မြစ်ငယ် CDM မီးရထားဝန်ထမ်းတွေကို လိုင်းခန်းပေါ်က ဆင်းခိုင်းနေ (တနင်္ဂနွေ မနက်ခင်း ထိပ်တန်းသတင်း)

ဓာတ်ပုံ ရင်းမြစ်, CJ
၁။ မန္တလေးတိုင်းထဲရှိတဲ့ မြစ်ငယ် လူစီးတွဲနဲ့ ကုန်တွဲစက်ရုံ မီးရထားဌာနက CDM ဝန်ထမ်းတွေကို နေအိမ်လိုင်းခန်းကနေ ဒီလ ၁၈ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရမယ် ဆိုတဲ့ ကြေညာချက် ထွက်လာပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့ ရက်စွဲနဲ့ ဝန်ထမ်းလိုင်းခန်းတွေမှာ ကပ်ထားတဲ့ အဲဒီ ကြေညာချက်မှာ အရာရှိ တစ်ဦးတစ်ယောက်က တာဝန်ယူ လက်မှတ် ထိုးထားတာမျိုး မရှိပါဘူး။
လုပ်ငန်းခွင် ဝင်ဖို့ အကြောင်းမဲ့ ပျက်ကွက်တဲ့ အတွက် ရာထူးကနေ ထုတ်ခံထားနှင့်ပြီး သူတွေ ဝန်ထမ်းလိုင်းခန်းမှာ ဆက်နေထိုင် နေတဲ့အတွက် ဖယ်ပေးရမယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြစ်ငယ် မီးရထားဌာနမှာ ဝန်ထမ်းအားလုံးရဲ့ အနည်းဆုံး သုံးပုံ နှစ်ပုံ ဝန်းကျင်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အလုပ်ခွင် မဝင်ပဲ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်နေကြပါတယ်။
အဲဒီက ဝန်ထမ်း အများစုဟာ ဘိုးဘွား၊ မိဘ လက်ထက်ကနေ အခုအချိန်ထိ အစဥ်အဆက် မီးရထား ဝန်ထမ်း လုပ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့မှာ ပုဂ္ဂလိက အိမ်ရာ ပိုင်ဆိုင်မှုရယ်လို့ မရှိပဲ ဝန်ထမ်းအိမ်ရာမှာ ဘဝကို နေထိုင် ဆောက်တည် ထားကြတာ ဖြစ်ပါတယ်။
မြစ်ငယ်မီးရထားဌာနလိုလဲ စစ်ကိုင်း ရွာထောင် မီးရထားဌာနမှာလဲ CDM ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာက ဆင်းပေးဖို့ ရဲတွေက လိုက်ပြောတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂။ ထိုင်းဂူတုန်းကလို ပျော်စရာနဲ့ မဆုံးနိုင်ခဲ့တဲ့ မော်ရိုကို ကယ်ဆယ်ရေး
မော်ရိုကို နိုင်ငံမှာ ၊ ရေတွင်းထဲ ပြုတ်ကျပြီး ၄ ရက်ကြာ ပိတ်မိနေခဲ့တဲ့ ရာယန်ဆိုတဲ့ ၅ နှစ်သား ယောက်ျားလေး ကလေးငယ်ဟာ သေဆုံးသွားပြီ ဖြစ်ပါတယ်။
ရာယန်ကို မီတာ ၃၀ (ပေတစ်ရာနီးပါး) နက်တဲ့ တွင်းထဲကနေ ပြန်ကယ်ထုတ်နိုင်ဖို့ အခုရက်တွေမှာ အသည်းအသန် ကြိုးစားနေခဲ့ကြတာကို တစ်ကမ္ဘာလုံးကလည်း ရင်တမမနဲ့ စောင့်ကြည့် နေခဲ့ကြ၊ ဆုတောင်း ပေးနေခဲ့ကြပါတယ်။
နောက်ဆုံး ကလေးငယ် ရှိရာဆီ ကယ်ဆယ်ရေးသမားတွေ ရောက်သွားနိုင်ခဲ့ပြီး၊ ဝိုင်းကြည့်နေကြတဲ့ ရာနဲ့ချီတဲ့ လူအုပ်ကြီးဆီက သောင်းသောင်းဖျဖျ အားပေးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကလေးငယ်ကို အရေးပေါ်ယာဥ်နဲ့ ခေါ်ဆောင်သွားခဲ့တာကို တွေ့မြင်ခဲ့ကြရပြီး မကြာခင်မှာပဲ မော်ရိုကို ဘုရင် မိုဟာမက်ဒ်က ရာယန် သေဆုံးကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အင်မတန် ဝမ်းနည်းရပြီး၊ ထပ်တူ ခံစားရပါကြောင်း ကလေးရဲ့ မိဘတွေကို ဘုရင်မိုဟာမက်ဒ်က ရုပ်မြင်သံကြားပေါ်ကနေ တိုက်ရိုက် ထုတ်လွင့် ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၃။ အမှတ် ၈၂ လေကြောင်းချီတပ်မက အမေရိကန်စစ်သားတွေ ပိုလန်ကို ရောက်လာ
သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမိန့်နဲ့ နေရာချတဲ့ အမေရိကန် တပ်ဖွဲ့တွေရဲ့ ပထမအသုတ် ပိုလန်နိုင်ငံကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါဟာ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ၊ နေတိုးတပ်ဖွဲ့တွေကို အင်အားတိုးမြှင့် ဖြည့်တင်းပေးတဲ့ အနေနဲ့ အမေရိကန် သမ္မတက စေလွှတ်နေတာပါ။
ယူကရိန်းနဲ့ နယ်စပ်အနီး ပိုလန်မြို့ဖြစ်တဲ့ ဇက်ဇော့ဖ် Rzeszow ရှိရာဆီကို အမေရိကန် အမှတ် ၈၂ လေကြောင်းချီ တပ်မက စစ်သားတွေ ရောက်လာပါတယ်။
ပိုလန်နဲ့ ရိုမေးနီးယား နိုင်ငံတွေမှာ အမေရိကန် တပ်ဖွဲ့ဝင် ၃ ထောင်နီးပါး တိုးမြှင့် နေရာချမယ်လို့ သမ္မတဘိုင်ဒင် အစိုးရက ကြေညာထားပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားဘက်က သူတို့ တပ်ဖွဲ့ဝင် သိန်းကျော်တဲ့ အထိ အကြီးအကျယ် နေရာချ လာခဲ့ပေမယ့်၊ သမ္မတပူတင် အစိုးရကတော့ ယူကရိန်းကို ဝင်ရောက် သိမ်းပိုက်ဖို့ အစီအစဥ် မရှိဘူးလို့ ငြင်းဆိုနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၄။ အယ်လိဇဘက်သ် ဘုရင်မကြီးရဲ့ နန်းစံသက် နှစ် ၇၀ အထိမ်းအမှတ် ပွဲတွေ စနေပြီ
ဗြိတိန်နိုင်ငံ ဘုရင်မကြီး အယ်လိဇဘက်သ်ဟာ လပေါင်းများစွာ အတွင်း ပထမဆုံး အနေနဲ့ အများသူငါ မြင်ကွင်းရှေ့ ဧည့်သည်တော်တွေနဲ့ တွေ့ဆုံတာတွေ ပြုလုပ်လာပါတယ်။
ဘုရင်မကြီးရဲ့ ထီးနန်းသက် အနှစ် ၇၀ ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲတွေ အခု စနေ၊ တနင်္ဂနွေ ရက်တွေမှာ ဆက်တိုက် ရှိနေတာ ဖြစ်ပါတယ်။
ဘုရင်မကြီးဟာ လူမှု အသိုင်းအဝိုင်း အသီးသီးက သူတွေကို အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း နော့ဖို့ခ် အရပ်မှာရှိတဲ့ ဆင်ဒရင်ဂမ် Sandringham စံအိမ်မှာ တွေ့ဆုံ နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပလက်တီနမ် ရတုလို့ ခေါ်ရမယ့် အခု နန်းစံသက် နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲတွေကို အခု ဂျူဘလီနှစ် တလျှောက်လုံး မြင်တွေ့လာရဖို့ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
သက်တော် ၉၅ နှစ် ရှိပြီ ဖြစ်တဲ့ ဘုရင်မကြီး အယ်လိဇဘက်သ်ဟာ နန်းစံသက် နှစ် ၇၀ တိုင်တဲ့ ပထမဆုံး ဗြိတိသျှ ထီးနန်း စိုးစံသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
၅။ ဆိုင်ကလုန်း မုန်တိုင်း နှစ်ချီဆင့်ခံရတဲ့ မာဒါဂါစကာ
အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းနိုင်ငံဖြစ်တဲ့ မာဒါဂါစကာ Madagascar ကို အင်အားပြင်းထန်တဲ့ အပူပိုင်း ဆိုင်ကလုံး မုန်တိုင်း နောက်တချီ ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။
မာဒါဂါစကာ ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းကို တစ်နာရီ မိုင် ၁၁၀ ကျော်တဲ့ လေပြင်းတွေ ကျရောက်ခဲ့ပါတယ်။ ဆိုင်ကလုံး ဘက်ဆရိုင်း Batsirai လို့ အခု နာမည်ပေးထားတဲ့ အခု မုန်တိုင်းနဲ့ပါဆိုရင် မာဒါဂါစကာမှာ သီတင်းနှစ်ပတ်အတွင်း ဆိုင်ကလုံး မုန်တိုင်းဒဏ် နှစ်ချီဆက်ပြီး ခံရတာ ဖြစ်ပါတယ်။
အယ်နာလို့ နာမည်ပေးထားတဲ့ ပထမတစ်ခါ မုန်တိုင်းတုန်းက သေဆုံးသူ အနည်းဆုံး ၅၅ ယောက် ရှိခဲ့ပြီး၊ လူတွေ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အခု တစ်ကြိမ်မှာလည်း ရေကြီးတာတွေ၊ မြေပြိုတာတွေ ထပ်ပြီး ကြုံရနိုင်တယ်လို့ တွက်ဆထားကြပြီး၊ ကယ်ဆယ်ရေး အဖွဲ့တွေက လူတွေ ခိုလှုံဖို့ နေရာထိုင်ခင်းတွေ ကြိုပြင်ဆင် ထားကြပါတယ်။








