တပ်ထောက်ခံပွဲတွေက အသံတိတ်သပိတ်ကို တန်ပြန်တာလား

မိထ္ထီလာမြို့က တပ် ထောက်ခံပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မိထ္ထီလာမြို့က တပ် ထောက်ခံပွဲ
ရေးသားခဲ့သည်။

ရန်ကုန် စစ်တွေ မြစ်ကြီးနား မန္တလေးနဲ့ မိတ္ထီလာ တို့မှာ တပ်ထောက်ခံပွဲတွေ ဒီကနေ့ ပြုလုပ်ခဲ့ကြချိန်မှာပဲ စစ်ကောင်စီဟာ အသံတိတ် သပိတ်နဲ့ပတ်သက်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

မိတ္ထီလာမြို့ ဇန်နဝါရီလ ၃၁ ရက် တပ်ထောက်ခံပွဲကို ဓာတ်ပုံမှာ တွေ့ရတာကတော့ တပ်ရင်းတစ်ခုရှေ့မှာ ပြုလုပ်နေတာဖြစ်ပြီးတော့ ဘေးမှာ စစ်ယူနီဖောင်းဝတ်ထားသူအချို့ကို တွေ့ရပါတယ်။

ဒီကနေ့မှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့က ဖုန်းဆိုင်တစ်ဆိုင်ကို အသံတိတ် သပိတ်ပြုလုပ်ဖို့ ရေးသားမှုကြောင့် အဖမ်းခံခဲ့ရတယ်လို့ ကလေးမြို့ခံတစ်ဦးကပြောပါတယ်။

ကလေးမြို့ လမ်းဆုံအနီးက စင်္ကြာလမ်းနဲ့ နတ်ချောင်းလမ်းထိပ် အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ အဲ့ဒီဖုန်းဆိုင်ကို ချိပ်ပိတ်ထားပြီးတော့ လူကိုလည်း ဖမ်းသွားတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ငန်းရှင်တွေ လူပုဂ္ဂိုလ်တွေကို မနက်ဖြန်မှာ ပြုလုပ်ဖို့ရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ် နဲ့ပတ်သက်ပြီး ပါဝင်ကြရန်ရေးသားမှုတို့ကြောင့် ဖမ်းဆီးခံနေရပါတယ်။

အသံတိတ် သပိတ်ပြုလုပ်ဖို့ ရေးသားမှုကြောင့် အဖမ်းခံခဲ့ရတဲ့ ဆိုင်တစ်ဆိုင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အသံတိတ် သပိတ်ပြုလုပ်ဖို့ ရေးသားမှုကြောင့် အဖမ်းခံခဲ့ရတဲ့ ဆိုင်တစ်ဆိုင်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံအနှံ့မှာ အသံတိတ်သပိတ်တွေ ဆင်နွှဲကြဖို့ လူမှုကွန်ရက်မှာ ရေးသားနေကြပြီးတော့ အဲ့ဒီလိုရေးသားသူတွေကို စစ်ကောင်စီက အရေးယူနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲတဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း နိုင်ငံတစ်ဝန်း အစိုးရယန္တရား ပျက်ပြားအောင် လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားသူ လူ ၁၅ ဦးနဲ့ တာချီလိတ်နယူးအေဂျင်စီ သတင်းဌာနက တာဝန်ရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းအရေးယူထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန် မန္တလေးနဲ့ မြို့ကြီး မုံရွာ စတဲ့မြို့ကြီးတွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်တွေဖွင့်ကြဖို့နဲ့ ဆိုင်တွေပိတ်ရင် အရေးယူမယ်လို့ စစ်ကောင်စီက အသိပေးတာတွေ အကြောင်းကြားစာပို့တာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က တစ်ကြိမ် ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တစ်ကြိမ် ၊အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပြီးတော့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမယ်ဆိုရင် သုံးကြိမ်မြောက် ဖြစ်လာဖို့ရှိပါတယ်။

၀၂၁ ခုနှစ် မတ်လအတွင်းက ပြုလုပ်တဲ့ နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၀၂၁ ခုနှစ် မတ်လအတွင်းက ပြုလုပ်တဲ့ နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ်

တပ်ထောက်ခံပွဲတွေကို ဒီကနေ့ ရန်ကုန် အပါအဝင် ရခိုင်ပြည်နယ် စစ်တွေ၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မန္တလေး၊ မော်လမြိုင် ၊ချင်းပြည်နယ် ပလက်၀ စတဲ့မြို့တို့မှာ တပ်ထောက်ခံပွဲတွေ စပြီး ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ရန်ကုန်မြို့က တပ်ထောက်ခံပွဲမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်အနီးကနေ ပြည်လမ်းတစ်လျှောက် လမ်းလျှောက်ပြီးလှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသမီးအချို့ကလည်း ကားလမ်းပေါ်မှာရပ်ပြီး ဟောပြောတာလည်းတွေ့ရပါတယ်၊ သူတို့ဟောပြောကြတာကတော့ ဘယ်အစိုးရမှာမှ မလုပ်နိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာငွေနဲ့ တိုက်ရိုက်ကုန်သွယ်နိုင်အောင် နစက ကလုပ်ခဲ့တယ်လို့ ဟောပြောတာတွေအပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ) လို့ ကြွေးကြော်တာလည်း တွေ့ရပါတယ်။

ဒီ တပ်ထောက်ခံပွဲတွေကို ရန်ကုန်မြို့အပါအဝင် နယ်တွေမှာ ပြုလုပ်တာဟာ စစ်ကောင်စီက အကာအကွယ်မပေးဘဲ လုံခြုံရေးမယူဘဲလုပ်လို့ မရကြောင်း ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာတော့ စစ်တပ်သားသမီးများနဲ့ စစ်တပ်ထဲက လူတွေ စုပေါင်းပြီး စစ်တပ်ထောက်ခံပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့မနက်ပိုင်း ကပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ရန်ကုန်မြို့ ပြည်လမ်းနဲ့ အင်းယားလမ်းထောင့်က တပ်ထောက်ခံပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ပြည်လမ်းနဲ့ အင်းယားလမ်းထောင့်က တပ်ထောက်ခံပွဲ

ရန်ကုန်မြို့မှာ စစ်ကောင်စီထောက်ခံတဲ့ မဘသ အဖွဲ့တွေကလည်း မြို့လယ်မှာ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်ထောက်ခံပွဲ ကျင်းပဖို့ရှိနေတယ်လို့ သိရပါတယ်။

မနက်ဖြန် အသံတိတ်သပိတ်ကိုတော့ စစ်ကောင်စီဘက်က ဖိနှိပ်ခြိမ်းခြောက်ပြီး တားဆီးတာ၊ဖမ်းဆီးတာတွေလုပ်နေလို့ ရန်ကုန်မြို့ လသာမြို့နယ် တရုတ်တန်းက ဆိုင်အချို့လည်း တရုတ် နှစ်ကူးကာလ ဆိုင်မပိတ်ရဲဘဲ ဖွင့်ရဖို့ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်းတစ်နှစ်ပြည့်မယ့်ကာလမှာတော့ တပ်ထောက်ခံပွဲတွေကိုတော့ နိုင်ငံတစ်ဝန်း လုပ်ခွင့်ပြုထားပါတယ်။

ဒီ တပ်ထောက်ခံပွဲတွေဟာ အသံတိတ်သပိတ်ကို တန်ပြန်တာလို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။