ရခိုင်ဝန်ကြီးချုပ်ဟောင်းနဲ့စည်ပင်ဝန်ကြီးဟောင်းတို့ ရွေးကောက်ပွဲအမှု ထပ်တိုးရင်ဆိုင်ရ

ရခိုင်ဝန်ကြီးချုပ်ဟောင်းနဲ့စည်ပင်ဝန်ကြီးဟောင်းတို့ ရွေးကောက်ပွဲအမှု ထပ်တိုးရင်ဆိုင်ရ

ဓာတ်ပုံ ရင်းမြစ်, CJ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ နှစ်ဦးကို ရွေးကောက်ပွဲကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၂၂ ရက်နေ့က ထပ်မံတရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။

သူတို့နှစ်ဦးကို ပုဒ်မ ၁၃၀(က) နဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်ဆိုတာ မှန်ကန်ကြောင်း သူတို့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့သဇင်တရားရေးအဖွဲ့က အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီပုဒ်မနဲ့ စတင်တရားစွဲဆိုလိုက်တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ဦးညီပုနဲ့ ဦးမင်းအောင်တို့နှစ်ဦးကို အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ထပ်မံစွဲဆိုလိုက်တဲ့ ပုဒ်မကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး အခုလိုတရားစွဲဆို ထားတာဖြစ်တယ်လို့ သိရပါတယ်။

"ပြီးခဲ့တဲ့ရုံးချိန်းမှာ ဖေဖေတို့ကို နောက်ထပ်ပုဒ်မတစ်ခုနဲ့ ထပ်ပြီးတော့စွဲတယ်လို့သိရတယ်ပေါ့နော်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စွဲတာလို့တော့ ရှေ့နေပြောပြလို့သိရပါတယ် " လို့ ဦးညီပုရဲ့သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။

လက်ရှိမှာ ဦးညီပုကို ပုဒ်မ ၅၀၅(ခ) အတွက် စစ်တွေမြို့နယ်တရားရုံးက အောက်တိုဘာ ၈ ရက်နေ့မှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပြီး ဦးညီပုဟာ တခြားဝန်ကြီး ၄ ဦးတို့နဲ့အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အတွက် စစ်တွေအကျဉ်းထောင်ကနေ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

စည်ပင်၀န်ကြီးဟောင်း ဦးမင်းအောင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စည်ပင်၀န်ကြီးဟောင်း ဦးမင်းအောင်

ဦးမင်းအောင်ဟာလည်း ပုဒ်မ ၅၀၅(ခ)နဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ အဂတိပုဒ်မကို စစ်တွေအကျဉ်းထောင်ကနေ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေဟာ စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ အခုလိုဖမ်းဆီးတရားစွဲဆိုခံနေကြရသလို တချို့ဟာဆိုရင် ပြစ်ဒဏ်တွေချမှတ်ခံနေကြရတဲ့အချိန် အမှုတွေထပ်မံစွဲဆိုခံနေကြရတာလည်းဖြစ်ပါတယ်။

အခုလိုမျိုး တစ်မှုပြီးတစ်မှု တရားစွဲဆိုခံနေရတဲ့အပေါ်မှာ မတရားမှုလို့ထင်မြင်ကြောင်း ဦးညီပုရဲ့သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။

စွဲဆိုခံထားရတဲ့ ပုဒ်မ ၁၃၀(က) အမှုနဲ့ပတ်သက်လို့ ရှေ့နေတွေဘက်က လာမယ့်ဇန်နဝါရီ ၅ ရက်နေ့မှာ ကိုယ်စားလှယ်လွှဲစာတင်သွင်းသွားဖို့ရှိနေတယ်လို့သိရပါတယ်။

ဖမ်းဆီးခံနေရတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ၅ ဦး အနက် ဦးညီပုနဲ့ ဦးမင်းအောင်တို့နှစ်ဦးကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထပ်မံတရားစွဲဆိုလိုက်တာဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း ကော်မရှင်အပေါ် မဲမသမာမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာအမှုရင်ဆိုင်နေရတဲ့ အဂတိပုဒ်မ ၅၅ နဲ့ပတ်သက်လို့ စစ်တွေအကျည်းထောင်အတွင်း အထူးတရားရုံးမှာ ဝန်ကြီးဟောင်း ၅ ဦးကို စစ်ဆေးမှုတွေပြုလုပ်နေပြီး ဒီဇင်ဘာ ၁ ရက်နေ့က ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ စွဲချက်တင်လိုက်ပြီလည်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ တရားလိုဘက်က သက်သေတချို့ကိုတော့ ပြန်ခေါ်သက်သေတွေအဖြစ်နဲ့ ပြန်လည်စစ်ဆေးမှု တွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ပုဒ်မ ၅၀၅(ခ) အမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က စစ်တွေခရိုင်တရားရုံးသို့ အယူခံ၀င်ခဲ့ရာမှာတော့ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ပယ်ချခံခဲ့ရတာကြောင့် ရခိုင်ပြည်နယ်တရားလွှတ်တော်ဆီ အယူခံဆက်တင်ထားတယ်လို့ သိရပါတယ်။