ကမ္ဘာတစ်၀န်းက မြန်မာ့တော်လှန်ရေးညီအစ်မများ

ဓာတ်ပုံ ရင်းမြစ်, Sisters2sisters
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဆန္ဒပြလူငယ်တွေနဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေ နိုင်ငံတစ်၀န်း ပေါ်ပေါက်နေချိန်မှာပဲ အမျိုးသမီးတွေအချင်းချင်း စည်းလုံးညီညွတ်ကြဖို့ရည်ရွယ်ပြီး "sisters to sisters" "တော်လှန်ရေးညီအစ်မများမှ တော်လှန်ရေး ညီအစ်မများဆီသို့" ဆိုတဲ့ အဖွဲ့လေးတစ်ခု မြန်မာ့လူမှုအသိုင်းအဝိုင်းကြားမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတွေကို စစ်ကြောရေးစခန်းတွေမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက်ရုံသာမက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်ပိုင်း တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်း အမျိုးသမီးတွေရဲ့ ထိခိုက်ခံစားရမှုတွေကို ပြည်တွင်းမှာ သာမက နိုင်ငံတကာအသိုင်းအဝိုင်းကပါ နားလည်သိရှိစေဖို့ ဒီအဖွဲ့ကို ဧပြီလ ၂၈ နေ့မှာ လူငယ်အမျိုးသမီးတွေက ဦးဆောင်ဖွဲ့စည်းခဲ့တာပါ။
"စစ်ကောင်စီဘက်ကနေ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုလာတာတွေကို ဆန့်ကျင်တယ်။ ညီအစ်မတွေအချင်းချင်း ကာကွယ်ကြမယ်။ အာဏာရှင်ကို တွန်းလှန်ကြမယ်။ စစ်ကောင်စီကို မလုပ်ဖို့ အသနားခံ တောင်းပန်နေတာ မဟုတ်ဘဲ အချင်းချင်း ခိုင်မာရဲရင့်မှုကို ပြသချင်တာ" လို့ ဒီအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ လူငယ့်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
ဒီအဖွဲ့ကို မသဉ္ဇာရွှန်းလဲ့ရည် အပါအ၀င် လူငယ်အမျိုးသမီး ၃ ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့ပေမဲ့ အခုအချိန်မှာတော့ အမေရိကန်နဲ့ ဗြိတိန်လို နိုင်ငံကြီးတွေမှာလည်း တော်လှန်ရေးညီအစ်မများ အဖွဲ့၀င်တွေ ရှိနေပြီ ဖြစ်သလို ကမ္ဘာတစ်၀န်း နိုင်ငံတွေက အမျိုးသမီးအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sisters2sisters
"အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ နိုင်ငံအသီးသီးက အမျိုးသမီးခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီးတော့ ကမ္ဘာတစ်၀န်း အမျိုးသမီးတွေအချင်းချင်း သွေးစည်းညီညွတ်မှုကို ပြတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတယ်။ ဘီလာရုဇ်၊ ဆူဒန်၊ ကိုလံဘီယာ၊ ဗင်နီဇွဲလားက အမျိုးသမီးတွေ ပူးပေါင်းပါ၀င်လာတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အာဏာရှင်တော်လှန်ရေးအကြောင်း အတွေ့အကြုံတွေ မျှ၀ေကြတယ်" လို့ ဒီအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းသူတွေထဲမှာ ပါတဲ့ မဖြူပန်းနုခင်က ဖွင့်ဟပါတယ်။
ဒီအဖွဲ့ဖွဲ့စည်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အအောင်မြင်ဆုံး အွန်လိုင်း လှုပ်ရှားမှုတစ်ခုကတော့ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ကျရောက်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ရေး နိုင်ငံတကာနေ့မှာ နုတ်ခမ်းနီ အနီရောင်ဆိုးပြီး လက်သုံးချောင်းထောင်ကာ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့တဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို ပြည်တွင်းက အမျိုးသမီး၊ အမျိုးသားတွေ သာမက ဒေသတွင်း နိုင်ငံတွေက အမျိုးသမီးတွေ၊ ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးသမီး ထောင်သောင်းချီလည်း ပူးပေါင်း ပါ၀င်ခဲ့ကြပါတယ်။
"ဒီလှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း အမျိုးသမီးတွေ ပူးပေါင်းပါ၀င်မှုက အားရစရာကောင်းတယ်။ လူငယ်အမျိုးသမီးတွေ အများစု ပါ၀င်လာကြတယ်။ အမျိုးသားတွေပါ ပါ၀င်ပူးပေါင်းလာကြတယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ယဥ်ကျေးမှု တော်လှန်ရေးပါ လုပ်ရမယ်ဆိုတာ မြင်လာကြတယ်။ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာမျိုးကို သူတို့ကိုယ်တိုင် ၀င်ရောက်ဆန့်ကျင်လာကြတယ်" လို့ မသဉ္ဇာရွှန်းလဲ့ရည်က ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sisters2sisters
အကျဥ်းထောင်တွင်းက တော်လှန်ရေး ညီအစ်မများသို့ ပေးစာ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရင်း အကျဥ်းချခံထားရတဲ့ အမျိုးသမီးတွေဆီကို စိတ်ခွန်အားဖြစ်စေမယ့်စာ၊ သူတို့နဲ့အတူ တစ်သားတည်း ရပ်တည်ပါနေပါတယ်ဆိုတဲ့ အားပေးတဲ့ စာတွေကိုလည်း အကျဥ်းထောင်တွေဆီ ဒီအဖွဲ့က ပေးပို့နေပါတယ်။
"အကျဥ်းထောင်တွေထဲက အမျိုးသမီးတွေဟာ လက်ရှိပြင်ပမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ မသိတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရတယ်။ အရင်တုန်းက နိုင်ငံရေး အကျဥ်းသူတွေ ပြောပြချက်အရဆိုရင် ပြင်ပက စာတစ်စောင် ဖတ်လိုက်ရတာ သူတို့အတွက် စိတ်ခွန်အားဖြစ်စေတယ်။ ဒါကြောင့် အခုလို အချိန်မှာ အကျဥ်းထောင်တွေက အမျိုးသမီးတွေဆီ စာရေးတာဟာ ပိုပြီး ထိရောက်မယ်လို့ ယူဆပြီး ဒီလှုပ်ရှားမှုကို စတင်ခဲ့တာ" လို့ မသဉ္ဇာရွှန်းလဲ့ရည်က ဆိုပါတယ်။
ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး အကျဥ်းသူဟောင်းတွေ ရေးသားထားတဲ့ စာတွေနဲ့ စတင်ပြီး အခက်အခဲအမျိုးမျိုးကြားက ဒီစာတွေကို အကျဥ်းထောင်တွေထဲထိ ရောက်အောင် ပေးပို့ခဲ့ကြတာပါ။
ရန်ကုန်နဲ့ မန္တလေးလို လုံခြုံရေး အင်မတန်တင်းကျပ်တဲ့ အကျဥ်းထောင်တွေထဲထိ စာတွေ ပေးပို့နိုင်ခြင်း မရှိသေးပေမဲ့ တခြား နယ်တွေမှာရှိတဲ့ ထောင်တွေကိုတော့ စာအစောင်ရေ သုံးဆယ်ထက် မနည်း ပေးပို့နိုင်ခဲ့တယ်လို့လည်း အဖွဲ့၀င်တွေက ပြောကြပါတယ်။
"အမျိုးသမီးအဖွဲ့အစည်းတွေ၊ အမျိုးသမီး အချင်းချင်း ချိတ်ဆက်ပြီးဆောင်ရွက်တာ၊ အကျဥ်းကျနေသူတွေရဲ့ မိသားစု၀င်တွေကနေ တစ်ဆင့် စာတွေကို ပေးပို့နေတယ်။ လုံခြုံရေးတင်းကျပ်မှုတွေကြောင့် သူတို့ဘက်က ဘာပြန်ပြောချင်လဲဆိုတဲ့ တုံ့ပြန်စာတွေ မရသေးပေမယ့် စာတွေ ဖတ်ရတယ်၊ ၀မ်းသာကျေးဇူးတင်တယ်ဆိုတဲ့ အကြောင်းတွေတော့ ပြန်ကြားရတယ်" လို့ မသဉ္ဇာရွှန်းလဲ့ရည်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sisters2sisters
လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ထောင်တွေမှာ လော့ခ်ဒေါင်းချ ကန့်သတ်ပိတ်ဆို့တာ၊ ထောင်၀င်စာတွေ ပေးမတွေ့တာအပြင် သွားရေးလာရေး ခက်ခဲမှုတွေကြောင့် စာပေးပို့မှု နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေပေမယ့် တော်လှန်ရေး ညီအစ်မတွေကို အားပေးထားတဲ့ စာတွေကို ဘယ်သူမဆို အလွယ်တကူ ရယူပြီး ပေးပို့နိုင်ဖို့အတွက် အွန်လိုင်းပေါ်မှာ ဒေါင်းလုပ်ရယူနိုင်အောင် စီစဥ်ပေးထားတယ်လို့လည်း ပြောပါတယ်။
တစ်ဖက်မှာလည်း အကျဥ်းကျနေတဲ့ ညီအစ်မတွေဆီကို ဒီထပ်ပိုပြီး စာတွေ ပေးပို့နိုင်ဖို့အတွက် အမေရိကန်နဲ့ ဗြိတိန်မှာ ကမ်ပိန်းတွေလုပ်ပြီး စာတွေလိုက်လံ ကောက်ခံနေတာ၊ အွန်လိုင်းကနေတစ်ဆင့် စာတွေရေးသားကြဖို့ တိုက်တွန်းနှိုးဆော်နေကြတာတွေကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေသာမက တခြားနိုင်ငံတွေက မြန်မာ့အရေး စိတ်၀င်စားတဲ့ အမျိုးသမီးတွေကလည်း ဒီလှုပ်ရှားမှုမှာ ပါ၀င်ပြီး စာတွေ ရေးပို့လာကြတယ်လို့ အဖွဲ့၀င်တွေက ဆိုပါတယ်။
"တော်လှန်ရေး ညီအစ်မတွေနဲ့ အတူ ရပ်တည်နေတယ်။ သူတို့ကို လေးစားဂုဏ်ယူတယ်။ သူတို့ရဲ့ ရဲရင့်မှုတွေကို ဦးညွတ်ပါတယ်ဆိုတဲ့ စာသားတွေ၊ ကဗျာတွေ၊ ပန်းချီတွေကို လူကိုယ်တိုင်ကော လူမှုကွန်ရက်ကကော ပေးပို့လာကြတယ်။ စပိန်၊ ဘရာဇီးလ်၊ အမေရိကန်၊ ဗြိတိန်၊ နိုင်ဂျီးရီးယားစတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိင်ငံတကာ အမျိုးသမီးတွေကလည်း မြန်မာအမျိုးသမီးတွေကို ဂုဏ်ယူလေးစားကြောင်း၊ ဘယ်လောက်ထိအားကျအတုယူနေလဲဆိုတာကို ပြည်တွင်းက လူတွေကို သိစေချင်တယ်။ ကိုယ့်မြန်မာအသိုင်းအဝိုင်းတင်မဟုတ်ဘဲ နိုင်ငံတကာကနေလည်း သူတို့ရဲ့ ရဲရင့်မှုတွေကို ဂုဏ်ယူတယ်၊ ဦးညွတ်တယ်ဆိုတာကို သိစေချင်တယ်" လို့ မဖြူပန်းနုခင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sisters2sisters
နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်မှု
မြန်မာပြည်တွင်းက အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သိအောင်လည်း ဒီအဖွဲ့က ကြိုးစားဆောင်ရွက်နေသလို နိုင်ငံတကာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေနဲ့လည်း မိတ်ဖက်အဖွဲ့အစည်းတွေ ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မေရီ လော်လာ (Mary Lawlor) နဲ့ တွေ့ဆုံပြီး အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှု အမျိုးမျိုး၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေအပါအ၀င် အကြမ်းဖက်မှုတွေ၊ ထိန်းသိမ်းခံအမျိုးသမီးတွေရဲ့ အခြေအနေတွေကို အသေးစိတ် တင်ပြခဲ့တယ်။ တောင်းဆိုချက် ၁၃ ချက် တောင်းဆိုခဲ့ကြတယ်" လို့ မဖြူပန်းနုခင်က ပြောပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်ဖို့၊ ဥပဒေမဲ့ လုပ်ရပ်တွေအတွက် တာ၀န်ခံမှု ရှိစေအောင် နိုင်ငံတကာရာဇ၀တ်ခုံရုံး အိုင်စီစီကို တိုင်တန်းဖို့နဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဦးဆောင်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးဖွဲ့ စစ်ဆေးဖို့၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR အထူးကိုယ်စားလှယ် အိန်ဂျယ်လီနာဂျိုလီနဲ့ ကုလအမျိုးသမီးအဖွဲ့တွေအနေနဲ့ မြန်မာပြည်တွင်းက အမျိုးသမီးတွေနဲ့အတူ ရပ်တည်ပေးဖို့ကိုလည်း ဒီအဖွဲ့က တောင်းဆိုထားပါတယ်။
စစ်ကောင်စီဘက်က တော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ရှင်းလင်းမှုတွေကို ကန့်ကွက်ခဲ့ပါတယ်။
ကုလသမဂ္ဂ ဟာအတည်ပြုနိုင်ခြင်းမရှိတဲ့မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီးတော့တစ်ဖက်သက်စွပ်စွဲတယ်လို့ပြောပြီး မြန်မာစစ်ကောင်စီက ထုတ်ပြန်ပေးနေတဲ့ သတင်းအချက်အလက်တွေကို လစ်လျူရှုခဲ့တယ်လို့ သြဂုတ်လ ၁၂ ရက်နေ့က တုံ့ပြန်ခဲ့ပါတယ်။
"နိုဘဲလ် ငြိမ်းချမ်းရေးဆုရ အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ Nobel Women Initiative နဲ့လည်း ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိတယ်။ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ အဆုံးသတ်ဖို့ လုပ်ဆောင်တဲ့ One Billion Rising အဖွဲ့နဲ့ ပူးပေါင်းလှုပ်ရှားတယ်။ GNWB အမျိုးသမီး ငြိမ်းချမ်းရေးဖော်ဆောင်သူများ နိုင်ငံတကာ ကွန်ရက်နဲ့ အချက်အလက်တွေ စုဆောင်းတင်ပြတယ်၊ ဒေသတွင်း အမျိုးသမီးအဖွဲ့အစည်းတွေ ဖြစ်တဲ့ JASS ၊ အာရှ တရားမျှတမှုနဲ့ လူ့အခွင့်အရေး AJAR တို့နဲ့လည်း လက်တွဲ လုပ်ဆောင်တာတွေ ရှိတယ်" လို့ မဖြူပန်းနုခင်က ရှင်းပြပါတယ်။
တစ်ခါ ထိုင်းနဲ့ အိန္ဒိယ အာဏာပိုင်တွေကိုလည်း မြန်မာပြည်တွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေ၊ တိုင်းရင်းသား ညီအစ်မတွေကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ချက်ချင်းထောက်ပံ့ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးတွေကလည်း နိုင်ငံတကာက အမျိုးသမီးတွေအနေနဲ့ သူတို့ ရင်ဆိုင်ကြုံတွေ့နေရတာတွေကို လျစ်လျူမရှုပဲ သူတို့နဲ့အတူ ရပ်တည်တာတွေ၊ အားပေးစကားတွေ ပြောတဲ့အတွက် မျှော်လင့်ချက်တွေ ရှင်သန်လာတယ်၊ အားမလျှော့ပဲ ဆက်လက်တိုက်ပွဲ၀င်သွားမယ်ဆိုတဲ့ ခွန်အားတွေ ရလာတယ်လို့ဆိုတဲ့ တုံ့ပြန်မှုတွေ ပြန်ကြားရတယ်လို့ sisters to sisters အဖွဲ့၀င်တွေက ပြောပါတယ်။
အမျိုးသမီးတွေအချင်းချင်း စည်းလုံးညီညွတ်ကြောင်း ပြသနိုင်တာဟာ အာဏာသိမ်းစစ်တပ်ကိုလည်း အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ထပ်မလုပ်နိုင်အောင် သတင်းစကားပေးလိုက်သလို ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။
"ဘာပဲဖြစ်ဖြစ် ငါတို့ စိတ်ဓာတ်တွေက သံမဏိလို မာတယ်။ မင်းတို့ကို အဆုံးထိ ဆန့်ကျင်တော်လှန်သွားမယ်၊ ငါတို့ တော်လှန်ရေး အမျိုးသမီးတွေကို မထိနဲ့၊ ထိတာနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ သတင်းစကားမျိုးက စစ်ကောင်စီတပ်တွေဆီကို ပြည့်ပြည့်၀၀ ရောက်တယ်လို့ မြင်တယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာကို မြင်ရင် မြင်တာနဲ့ ထုတ်ပြောတာက ဖြစ်လာနိုင်ခြေ အတော်များများကို ကာကွယ်လိုက်နိုင်တယ် လို့ ထင်တယ်" လို့ မသဉ္ဇာရွှန်းလဲ့ရည်က ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျိုးဆက်အနေနဲ့ ပေါ်ပေါက်လာတဲ့ အခက်အခဲအမျိုးမျိုး၊ ဒုက္ခဆင်းရဲအသွယ်သွယ်ကို ရင်ဆိုင်ကျော်လွှားဖို့အတွက် ပြည်သူတွေအချင်းချင်းကြား "ငါတို့မှာ ငါတို့ရှိတယ်" ဆိုတဲ့ ကြွေးကြော်သံ ဆောင်ပုဒ်ကို တွင်တွင်ဟစ်ကြွေးရင်း ဖြတ်သန်းနေကြသလို အမျိုးသမီးတွေကလည်း သူတို့ရဲ့ တွဲလက်တွေကို အချင်းချင်း မြဲမြံစွာ ဆုပ်ကိုင်ရင်း အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်ဖို့ သန္နိဠာန်ချထားကြတယ်လို့ တော်လှန်ရေး ညီအစ်မများမှ ညီအစ်မများဆီသို့ အဖွဲ့က အခိုင်အမာ ယုံကြည်နေပါတယ်။








