးရွာအနီးက တောင်ရှည်တောင်ထက်မှာလည်း စစ်တပ်က နေရာယူထားတဲ့ တပ်စခန်းတစ်ခု ရှိနေတဲ့အတွက် ကျေးရွာကိုသွားလာ ခွင့်မရဘဲဖြစ်နေတာလို့ ရွာသားတွေဘက်က ပြောဆိုပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

"စစ်ကောင်စီက ပြန်ခွင့်မပေးတဲ့ကျေးရွာတွေ"

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ယာယီအပစ်ခတ်ရပ်စဲရေးလုပ်ထားပြီး ဒေသတွင်း တိုက်ပွဲတွေ မရှိတော့တဲ့အတွက် လွန်ခဲ့တဲ့နှစ်ကတည်းက နေရပ်ပြန်ချင်သူတွေကို ပြန်ခွင့်ပေးထားပြီး တချို့ပြန်ကြသူတွေကိုလည်း ရပ်ရွာမှာနေထိုင်နိုင်ဖို့အတွက် ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးနေတယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

အစိုးရရဲ့စာရင်းအရတော့ ရခိုင်ပြည်နယ် ၁၀ မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းပေါင်း ၁၇၀ ခန့်ရှိပြီး အိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ်က စစ်ဘေးရှောင်တွေ တော်တော်များများ နေရပ်ပြန်ခဲ့ကြပြီဖြစ်ကာ မကြာခင်မှာလည်း တတိယအကြိမ်အဖြစ် နောက်ထပ်တစ်သုတ် ပြန်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ကျေးရွာသားတွေ နေရပ်ပြန်ရေးကိစ္စဟာ စစ်ရေး၊လုံခြုံရေးကဏ္ဍမှာ ထည့်သွင်းထားတဲ့အတွက် ပြန်ခွင့်ရဖို့မရဖို့ ဆိုတာ စစ်ကောင်စီတပ်တွေရဲ့ သဘောထားမှတ်ချက်အပေါ် မူတည်နေတယ်လို့ သိရပါတယ်။

တချို့နေရာတွေမှာ တပ်မတော်နဲ့ အေအေတို့ သူ့နေရာ ကိုယ့်နေရာ ယူပြီးတော့စခန်းချ ရင်ဆိုင်ထားတဲ့အခြေအနေတွေ ရှိတဲ့အတွက် အချိန်မရွေးအန္တရာယ်ဖြစ်လာနိုင်တာကြောင့် ပြန်ခွင့်မပေးနိုင်ဘူးလို့ စစ်တပ်ရဲ့ပြောဆိုချက်တွေကို ဦးလှသိန်းက ပြန်လည်ပြောပြပါတယ်။

"အဲ့လိုနေရာမျိုးကိုတော့ ပြန်ပို့ဖို့ခက်ပါလိမ့်မယ်။ လုံခြုံရေးကစိတ်မချနိုင်ပါဘူး။ အဲ့ဒီနေရာမျိုးတွေက ဘယ်လိုနေရာတွေမှာရှိသလဲဆိုတော့ ရသေ့တောင်မြို့နယ် ထီးစွဲ၊ အောင်သာစည်၊ ကျောက်တန်းရွာအနီးတဝိုက်မှာတော့ခါ ဒီလိုတပ်ဘက်နဲ့ အေအေဘက်က ရှေ့တန်းစခန်းတွေတပ်စွဲထားတာရှိတယ်။ အဲ့ဒီထဲမှာ တင်းမရွာလည်းပါပါတယ်။ အဲ့ဒီရွာတွေကတော့ ပြန်မယ်ဆိုလို့ရှိရင်လည်း လတ်တလောအဆင်သင့်မဖြစ်နိုင်ပါဘူးတဲ့။"လို့ ဦးလှသိန်းက ပြောပါတယ်။

ကျန်တဲ့နေရာတွေက ကျေးရွာသားတွေကတော့ ပြန်မယ်ဆိုရင် ပြန်လို့ရတယ်လို့ ပြောထားပေမယ့် မပြန်လိုတဲ့လူတွေလည်း ရှိနေတယ်လို့ ဦးလှသိန်းက ပြောပါတယ်။

မောင်တောမြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာနဲ့ မိုင်ဝက်လောက်အကွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မောင်တောမြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာနဲ့ မိုင်ဝက်လောက်အကွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့

"အပစ်ခတ်ရပ်စဲရေးနဲ့နှစ်ဖက်တပ်တွေရဲ့ယုံကြည်မှု"

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့အချိန် အပစ်ခတ်ရပ်စဲရေးဟာ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ရုတ်တရက် တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အပစ်ရပ်ထားတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာတော့ ရှေ့တန်းစစ်မျက်နှာမှာ ရှိနေတဲ့ တပ်တွေအကြား အဆင်မပြေမှုတွေလည်း မကြာခဏဆိုသလို ကြားနေကြရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကကနေ ၇ ရက်နေ့ထိ မောင်တောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကြပါသေးတယ်။ အေအေရဲ့တပ်စခန်းတစ်ခုမှာ ကင်းစောင့်နေတဲ့ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်တပ်တွေအကြား အရာရှိစစ်သည်တွေအပါအဝင် အကျအဆုံးတွေရှိခဲ့တယ်လို့ သိရပါတယ်။

အပစ်ခတ်ရပ်စဲထားတာဟာ ခိုင်မာတဲ့ကတိကဝတ်တွေနဲ့ တရားဝင်ရပ်စဲထားတာမဟုတ်တဲ့အတွက် ရှေ့တန်းစစ်မျက်နှာတွေ မှာ နှစ်ဖက်တပ်တွေ ရင်ဆိုင်ထားတာတွေရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ စစ်တပ်ကပြောဆိုကြောင်း ဦးလှသိန်းက ပြောပါတယ်။

လတ်တလော အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေခြင်းမရှိပေမယ့် ယာယီအပစ်ခတ် ရပ်စဲရေး နားလည်မှုယူထားတဲ့ အခြေအနေဖြစ်တာကြောင့် အချိန်မရွေး ပစ်ခတ်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ အေအေရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

အေအေဘက်ကလည်း ရက္ခိတလမ်းစဉ်ဟာ ရခိုင်ပြည်သူတွေလွတ်မြောက်ရေးအတွက် ဖော်ဆောင်နေတဲ့ တိုက်ပွဲခေါ်သံ တစ်ခုဖြစ်ပြီး လက်ရှိမှာ အလုံးစုံမရနိုင်သေးပေမယ့် တော်လှန်ရေးရေချိန်ဟာ ရပ်တန့်မသွားဘဲ ရတဲ့အထိ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အခုလ ၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်လင်းပွဲမှာ ဦးခိုင်သုခက ပြောကြားခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

"မိုင်းတွေကိုဘယ်လိုရှင်းပေးလဲ"

စစ်ရှောင်တွေဘက်က နေရပ်ပြန်မယ်လို့ တင်ပြလာခဲ့လို့ရှိရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ အစိုးရအဖွဲ့ဝင်တွေ ညှိနှိုင်းတိုင်ပင်ပြီးတော့ ပြန်ခွင့်ပေးလို့ရတဲ့ ကျေးရွာတွေဆိုလို့ရှိရင် မိုင်းရှင်းလင်းမှုတွေပြုလုပ်ပြီးတော့ လိုအပ်တဲ့အကူအညီ တွေကို ပေးလေ့ရှိတယ်လို့ ဦးလှသိန်းက ပြောပါတယ်။

ပြန်ခွင့်ပေးတဲ့ ကျေးရွာသားတွေ နေထိုင်မယ့် ကျေးရွာအတွင်းရယ်၊ ရွာပတ်လည်ရယ်ကို စစ်ကောင်စီတပ်တွေက မိုင်းရှင်းလင်း ပေးတယ်လို့ သိရပါတယ်။

လူတွေ သွားလာလှုပ်ရှားကြမယ့် အဝန်းအဝိုင်းလောက်ကို ရှင်းလင်းပေးတာမျိုးဖြစ်ပြီး ရွာနီးချုပ်စပ်က တောတောင်ထဲတွေကို တော့ ရှင်းလင်းပေးတာမျိုးမရှိဘူးလို့ ဦးလှသိန်းက ပြောပါတယ်။

တကယ်တော့ အဲ့ဒီကျေးရွာသားတွေဟာ ကျေးရွာအနီးဝန်းကျင်မှာရှိတဲ့ လယ်မြေတွေ၊ ဥယျဉ်ခြံတွေ၊ တောတောင်တွေနဲ့ မြစ်ချောင်းတွေကို မှီခိုပြီးသက်မွေးဝမ်းကျေင်းကြရမှာဖြစ်ပါတယ်။

စစ်ကောင်စီအစိုးရတက်ခါစ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ စစ်ပွဲတွေရပ်စဲထားတဲ့အတွက် ရန်ကုန်စစ်တွေကားလမ်းနဲ့ အငူမော်-တောင်ပြိုလက်ဝဲကားလမ်းတစ်လျှောက် လမ်းဘေးဝဲယာတွေကို မိုင်းရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အပစ်ခတ်ရပ်စဲရေးအစပိုင်းကာလ စစ်တပ်က မိုင်းရှင်းလင်းမှုတွေကို ပြုလုပ်နေတဲ့အချိန် တောတောင်တွေထဲ ကျေးရွာသားတွေ အသက်အန္တရာယ်ကင်းရှင်းဖို့အတွက် မိုင်းရှင်းလင်းမှုတွေ လုပ်မယ်ဆိုလို့ရှိရင် သူတို့အနေနဲ့လည်း တစ်ဖက်တစ်လမ်းက ပူးပေါင်းပါဝင်ဖို့ရှိတယ်လို့ အေအေဘက်က ပြောဆိုခဲ့တာတွေလည်းရှိပါတယ်။

သို့သော် ဒေသခံတွေ မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ တောတောင်တွေမှာ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းဖို့အတွက် စစ်တပ်ဘက်က မပြောဆိုတာဟာ စစ်ရေးအတွက် တမင်ချန်လှပ်ထားတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ရသေ့တောင်မြို့နယ်က စစ်ရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Daw Khin San Wai

ဓာတ်ပုံ ပုံစာ, ရသေ့တောင်မြို့နယ်က စစ်ရှောင်စခန်းတစ်ခု

"စစ်ဘေးရှောင်တွေရဲ့ လက်ရှိအခြေအနေ"

တချို့ စစ်ဘေးရှောင်မိသားစုတွေ နေရပ်ပြန်သွားကြပေမယ့် စားဝတ်နေရေးအဆင်မပြေမှုကြောင့် သွားရောက်အလုပ် လုပ်ကိုင်တဲ့ သဘောသာဖြစ်ပြီး ဒုက္ခသည်စခန်းတွေကိုပဲ ပြန်လည်ရောက်ရှိလာခဲ့ကြတာမျိုးဖြစ်နေတယ်လို့ REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောပါတယ်။ ကျေးရွာအများစုတို့မှာတော့ လုံခြုံမှုမရှိခြင်း၊ အလုပ်အကိုင်ပျက်စီးနေခြင်း၊ မြေမြှုပ်မိုင်းအန္တရာယ်စိုးရိမ်ရခြင်း၊ နေရာထိုင်ခင်းမရှိခြင်းစတဲ့အချက်တွေကြောင့် ပြန်ချင်ပေမယ့် နေထိုင်ဖို့ အခက်အခဲရှိနေတာကို တွေ့ရပါတယ်။

သုံးနှစ်တာကာလ စွန့်လွှတ်ထားခဲ့ရတဲ့ သူတို့ရဲ့အလုပ်အကိုင်တွေနဲ့ နေအိမ်တွေအပြင် အသက်အန္တရာယ် လုံခြုံရေးတို့အတွက် အစိုးရအပြင် INGO တွေကပါ ပူးပေါင်းပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ပေးဖို့လိုအပ်တယ်လို့ ဦးရွှေဘော်စိန်က ထောက်ပြပါတယ်။

ယခင်လုပ်ကိုင်ခဲ့ကြတဲ့ လက်ငုပ်စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ လယ်ယာလုပ်ငန်းနဲ့ ရာသီပေါ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့အတွက်တောင် အခက်အခဲရှိနေကြတာပါ။

သူတို့ ပိုင်ဆိုင်ခဲ့တဲ့ ကျွဲနွားတွေလည်းမရှိတော့ဘူး။ မျိုးစေ့တွေလည်းမရှိတော့ဘူး။ ဝမ်းစာရိက္ခာမရှိတော့ဘူးဆိုတော့ အဲ့ဒီလူတွေ ပြန်လည်အခြေချနိုင်ဖို့အတွက် ရိက္ခာတစ်လစာထောက်ပံ့ပေးရုံမျိုးမဟုတ်ဘဲ စီးပွားရေးလုပ်ငန်း ပြန်လည်ထူထောင်ရေးကိုလည်း အဓိကကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်ဖို့လိုအပ်နေတာဖြစ်တယ်လို့ဆိုကြပါတယ်။