ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, နှစ်စဉ်လျှပ်စစ်ယူနစ်ထောင်ချီဆုံးရှုံးနေလို့ ဖော်ထုတ်ပြီး ဥပဒေနဲ့အရေးယူမယ်

ထုတ်လုပ်လျှပ်စစ်ဓာတ်အားတွေကို ဖြန့်ဖြူးရင်းဆုံးရှုံးရတာမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ လူတွေရဲ့လုပ်ဆောင်ချက်ကြောင့်ဆိုပြီး တွေ့ရကြောင်း ဝန်ကြီးဌာနကပြောတဲ့ သတင်းအပါအဝင် ဇွန် ၁၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

လျှပ်စစ်ရဲ့ ၁၈.၃၈ ရာခိုင်နှုန်းခန့် နှစ်စဉ်ဆုံးရှုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အီရန်စစ်ပွဲအဆုံးသတ်ဖို့နီးပြီလို့ ထရမ့်ပြော

    အီရန်ကိုတိုက်ခိုက်မယ့်အစီအစဉ်ပယ်ဖျက်ကြောင်း လူမှုကွန်ရက်ကတဆင့်ကြေညာပြီးတဲ့နောက် စစ်ပွဲအဆုံးသတ်ဖို့အတွက် ကနဦးသဘောတူညီချက်ရဖို့ နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    “အီရန်နဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ သိပ်ကောင်းတဲ့ သဘောတူညီမှုတခု ရထားပြီ” လို့ ထရမ့်က ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို မနေ့က ပြောပါတယ်။

    ဒါပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Esmail Baghaei ကတော့ “ဒီသဘောတူညီချက်ရပြီလို့ သိထားရပေမဲ့ လုံးဝအပြီးသတ်အဆင့်မဟုတ်သေးပါဘူး” လို့ ပြည်တွင်းရုပ်သံအစီအစဉ်ကို ဖြေကြားပါတယ်။

    စစ်ပွဲအဆုံးသတ်ဖို့အတွက် နှစ်နိုင်ငံဆွေးနွေးမှုတွေပြီးခါနီးပြီလို့ ထရမ့်ကိုယ်တိုင်လည်းထုတ်ပြောခဲ့ပါသေးတယ်။

    အခုကြေညာချက်မထွက်လာခင် နာရီပိုင်းအလိုမှာတော့ အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။

  2. ထိုင်းတော်ဝင်မင်းသမီး ဘချရာခစ်တီရာဘာ နတ်ရွာစံ

    ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ အကြီးဆုံးသမီးတော် တော်ဝင်မင်းသမီး ဘချရာခစ်တီရာဘာ နရိန္ဒြာဒေဝရဝတီ ဟာ သက်တော် ၄၇ နှစ်အရွယ်မှာ နတ်ရွာစံကံတော်ကုန် သွားကြောင်း ထိုင်းတော်ဝင်နန်းတော်က ထုတ်ပြန်ပါတယ်။

    ထုတ်ပြန်ချက်အရ မင်းသမီးဟာ ဇွန်လ ၁၁ ရက် ည ၇ နာရီ ၄၈ မိနစ်မှာ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းဆေးရုံမှာ ငြိမ်းချမ်းစွာနတ်ရွာစံခဲ့တယ်လို့ဆိုပါတယ်။

    မင်းသမီးဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က နှလုံးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးအခြေအနေကြောင့် သတိလစ်မေ့မြောခဲ့ပြီးနောက် ဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။

    တော်ဝင်နန်းတော်ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ် မေလ ၂၁ ရက်ကစတင်ပြီး အူအတက်ရောင်ရမ်းမှုကြောင့် ဖြစ်ပွားတဲ့ ဝမ်းဗိုက်အတွင်း ပိုးဝင်ရောက်မှု၊ သွေးပေါင်ချိန်ကျဆင်းမှု၊ နှလုံးခုန်နှုန်းမမှန်မှုနဲ့ သွေးခဲမှုဆိုင်ရာ ချို့ယွင်းမှုများကြောင့် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

    ဆေးဘက်ဆိုင်ရာအဖွဲ့က အနီးကပ်စောင့်ကြည့်မှုနဲ့ အထူးကြပ်မတ်ကုသမှုများ ပေးခဲ့ပေမဲ့ မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေမှာ ဆက်လက်ကျဆင်းလာခဲ့ပြီး နောက်ဆုံးမှာ နတ်ရွာစံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    မင်းသမီး ဘချရာခစ်တီရာဘာ ဟာ ထိုင်းတော်ဝင်မိသားစုအတွင်း ထင်ရှားတဲ့ တော်ဝင်မင်းသမီးတစ်ပါးဖြစ်ပြီး ဥပဒေရေးရာ၊ သံတမန်ရေးရာကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

    သူဟာ အရင်က သြစတြီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသမီးများနဲ့ အကျဉ်းသားအခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေမှာလည်းပါဝင်ခဲ့ပါတယ်။တော်ဝင်ဈာပနအခမ်းအနားကို တော်ဝင်အစဉ်အလာနှင့်အညီ အမြင့်ဆုံးဂုဏ်ပြုမှုနဲ့ ကျင်းပဖို့ တော်ဝင်နန်းတော်ကိုထိုင်းဘုရင်က ညွှန်ကြားထားကြောင်း သိရပါတယ်။

  3. လျှပ်စစ်ဆုံးရှုံးတာတွေဖော်ထုတ်အရေးယူမယ်-နေပြည်တော်​

    လူတွေရဲ့ မသမာမှုတွေကြောင့် လျှပ်စစ်ဆုံးရှုံးတာတွေကိုဖော်ထုတ်ပြီး ဥပဒေအရရော စီမံခန့်ခွဲမှု နည်းလမ်းတွေနဲ့ပါ ထိထိရောက်ရောက်အရေးယူမယ်လို့ အသွင်ပြောင်းအစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    ပြည်သူတွေအနေနဲ့ ကိုယ်တိုင်လုပ်နေရင် ရပ်ဖို့၊ တခြားသူတွေလုပ်နေတာတွေ့ရင်လည်း တားဆီးပြီး သတင်းပေးပို့ပါဆိုပြီး အဲဒီထုတ်ပြန်ချက်ကို ဒီနေ့ထုတ်ကြေညာလာပါတယ်။

    ထုတ်လုပ်ထားတဲ့ လျှပ်စစ်ရဲ့ ၁၈.၃၈ ရာခိုင်နှုန်းခန့် (ယူနစ် ၃,၅၅၉ သန်းခန့်) ဟာ ဓာတ်အား ပို့လွှတ်မှုနဲ့ ဖြန့်ဖြူးရင်း နှစ်စဉ်ဆုံးရှုံးနေတာကြောင့် ဒါတွေကို လျော့နည်းအောင် ဆောင်ရွက်တာလို့ ဖော်ပြပါတယ်။

    ဒီလိုဆုံးရှုံးရတာမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ လူတွေရဲ့လုပ်ဆောင်ချက်ကြောင့်ဆိုပြီး တွေ့ရတယ်လို့ ဝန်ကြီးဌာနဘက်က ပြောပါတယ်။ နည်းပညာပိုင်းအဆင့်မြှင့်တာ၊ ဓာတ်အားလိုင်းနဲ့ ထရန်စဖော်မာ တွေကို ပုံမှန်ထိန်းသိမ်းတာ၊ Smart မီတာတပ်ဆင်တာနဲ့ လျှပ်စစ်သုံးစွဲမှုကိုစောင့်ကြည့်တဲ့ စနစ် တွေကို လုပ်နေပါတယ်။

    ဒါအပြင် နေပြည်တော်မှာ လျှပ်စစ်ဓာတ်အားလိုင်းပြောင်းရွှေ့သွယ်တန်းတာတွေရှိလို့ မနက်ဖြန် ဇွန် ၁၃ ရက်မှာ အေလာနဲ့သာဝတ္ထိမြို့တို့က အစိုးရရုံးဌာနတွေ၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ ရွာတွေမှာ မီးပျက်မယ်လို့ ဒီနေ့သတင်းစာမှာဖော်ပြပါတယ်။

    တောင်ကြီး - ဟိုပုံး၊ ဟိုပုံးနဲ့ မိုင်းပွန် ဓာတ်အားလိုင်းတွေကိုလည်း စစ်ဆေးမှာတွေရှိလို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေရာတွေ၊ ဟိုပုံး၊ ကျောက်တန်းနဲ့ မိုင်းပွန်မြို့တွေ အပါအဝင် ကျေးရွာပေါင်း ၁၀၆ ရွာမှာ ဇွန် ၁၃ ရက်နဲ့ ၁၄ ရက်မှာ လျှပ်စစ်မီးပျက်မယ်လို့သိရပါတယ်။

  4. မင်္ဂလာပါ။ ဇွန်လ ၁၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။