မြန်မာနိုင်ငံအနှံ့ ကိုဗစ်လူနာတွေတိုးလာနေပြီး အောက်ဆီဂျင် အကျပ်အတည်းကြုံနေ

ရေးသားခဲ့သည်။

မြန်မာနိုင်ငံအနှံမှာ ကိုဗစ်လူနာတွေ တစ်နေ့တစ်ခြားများလာနေပြီးတော့ အောက်ဆီဂျင် အကျပ်အတည်း ကြုံတွေ့နေရတယ်လို့ ကိုဗစ်လူနာတွေကို အကူအညီပေးနေတဲ့ လူမှုရေးအသင်းတွေ၊ ကိုဗစ်လူနာတွေ နဲ့ ဒေသခံတွေထံက သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကိုဗစ်တတိယလှိုင်း စတင် ကြုံတွေ့လာခဲ့ရပြီးနောက် ဇွန်လကုန်လောက်ကစပြီး ကိုဗစ်လူနာတွေနဲ့ သေဆုံးသူ အရေအတွက်ဟာ တစ်‌နေ့တစ်ခြား တိုးလာနေတာကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ကိုဗစ်ကူးစက်မှုအသစ် လေးထောင်ကျော်လာတာ သုံးရက်ဆက် ရှိပြီဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့ ကူးစက်သူ အသစ် ၄၃၇၇ ဦး နဲ့ သေဆုံးသူ ၇၁ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းအထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၈၈,၇၅၂ ဦး ရှိပြီး သေဆုံးသူ ၃,၇၅၆ ဦး ရှိပြီ ဖြစ်ပါတယ်။

ကူးစက်မှု များပြားနေလို့ လူနာနဲ့ ဆရာဝန် အချိုး အစား အလွန်အမင်း ကွာဟမှုကို ပြင်ပဆေးခန်းတွေနဲ့ ပြင်ပမှာ ဆေးကုသနေတဲ့ ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ဖြည့်ဆည်းဖို့ စီမံနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၁၁ ရက်နေ့ ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ အစည်းဝေးမှာ ပြောသွားပါတယ်။

လတ်တလောမှာတော့ ကူးစက်မှု များပြားလာတာနဲ့အတူ ကိုဗစ်ကူးစက်သူနဲ့ သံသယလူနာတွေ ကုသမှု ခံယူရမယ့်နေရာ အခက်အခဲနဲ့ အောက်ဆီဂျင် လိုအပ်မှုတွေမြင့်မားနေပြီး Stay at home သတ်မှတ်ထားတဲ့ မြို့နယ်နဲ့ဒေသလည်း ၄၅ ခုအထိ ရှိနေပါပြီ။

ရန်ကုန်က အောက်ဆီဂျင်ထုတ်တဲ့ စက်ရုံတွေအချို့ကတော့ သူတို့စက်ရုံတွေဟာ အောက်ဆီဂျင်တွေ လုံလောက်မှုမရှိဆိုတဲ့ ညွှန်ကြားချက်အရ အစိုးရက ဖွင့်လှစ်ထားတဲ့ ကိုဗစ်ကုသရေးစင်တာအချို့နဲ့ ရန်ကုန်ဆေးရုံကြီးကို ပေးသွင်းရမှာဖြစ်လို့ ပုဂ္ဂလိကတွေကို ရောင်းပေးတာကို ရပ်ထားတယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်တာကို တွေ့ရပါတယ်။

ဒီအစိုးရဆေးရုံတွေ ကုသရေးစင်တာတွေဟာ လူတွေပြည့်နေသလို ကိုဗစ်ကုသပေးနေတဲ့ ပုဂ္ဂလိက ဆေးရုံတွေဟာလည်း လူနာသစ်လက်မခံနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

အစိုးရဝန်ထမ်းတွေ ကျောင်းဆရာမတွေလည်း ကူးစက်ခံနေရပြီးတော့ မြန်မာတစ်နိုင်ငံလုံးက ကျောင်းတွေကို ဇူလိုင် ၉ ရက်ကနေစပြီး ၂၃ ရက် အထိ ယာယီ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အောက်ဆီဂျင်လိုအပ်တဲ့ အခက်အခဲဟာ ရန်ကုန်မြို့ တစ်ခုတည်းတင်မဟုတ်ဘဲ မန္တလေး လားရှိုး ပုသိမ် စတဲ့ မြို့ကြီးတွေ အပြင် ကိုဗစ်ကြောင့် လူသေဆုံးမှုနေ့စဥ် အများအပြားရှိနေတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့နဲ့ ချင်းပြည်နယ်က မြို့တွေမှာပါ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ဒေသခံတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ အောက်ဆီဂျင်ထုတ်တဲ့ စက်ကို ဇူလိုင် ၁၀ ရက်နေ့က စတင်လည်ပတ်နေပြီလို့ ကလေးမြို့ခံ ကိုဗစ်လူနာတွေကို အကူအညီပေးနေသူတစ်ဦးက ဘီဘီစီကို ပြောပါတတယ်။

ဒါ့အပြင် ချင်းပြည်နယ်က အောက်ဆီဂျင်လိုအပ်ချက်ကို အိန္ဒိယ မီဇိုရမ်ပြည်နယ်ကနေတင်သွင်းဖို့ နှစ်ဖက်ညှိနိုင်းနေပြီးတော့ မကြာမီ တင်သွင်းနိုင်ဖို့ရှိတယ်လို့ ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

အောက်ဆီဂျင် မရလို့ လူသေဆုံးမှုတွေရှိနေပြီးတော့ အစိုးရထုတ်ပြန်တဲ့ သေဆုံးသူအရေအတွက်မှာ နေအိမ်တွေမှာ နေထိုင်ပြီး ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူတွေ မပါဝင်ဘူးလို့ ကလေးမြို့ကုသရေးစင်တာက တာဝန်ခံတစ်ဦးကပြောပါတယ်။

တစ်လအတွင်း စစ်ကိုင်းတိုင်းကလေးမြို့မှာ ကိုဗစ်ကြောင့် လူ၅၀၀ ကျော်သေဆုံးခဲ့ပြီလို့ ဒေသခံ အကူအညီပေးနေသူတွေက ပြောပေမယ့် အစိုးရထုတ်ပြန်ချက်ကတော့ ၆၀ ဦးခန့်ပဲရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မော်လမြိုင်၊ပုသိမ် စတဲ့ မြို့ကြီးတွေမှာလည်း ကိုဗစ်လူနာတွေနေ့စဥ် ဆယ်ဂဏန်းနီးပါး သေဆုံးနေတယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

ရန်ကုန်မြို့ တောင်ဥက္ကလာပ ဝေဇယန္တာလမ်းမကြီး အနီးနေထိုင်သူတစ်ဦးက ဇူလိုင်လ ၁၁ ရက်နေ့က တစ်နေ့ကုန်နီးပါး အရေးပေါ် လူနာတင်ကားသံတွေ ကြားနေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးက ဝန်ထမ်းတစ်ဦးကတော့ အောက်ခြေကျန်းမာရေး ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းကြပေမယ့် ဆေးရုံမှာ ဆရာဝန်နဲ့ သူနာပြုတွေ အလုံအလောက်မရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ကိုယ်တိုင် ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းအင်အားက အရင်ကနဲ့ စာရင် ၆၀ ရာခိုင်နှုန်း အင်အားပဲ ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကလုပ်တဲ့ COVID - 19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထုတ်ပြောပြီး လူ့စွမ်းအား အရင်းအမြစ် ပြဿနာက အဓိကဖြစ်နေတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ကိုဗစ် ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ စတင်နိုင်ခဲ့တဲ့နောက် ရက်ပိုင်းအတွင်း အာဏာသိမ်းခံရတဲ့အတွက် ဒီလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ သတင်းတွေအရ အခုလောလောဆယ် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူ ၁ သန်း ၇ သိန်း ၅ သောင်းရှိပြီး၊ မကြာခင်ကာလအတွင်း နောက်ထပ် ကာကွယ်ဆေး အလုံးပေါင်း ၂ သန်းထပ်ရောက်ဖို့ရှိတယ်၊ ဒီနှစ် မကုန်ခင် တစ်နိုင်ငံလုံးကာကွယ်ဆေး လွှမ်းခြုံမှု ၅၀% ရှိလာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခု ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းမှာလည်း တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေသုံးတယ်လို့ဆိုပြီး လူထုက အယုံအကြည်နည်းနေပါတယ်။

ရုရှက စပွတ်နစ် ကိုဗစ်ကာကွယ်ဆေး ၂ သန်းဝယ်မယ်လို့ စစ်ကောင်စီ အကြီးအကဲကပြောထားပြီး အခုလအတွင်းမှာ သောင်းဂဏန်းပမာဏာ ရောက်လာမယ်လို့လည်းသူဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကိုဗစ်တတိယလှိုင်းဟာ တစ်နိုင်ငံလုံး ကိုပျံ့နှံ့နေပြီးတော့ ကာကွယ်ရေးနဲ့ ကုသရေးစနစ်တွေမှာ လိုအပ်ချက်တွေရှိနေသလို ကျန်းမာရေးစနစ် လက်ရှိအခြေအနေဟာ ဒီထက် ကူးစက်မှုတွေများလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။