တန့်ဆည်နယ်ရောက် စစ်ကောင်စီ စစ်ကြောင်းတွေ အိမ်ဖျက်၊ မီးရှို့ ၊ လူသတ်ခဲ့တယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းတွေနဲ့ လှုပ်ရှားနေတဲ့ တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျရွာနဲ့ စင်းသင်းရွာတွေဘက်မှာ အနည်းဆုံး သတ်ဖြတ်ခံရသူ ၄ ယောက်ရှိပြီး အိမ်ခြေရာကျော်ဖျက်ဆီးခံရတာ၊ မီးရှို့ခံရတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒီဒေသက အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုရက်တွေအတွင်း စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိပါဘူး။
၂ လ လောက်ရွာထဲမှာ တပ်စွဲထိုင်နေတဲ့ အင်အားရာကျော်ပါ စစ်ကောင်စီ စစ်ကြောင်း တကြောင်း ကပေါင်းကျရွာကနေ ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထွက်ခွာသွားတဲ့အခါ ကျန်ခဲ့တာတွေက ဖျက်ဆီးခံထားရတဲ့အိမ်တွေ၊ မီးရှို့ခံထားရတဲ့ အိမ်တွေနဲ့ မီးရှို့ခံထားရတဲ့ လူသေအလောင်း တလောင်းပါ။
"ဖျက်ခံရတဲ့ အိမ်၊ မီးရှို့ခံထားရတဲ့ အိမ်တွေပေါင်းရင် အိမ်ခြေ ၁၃၀ ကျော်ရှိတယ်၊ မီးရှို့ခံရတဲ့ အိမ်က ၅၆ လုံး၊ ဖျက်ဆီးခံထားရတဲ့ အိမ်က အလုံး ၇၀ ကျော်ရှိတယ်"လို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။
ဒေသတွင်းကသတင်းတွေကို တင်ပြတဲ့ ဖေ့ဘွတ်စာမျက်နှာ တခုမှာလည်း အဲဒီဖျက်ခံထိလို့၊ မီးရှို့ခံထိလို့ ပျက်စီးနေတဲ့အိမ်တွေကို တွေ့ရပါတယ်။
ဒေသခံတွေ ဘီဘီစီကို ပို့လာတဲ့ ဓာတ်ပုံတပုံထဲမှာ မီးရှို့ထားပြီး လူအရိုးစုတချို့သာကျန်တဲ့ ပြာပုံတခုကို တွေ့ရပါတယ်။ ဒေသခံတွေကတော့ မေးရိုးထက်ပိုင်းကျိုးနေတာကို တွေ့ရတဲ့အတွက် မသေခင် အဲဒီလူဟာ နှိပ်စက်ခံခဲ့ရတယ်လို့ မှတ်ယူထားကြပါတယ်။
ရွာထဲမှာ ကျန်နေခဲ့တဲ့ ရွာသားတွေပိုင် ၀က်အကောင် ၃၀ ကျော်နဲ့ (အနည်းဆုံး) နွား ၃ ကောင်တို့လည်း ပျောက်ဆုံးနေပြီး စစ်ကောင်စီတပ်တွေက ခိုးယူ သတ်စားသွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ကပေါင်းကျကျေးရွာဟာ အိမ်ခြေ ၈၀၀ နီးပါးရှိတဲ့ ရွာကြီးဖြစ်ပြီး တရွာလုံးနီးပါးစစ်ဘေးရှောင်နေရကာ ရွာသူရွာသားတွေ အိမ်နဲ့ ဝေးရာမှာ နေနေကြရတာ လနဲ့ ချီရှိနေပါပြီ။

အဲဒီ ကာပေါင်းကျရွာက ထွက်လာတဲ့ စစ်ကြောင်းကို ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့က စီတုံးလုံးချောင်း၊ မယ်တော်ကြီး နတ်နန်းတောင်ဘက်လောက်မှာ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (Taze People Comrades - TPC)က တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့၀င် ၆ ယောက်သေဆုံးသွားတယ်လို့ သူတို့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာရေးသလို၊ အဲဒီ ပေကုန်းရွာနားကတိုက်ခိုက်မှုမှာ "စစ်ကောင်စီတပ်တွေဘက်က သေဆုံးတာ တွေ၊ ထိခိုက်တာတွေ ရှိတယ်"လို့ ဒေသခံက ပြောပါတယ်။
ဒီကနေ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း စစ်ကောင်စီဘက်က ထုတ်ဖော်ပြောတာ မရှိသေးပါဘူး။
စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဒေသခံတွေ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းလာကြတဲ့ ဒေသတွေက မြို့၊ ရွာတွေမှာ လုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင်တယ်လို့ စစ်ကောင်စီဘက်က ပြောလေ့ရှိပါတယ်။
အဲဒီတန့်ဆည်နယ်ထဲမှာပဲ စင်းသင်းရွာ မြောက်ဘက်၊ စိုင်ဂေါင်းချောင်းမှာ ရွှေကျင်တဲ့လုပ်ငန်းလုပ်နေတဲ့ ရွာသား ၃ ယောက် အသတ်ခံထားရပြီး မြေမြှုပ်ထားတာကို တခြားရွာသားတွေ ဒီနေ့ပဲ ပြန်ဖော် တွေ့ရှိခဲ့ ပါတယ်။
"တယောက်က ခေါင်းကို သေနတ်နဲ့ တေ့ပစ်ခံရတာ၊ တယောက်က ရင်ဘတ်ကို ပစ်ထားတာ၊ တယောက်က နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့"လို့ ဒေသခံက ပြောပါတယ်။
ဘီဘီစီကရတဲ့ ဓာတ်ပုံတပုံထဲမှာလည်း ရင်ပတ်မှာ အညိုအမဲစွဲတဲ့ဒဏ်ရာ၊ လက်မှာ ထိခိုက်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူငယ် တယောက်ရဲ့ပုံကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အဲဒီနေရာကို လွန်ခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းသွားတယ်ဆိုတာကို ဒေသခံတွေက သိထားရပြီး၊ ဖော်လို့ရတဲ့ အလောင်းတွေကလည်း ရက်ပိုင်းအတွင်း အသတ်ခံထားရတယ်ဆိုတာ သိသာနေတာမို့ ဒါဟာ ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်ချက်ပဲလို့ ဒေသခံတွေက မှတ်ချက်ချ ထားပါတယ်။
ဒီရွာသားတွေဟာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်က မဟုတ်ဘူး၊ တိုက်ပွဲဖြစ်ရင်း အပစ်ခံရတာမဟုတ်ဘူး၊ သူတို့အခေါ် ရွှေမျောတိုက်မှာ သွားရောက်နေထိုင် အလုပ်လုပ်နေတဲ့ (ရွှေကျင် နေတဲ့) ရွာသားတွေလို့ ဒေသခံတွေက ပြောကြပါတယ်။
တန့်ဆည်နယ်ထဲမှာ စစ်ကြောင်းနဲ့ လှည့်နေတဲ့ စစ်ကောင်စီတပ်တွေ အင်အားရာနဲ့ ချီရှိနေပြီး သူတို့ကို ပြန်တိုက်ခိုက် နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အင်အား ရာနဲ့ချီရှိနေသလို မိုင်းဆွဲတိုက်ခိုက်ကြတယ်၊ တိုက်ပွဲ ဖြစ်တယ် ဆိုတဲ့ သတင်းတွေကိုလည်း မကြာခဏကြားရလေ့ရှိပါတယ်။
စစ်အာဏာသိမ်းတဲ့ ဖေဖော်၀ါရီလ ၁ ရက်နေ့ကတည်းက တန့်ဆည်နယ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အများစုက နုတ်ထွက်ထားတာမို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးက မစိုးမိုးနိုင်သေးတဲ့ အနေအထားမှာ ရှိနေ ပါတယ်။
အချိန်အခါလိုက် စစ်ဘေးရှောင်ရတဲ့၊ လနဲ့ချီကြာအောင် အမြဲတမ်းစစ်ဘေးရှောင်နေရတဲ့ ရွာသူရွာသား အိမ်ထောင်စု စုစုပေါင်း ၅၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media








