ရခိုင်မှာ ကိုဗစ်-၁၉ ကြောင့် နောက်တစ်ဦးထပ်မံသေဆုံး၊ မြို့နယ် ၁၀ ခုထိ ကူးစက်မှုတွေတွေ့ရှိလာ

မောင်တောမှာ ကိုဗစ်ကြောင့်နောက်တစ်ဦးထပ်မံသေဆုံး
ဓာတ်ပုံ ပုံစာ, မောင်တောမှာ ကိုဗစ်ကြောင့်နောက်တစ်ဦးထပ်မံသေဆုံး
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံထားရတဲ့ အမျိုးသားတစ်ဦး မနေ့ကမနက်ပိုင်း ၁၁ နာရီလောက်က မောင်တောဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၆၀ အရွယ် မွတ်ဆလင် လူမျိုးတစ်ဦးဖြစ်ပြီး ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းက အသက်ရှူကျပ်တဲ့အတွက် မောင်တောဆေးရုံကို ရောက်လာ ပြီးတဲ့နောက် သေဆုံးသွား ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

ကိုဗစ် တတိယလှိုင်းအတွင်း မောင်တောမြို့နယ်မှာ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူ အရေအတွက်ဟာ ရက်ပိုင်းအတွင်းမြင့်တက်လာနေပြီး ကူးစက်ခံရသူပေါင်း ၁၇၆ ဦးအထိရှိ နေပြီဖြစ်ပါတယ်။

"အဲဒီလူနာက သွေးတိုးရှိတယ်။ ဆီးချိုရှိတယ်။ မနေ့ကမနက် ၄ နာရီလောက်မှာ အသက်ရှူကျပ်တဲ့အတွက် ဆေးရုံကိုလာတယ်။ ဓါတ်မှန်ရိုက်ကြည့်တော့ ကိုဗစ်လက္ခဏာနဲ့တူတဲ့အတွက် သံသယလူနာဆောင် ကိုပို့တယ်။ ၁၁ နာရီလောက်မှာဆုံးသွားတယ်။ သေဆုံးပြီးမှ တို့ဖတ်တွေကိုစစ်ဆေးကြည့်တော့ Positive ထွက်တယ်။"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့မနက်ပိုင်းကလည်း ဆီးချိုရောဂါအခံရှိတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး ကိုဗစ် ရောဂါကူးစက်ခံရပြီး စစ်တွေဆေးရုံကြီးမှာ သေဆုံးသွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ကြောင့် သေဆုံးသူ နှစ်ဦးရှိလာနေပြီလည်းဖြစ်ပါတယ်။

မောင်တောမြို့နယ်ဟာ ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားချိန် ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်ဆေးတွေ့ရှိမှု အများဆုံးမြို့နယ်တစ်ခုဖြစ်လာတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

မြို့နယ် ၁၀ ခုထိ ကူးစက်မှုတွေတွေ့ရှိလာ
ဓာတ်ပုံ ပုံစာ, မြို့နယ် ၁၀ ခုထိ ကူးစက်မှုတွေတွေ့ရှိလာ

မောင်တောမှာ စစ်ဆေးတွေ့ရှိထားသူအများစုကတော့ ဇွန်လ နောက်ဆုံးအပါတ်အတွင်း မောင်တောမြို့ ကိုရောက်ရှိလာခဲ့တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ လဝက ဌာနတို့က ဝန်ထမ်းတွေဖြစ်ကြပြီး ဒေသတွင်း ကူးစက်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုအနေနဲ့ ဇူလိုင် ၃ရက်နေ့အထိ မြို့နယ် ဆယ်မြို့နယ်ကူးစက်ခံရသူပေါင်း ထိရှိလာပြီဖြစ်ပြီး အတည်ပြုလူနာ ၄၀၅ ဦးအထိရှိနေပြီဖြစ်တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် တတိယလှိုင်းအတွင်း ကူးစက်ဖြစ်ပွားနေတဲ့ မြို့နယ်တွေကတော့ ဘူးသီး တောင်၊ ဂွ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြေပုံ၊ စစ်တွေ၊ တောင်ကုတ်နဲ့ သံတွဲ မြို့နယ် တို့ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါကူးစက်ခံနေရကြောင်းတွေ့ရှိထားတဲ့မြို့နယ် ဆယ်မြို့နယ်အနက် စစ်တွေ၊ ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေမှာ ဒေသခံတွေအပြင် ပြည်နယ်ပြင်ပက ဝင်ရောက် လာသူတွေမှာ ကူးစက်ခံရတာရှိနေပေမယ့် ကျန်မြို့နယ်တွေမှာတော့ ဒေသတွင်းကူးစက်ခံရမှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အခုလို မြို့နယ်အများစုမှာ ကိုဗစ် ပိုးကူးစက်ခံရမှုတွေကိုတွေ့ရှိလာနေရတဲ့အတွက် ရောဂါပိုးကူးစက်မှု တားဆီးကာကွယ်ရေးအတွက် ဘယ်လိုဆက်လက်တောင်ရွက်မလဲဆိုတာနဲ့ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

" အခုဆိုလို့ရှိရင်တော့ ကိုဗစ်ပိုးတွေ့တာက မြို့နယ် ၁၇ မြို့နယ်မှာ ၁၀ မြို့အထိရှိနေတယ်ဆိုတာကို ကျွန်တော်တို့သိရတယ်။ ဒီအပေါ်မှာလည်း သုံးသပ်မှုတွေရှိနေပါတယ်။ ဒီရက်ပိုင်းမှာ ကိုဗစ်တားဆီးတုန့်ပြန်ရေးကော်မတီ အစည်းအဝေးလည်း ခေါ်ဖို့ရှိတယ်လို့တော့ သိပါတယ်ခင်ဗျား။ အဲဒီအခါကျရင်တော့ Stay at home အတွက်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသွားမှာဖြစ်ပါတယ်။"လို့ ဦးလှသိန်းက ပြောပါတယ်။

လတ်တလောမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံနေရသူတွေထဲ ပညာရေးဝန်ထမ်းတွေနဲ့ကလေးငယ်တွေ၊ ကျောင်းသူကျောင်းသားလေးတွေလည်းပါဝင်နေတာကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျောင်းတချို့ကို လည်း ယာယီပိတ်ထားရတာတွေရှိနေပါတယ်။

သံတွဲမြို့နယ်အတွင်းက ငပလီမြို့ မြပြင်ရပ်ကွက်မှာနေထိုင်တဲ့ ဆရာမတစ်ဦးကိုဗစ်ပိုးကူးစက် ခံထားရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့နောက်ပိုင်းမှာ ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဆက်စပ်သူတွေမှာ လည်း ပိုးတွေ့ရှိခဲ့တာကြောင့် အဲ့ဒီဆရာမ တာဝန်ကျနေတဲ့ ဂျိတ်တောရပ်ကွက်က ကျွဲသောက်ကုန်း စာသင်ကျောင်း ကို ဇွန်လအတွင်းမှာပဲ ယာယီပိတ်ထားခဲ့တာဖြစ်ပါ တယ်။

အဲဒီနောက် ကူးစက်မှုမြင့်တက်လာခဲ့တဲ့ မောင်တောမြို့နယ်အတွင်းမှာလည်း ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကိုပါ ကူးစက်ခံရမှုတွေရှိနေတဲ့အတွက် ကျောင်းတချို့ကို ပိတ်ထားရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကိုဗစ်တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးဌာနရဲ့လမ်းညွှန်ချက်တွေအတိုင်း မြို့နယ်တိုင်းမှာဆောင်ရွက်နေသလို ပိုမိုပြန့်ပွားမှုမဖြစ်စေဖို့အတွက်လည်း သံသယ ရှိသူတွေကို အချိန်မီစစ်ဆေးပြီး ဆေးဝါးကုသမှုတွေလည်းလုပ်ပေးနေတာတွေရှိသလို ရထားတဲ့ ကာကွယ်ဆေးတွေကို ထိုးပေးတာတွေလည်းလုပ်နေတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

လက်ရှိအနေအထားထက် ကူးစက်မှုတွေမြင့်တက်လာခဲ့လို့ရှိရင်တော့ ရခိုင်ပြည်နယ်အတွင်း Stay at home အဖြစ် သတ်မှတ်တာတွေကို လုပ်လာနိုင်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်က သုံးသပ်ပြောဆိုပါတယ်။