ဆွစ်ဇာလန် ကမ္ဘာလှည့်ခရီးသည် သတ်မှုနဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းခံရ

အာယွန် ရေတံခွန်ဟာ ခရီးသွားတွေ  ကြိုက်တဲ့ နေရာတစ်ခု ဖြစ်နေ
ဓာတ်ပုံ ပုံစာ, အာယွန် ရေတံခွန်ဟာ ခရီးသွားတွေ  ကြိုက်တဲ့ နေရာတစ်ခု ဖြစ်နေ
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့တစ်ပတ်က ဖူးခက်ကျွန်း အပန်းဖြေစခန်းက ရေတံခွန်တစ်ခုနားမှာ အလောင်းရှာတွေ့ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီး အသတ်ခံရမှုနဲ့ ဆက်စပ်ပြီး အသက်၂၇နှစ် ထိုင်းနိုင်ငံ သား တစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

အသတ်ခံရတဲ့ နစ်ကိုးလ် ဆောဗိန် ဝစ်စ်ကာပေါ့ဖ်ဟာ ဆွစ်ဇာလန်နိုင်ငံသူ အသက် ၅၇နှစ်ရှိတယ်ဆိုတာကို ဒေသခံတာဝန်ရှိတဲ့သူတွေက အတည်ပြုပါတယ်။

သူ့ကို ရေထဲမှာ မှောက်လျက်အနေအထား အပေါ်က အဝတ်မဲအုပ်ထားတာကို တွေ့ခဲ့ရပြီး အဲ့ဒီ အနီးအနားတစ်ဝိုက်မှာ သူ့ မိုဘိုင်းဖုန်း၊ဘောင်းဘီတိုတွေနဲ့ အားကစားဖိနပ်တွေကိုလည်း ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ပါတယ်။

တရားစွဲခံထားရတဲ့ သီရာဝပ်တော်တစ် ကိုယ်တိုင်ကလည်း အဲ့ဒီ့ အမျိုးသမီးကိုသတ်ပြီး ပစ္စည်းတွေကို ယူခဲ့ပါတယ်လို့ ရဲ တပ်ဖွဲ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ဝန်ခံထားပါတယ်။

"သေဆုံးသွားတဲ့ ကမ္ဘာလှည့်ခရီးသည်ရဲ့ မိသားစုကို ကျွန်တော် တောင်းပန်ပါတယ်။ ထိုင်းနိုင်ငံသားအားလုံးကို လည်းကျွန်တော့်ကို ခွင့်လွှတ်ပါလို့‌ တောင်းပန်ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။

နစ်ကိုးလ် ဆောဗိန် ဝစ်စ်ကာပေါ့ဖ် ရေတံခွန်ကို ထွက်သွားတဲ့အချိန်နဲ့ သူ ရေတံခွန်ဘက်ကို ထွက်သွားတဲ့အချိန် တစ်ချိန်တည်းဖြစ်နေတာကို CCTVမှတ်တမ်းထဲမှာတွေ့ရှိခဲ့ ပြီးနောက် သူ့ကို ထိန်းသိမ်းခဲ့တာလို့ ရဲတပ်ဖွဲ့ က ထုတ်ပြော ထားပါတယ်။

သူ အသတ်ခံရတဲ့ရက်က "Phuket Sandbox" ခေါ်တဲ့ ဖူးခက်ကျွန်း ပြန်ဖွင့်တဲ့ အစီအစဥ်စအပြီး သီတင်းပတ်တွေအတွင်းမှာဖြစ်ပြီး သူ ထိုင်းနိုင်ငံထဲကို ရောက်တဲ့ရက်က ဇူလိုင် ၁၃ရက်နေ့လို့ သိရပါတယ်။

"Phuket Sandbox"အစီအစဥ်အရ ကာကွယ်ဆေးထိုးထားပြီးသား ကမ္ဘာလှည့်ခရီးသည်တွေ ကွာရန်တင်းလုပ်စရမလိုဘဲ လာခွင့်ရပေမယ့် ထိုင်းနိုင်ငံ ပင်မနယ်မြေထဲကိုတော့ ၁၄ရက်အတွင်း ခရီးသွားခွင့်မရှိပါဘူး။

ဆောဗိန် ဝစ်စ်ကာပေါ့ဖ်အသတ်ခံရပြီးတဲ့နောက် ဖူးခက်ကျွန်းရဲ လုံခြုံရေးကို ဒေသခံ အာဏာပိုင်တွေက တိုးမြှင့်ချထားပြီး အဲ့ဒီကနေ တစ်ဆင့် ကမ္ဘာလှည့်ခရီးသွားတွေ အလည်လာကြမယ့် အစီအစဥ်အကြီးအကျယ် ထိခိုက်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မလုံခြုံတဲ့နေရာ တစ်ခုချင်းဆီကို သေသေချာ စိစစ်လေ့လာပြီး တာဝန်ရှိတဲ့သူတွေရဲ့ စောင့်ကြည့်မှုအောက်ကို ထည့်ထားမယ်လို့ ကျွန်းအုပ်ချုပ်ရေးမှူး နာရွန်ဝန်ဆီအူးက ပြောထားပါတယ်။

ဆွစ် အမျိုးသမီး ဖူးခက်ကျွန်းမှာ အသတ်ခံရတဲ့အတွက် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ဆီကို ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ထားတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က တွစ်တာမှာ တင်ထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ မြန်မြန်လုပ်ပြီးတာနဲ့ လက်သည်တရားခံကို မြန်မြန်ဖမ်းဖို့ ရဲတပ်ဖွဲ့ကို ဝန်ကြီး ချုပ်ပရာယုချန်အိုချာကလည်း ညွှန်ကြားခဲ့တယ်လို့ ထိုင်း အစိုးရပြော‌ရေးဆိုခွင့်ရှိသူ အနှုချာဘူရာပါချာစီရီက လည်းပြောပါတယ်။

ပြီးတော့ ဖူးခက်ကျွန်းရဲ့ လုံခြုံရေးကို တိုးမြှင့်ထားဖို့ တာဝန်ရှိတဲ့သူတွေက ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

အသတ်ခံရတဲ့သူဟာ ဆွစ် သံတမန်တယောက် ဖြစ်ခဲ့တယ်ဆိုတာ ဒေသခံမီဒီယာတွေမှာ သတင်းထုတ်ပြန်ထားပြီး အာဏာပိုင်တွေကတော့ သူ့အလုပ်အကိုင်နဲ့ပ့တ်သက်လို့ ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

ခရီးသွားလုပ်ငန်းဟာ ကိုဗစ်ကပ်ရောဂါမဖြစ်တုန်းကဆို ထိုင်းနိုင်ငံ စီးပွားရေးရဲ့ ငါးပုံတစ်ပုံကို ရှာဖွေပေးနေတာ ဖြစ်ပါတယ်။