တရုတ်နှစ်ကူးမှာ ဆိုင်တွေအတင်းဖွင့်ခိုင်းလို့ အခက်တွေ့

မန္တလေး ၂၀၂၀ တရုတ် နှစ်သစ်ကူး ပွဲ တော် အကြို ပြင်ဆင်မှု
ဓာတ်ပုံ ပုံစာ, မန္တလေး ၂၀၂၀ တရုတ် နှစ်သစ်ကူး ပွဲတော် အကြို ပြင်ဆင်မှု
ရေးသားခဲ့သည်။

အထက်မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ ကုန်စည်ဒိုင်တွေ ဈေးဆိုင်တွေကို ဖေဖော်ဝါရီ ၁ရက်မှာ ဖွင့်ဖို့ စည်ပင်ကော်မတီက ကြော်ငြာစာရွက်တွေ လိုက်ဝေတာ၊ ညွှန်ကြားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီညွှန်ကြားချက်ကြောင့် တရုတ်နှစ်သစ်ကူးချိန်ဖြစ်နေလို့ ဆိုင်ပိတ်မယ့် ကုန်သည်တွေနဲ့ ဈေးဆိုင်တွေအတွက် အခက်တွေ့ အကျပ်ရိုက်စေတယ်လို့ ပြောကြပါတယ်။

အလားတူ ရန်ကုန်မှာလည်း ဒီလိုအခြေအနေကို ကြုံနေကြရတယ်လို့ ဆိုပါတယ်။

ရန်ကုန်က လသာ ၊ ၁၉ လမ်း၊ ၁၈ လမ်း၊ ညောင်ပင်လေးစျေးတစ်ဝိုက်က တရုတ်ဆိုင်တွေဟာလည်း နှစ်ကူးကာလမှာ ဆိုင်တွေအများစု ပိတ်လေ့ရှိပြီးတော့ အခုလို ဆိုင်တွေဖွင့်ဖို့ စစ်ကောင်စီက ညွှန်ကြားတာကြောင့် သူတို့လည်း အခက်တွေ့နေကြတယ်လို့ ပြောပါတယ်။

လာမယ့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ဆိုရင် တရုတ်နှစ်သစ်ကူးပွဲတော် ကျရောက်တော့မှာ ဖြစ်ပြီးတော့ ၊ တရုတ်နှစ်ကူးပွဲကို မြန်ပြည်ဖွား တရုတ်လူမျိုးတွေကလည်း ဆိုင်တွေပိတ်ပြီး မိသားစုတွေနဲ့ မိတ်ဆွေတွေနဲ့ ဆင်နွှဲကြလေ့ရှိပါတယ်။

no tag

မန္တလေးမြို့မှာ လူသုံးကုန်နဲ့ အိမ်သုံးထုတ်ကုန်တွေ အဓိကထား အရောင်းဝယ်လေ့ရှိတဲ့ လက်ကားဈေးတွေ၊ ရပ်ကွက်တချို့ရဲ့ စည်ပင်ဈေးတွေက အရောင်းဆိုင်တွေကို ဖေဖော်ဝါရီ ၁ရက်မှာ မဖြစ်မနေ ဖွင့်ရမယ်လို့ မန္တလေးစည်ပင်ကော်မတီက ဆိုင်ရှင်အများစုကို လက်မှတ်ထိုးခိုင်းတာ၊ ညွှန်ကြားတာတွေလုပ်နေတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

အခုအချိန်ဟာ တရုတ်နှစ်သစ်ကူးကာလဖြစ်လို့ တရုတ်အနွယ်ဝင် ကုန်သည်တွေအပါအဝင် ကုန်သည်အများစုက ရက်ရှည် အားလပ်ရက် ယူတာတွေ ရှိပါတယ်။

ဒါ့ကြောင့် ဒီညွှန်ကြားချက်ဟာ အခက်အခဲရှိတယ်လို့ ပြောဆိုနေကြပါတယ်။

မန္တလေးမြို့လူဦးရေရဲ့ ၃၀ ရာခိုင်နူန်းကျော်ခန့်ဟာ တရုတ်လူမျိုးတွေ နေထိုင်တာ ဈေးဆိုင်ဖွင့်တာတွေရှိလို့ အဲ့ဒီကာလမှာတော့ ပိတ်တဲ့ဆိုင်တွေရှိနိုင်တယ်လို့ ဈေးချိုတော်မှာ အရောင်းဆိုင်ဖွင့်တဲ့ တရုတ်မျိုးနွယ်စပ် ဆိုင်ရှင်တစ်ဦးကပြောပါတယ်၊

ဒါ့အပြင် တရုတ်လူမျိုးတွေ နေ့စဉ် အရောင်းအဝယ်ပြုလုပ်လေ့ရှိတဲ့ ပဲ နှမ်း ကုန်စည်ဒိုင်၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းတွေကတော့ ဖွင့်ဖို့ရှိပေမယ့် လူတွေလာမလာကတော့ မသေချာဘူးလို့ ပြောပါတယ်၊

လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့ဟာ အာဏာသိမ်းပြီး တစ်နှစ်ပြည့် အာဏာသိမ်းဆန့်ကျင်ရေး တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လူမှုကွန်ရက်မှာ ဖော်ပြကြ ပြီးနောက် လက်ရှိမှာ ပါဝင်ဖို့ဆော်ဩသူတွေကိုပါ စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့ အရေးယူတာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လအတွင်းက ပြုလုပ်တဲ့ နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ်

ဓာတ်ပုံ ရင်းမြစ်, SOPA Images/ Getty

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပြုလုပ်တဲ့ နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ်

မန္တလေးစည်ပင်ကော်မတီရဲ့ ကြေညာချက်မှာတော့ နိုင်ငံတော်တည်ငြိမ်ရေးကို မလိုလားတဲ့ အဖွဲ့စည်းတွေဟာ အုပ်ချုပ်ရေးယန္တရား ပြိုကွဲပျက်စီးဖို့ ရည်ရွယ်ချက်နဲ့ နှောက်ယှက်နေလို့ ဈေးဆိုင်လုပ်ငန်းတွေ ပိတ်ထားတာဟာ တည်ဆဲဥပဒေအရ ချိုးဖောက်ရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖော်ပြပါ တည်ဆဲဥပဒေကို ချိုးဖောက်ရင် စည်ပင်ဥပဒေ ပုဒ်မနှစ်ခုနဲ့ အရေးယူမယ်လို့ ပါရှိပါတယ်။

ရန်ကုန်မြို့က တရုတ်အနွယ်ဝင်တွေအများစုရှိတဲ့ လသာ၊ တရုတ်တန်းတစ်လျှောက်နဲ့ ဈေးတွေကိုလည်း အလားတူ ဖွင့်ခိုင်းတာတွေလုပ်လို့ ရန်ကုန်မြို့ကတရုတ်လူမျိုး အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေရှိနေကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်တွေပိတ်တာမလုပ်ဖို့ နဲ့ ဒီလှုံ့ဆော်မှုတွေကိုလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂ ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ က ၊ ပုဒ်မ ၅၀၅ က ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ ၃၃ က တို့အပြင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူခံရမယ့် အပြင် ဆိုင်ကိုလည်း နိုင်ငံပိုင်အဖြစ်သိမ်းယူမယ်လို့ အကြောင်းကြားစာပို့ထားကြောင်း ရန်ကုန်မြို့ခံလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။