ဆရာဝန်လိုအပ်ချက် ကန်ထရိုက်စနစ်နဲ့ငှားရမ်းဖို့ကြိုးပမ်းမှု အောင်မြင်နိုင်မလား

ရေးသားခဲ့သည်။

ပြည်တွင်းမှာ သိသိသာသာမြှင့်တက်လာတဲ့ ကိုဗစ်အတည်ပြုလူနာတွေ့ရှိနှုန်းနဲ့အတူ ကိုဗစ်ကုသရေးဌာနနဲ့ အစိုးရဆေးရုံတွေမှာ ဆရာဝန်နဲ့ ကျန်းမာရေးအကူဝန်ထမ်းလိုအပ်ချက်ဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါ တယ်။

ဖေဖော်ဝါရီ ၁ ရက် အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူအပြီးမှာ ရုံးမတက်ရေး အာဏာဖီဆန်တဲ့ CDMလှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းတွေကနေ ကနဦးစတင်ခဲ့ပြီး မကြာခင်မှာပဲ နိုင်ငံ တဝှမ်းက အစိုးရဆေးရုံတွေမှာ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေမရှိတဲ့အတွက် ပိတ်ထား ခဲ့ရပါတယ်။

ဒီလို CDMလှုပ်ရှားမှုမှာ ပါဝင်တဲ့ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ဖမ်းဆီး တာ၊ ဝရမ်းထုတ်ထားလို့ မိသားစုလိုက်ရှောင်တိမ်းနေရသူတွေကလည်း နိုင်ငံတဝှမ်းအများအပြားရှိနေ ပါတယ်။

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းကစပြီး ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်းပြန်လည်စတင်ခဲ့ပြီးတဲ့နောက် CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းအင်အားစုနဲ့ ပြန်လည်ဖွင့်လှစ်ထားတဲ့ အစိုးရဆေးရုံတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေမှာ လူနာနဲ့ ကျန်းမာရေးဝန်ထမ်းအင်အားမမျှတတဲ့ ပြဿနာနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။

ကိုဗစ်ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်း ရက်ဆက်ဆိုသလိုမြင့်တက်လာ

ဇူလိုင် ၇ ရက်ကနေ ၉ ရက်နေ့အတွင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အတည်ပြုထုတ်ပြန်ချက်တွေအရ ၃ရက်တာအတွင်း လူနာသစ် ၁၂,၃၉၉ ဦးနဲ့ သေဆုံးသူက ၁၇၂ဦးထိရှိလာခဲ့ပါတယ်။

ဒါဟာ စစ်ကောင်စီက အတည်ပြုထုတ်ပြန်တဲ့ စာရင်းဖြစ်ပြီး ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေတဲ့ စစ်ကိုင်းတိုင်း ထဲက ကလေးမြို့မှာတော့ ကိုဗစ်မစစ်ဆေးနိုင်ပဲ သံသယလက္ခဏနဲ့သေဆုံးသူက တစ်ရက်ကို ၂၀ ဝန်းကျင် ရှိနေတာဖြစ်ပါတယ်။

' ' သေတဲ့နှုန်းကတော့ မကျဘူး။ ဒီမနက်ဆိုလည်း ကိုယ့်အနားရပ်ကွက်တင် သုံးလေးယောက် လောက် ရှိနေပြီ။ တစ်ရက်ကို ၂၀ကျော်လောက်က ပုံမှန်လိုဖြစ်နေတယ်။ အောက်ဆီဂျင်ကလည်း လိုအပ်ချက်ရှိ နေတုံးပဲ။ အောက်ဆီဂျင်လိုအပ်ချက်ကလည်း ရှိနေတုံးပဲ။''လို့ ကလေးမြို့က ပရဟိတအသင်းသားတစ်ဦး ဖြစ်တဲ့ ကိုပွီးယာကဘီဘီစီကိုပြောပါတယ်။

ကလေးမြို့မှာ တစ်မြို့လုံးအတိုင်းအတာနဲ့ ကိုဗစ်ကုသရေးစင်တာအဖြစ် အိတ်စွပ်စင်တာမှာ လူနာ ၄၀၀ ခန့်နဲ့ ကလေးဆေးရုံနဲ့ အပြင်ဆေးရုံဖြစ်တဲ့ ဝယ်စလီဆေးရုံတို့သာရှိပြီး ဆေးရုံတွေမှာ လူနာ ဆယ်ဂဏန်း ဝန်းကျင်ကိုသာ လက်ခံကုသပေးနိုင်တာလို့ ဒေသခံတွေကပြောပါတယ်။

' ' အိမ်တိုင်းက ဟုမ်းကွာရန်တင်း ဆိုတဲ့ စာတန်းတွေချိတ်ပြီး အိမ်မှာပဲ ကုနေကြတာ။ နာရေးကလည်း ဆက်နေတာ။ တစ်ချို့ဆို တစ်အိမ်ထဲ နာရေး ၂ခုလောက်ဖြစ်ချင်ဖြစ်နေတာ။''လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ကလေးနည်းတူ စီးပွားရေးမြို့တော်ရန်ကုန်မှာလည်း ကိုဗစ်ဖြစ်ပွားမှုဟာ ရက်ပိုင်းအတွင်းမှာပဲ သိသိ သာသာ များပြားလာတယ်လို့ ရန်ကုန်အခြေစိုက် ပရဟိတအသင်းတွေကပြောပါတယ်။

' ' အောက်ဆီဂျင်လိုလို့ အကူညီတောင်းတာတွေက အများကြီးပဲ။ ကူဖို့အတွက်ကျွန်တော်တို့ဆို စက်ရုံမှာ ညအိပ်စောင့်ပြီး အောက်ဆီဂျင်ပြန်ဖြည့်ရတာတွေရှိတယ်။ တချို့တွေကလည်း ဖြစ်ခဲ့ရင်ဆိုပြီး အောက်ဆီဂျင်အိုးတွေကိုကြိုဆောင်တဲ့သဘောမျိုးဝယ်ကြတော့ တကယ်လိုတဲ့သူတွေက ဝယ်မရကြဘူး။ ဈေးတွေကလည်း ၁၀ လီတာတစ်အိုးကို အရင် ခုနှစ်သောင်း ရှစ်သောင်းကနေ အခု ၃သိန်းကျော်နေပြီ။ လူနာတွေဆိုလည်း ဘယ်ဆေးရုံကမှ လက်မခံလို့ အရမ်းဒုက္ခရောက်တယ်။''လို့ မြောက်ဒဂုံအခြေစိုက် HSAပရဟိတအသင်းက အသင်းသား တစ်ဦးက လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကိုပြောပြပါတယ်။

ကိုဗစ်လက္ခဏာနဲ့ ရောဂါပြင်းထန်ခံစားရသူတွေ ကုသရေးစင်တာတွေကိုသွားနိုင်သလား

ရန်ကုန်မြို့ထဲမှာတော့ ကိုဗစ်လက္ခဏာခံစားနေရသူတွေ အောက်ဆီဂျင်ကျဆင်းသူတွေအနေနဲ့ အစိုးရ ဆေးရုံ တွေကို ပတ်ပြီးလိုက်လံပို့ဆောင်ပေမယ့် ဘယ်ဆေးရုံကမှ လက်မခံဘူးလို့ ကာယကံရှင်တွေနဲ့ ကူညီပို့ဆောင်ပေးတဲ့အသင်းတွေက ဖွင့်ဟပြောဆိုထားကြပါတယ်။

အခုလို ပို့ဆောင်မရတာက ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့မူနဲ့မညီလို့ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ပြန်လည်တုန့်ပြန် ပြောဆိုထားပါတယ်။

အစိုးရဆေးရုံနဲ့ ကိုဗစ်ကုသရေးစင်တာတွေမှာ ကုသမှုခံယူလိုသူတွေအနေနဲ့ သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးဌာနတွေကို အရင်ဆက်သွယ်ပြီးမှသာ သက်ဆိုင်ရာဆေးရုံကိုလွှဲပြီးမှသာ ဆေးရုံတက် ကုသမှု ခံယူနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့်လည်း လက်တွေ့မှာတော့ သက်ဆိုင်ရာကျန်းမာရေးဌာနဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေဟာ စက်ပိတ်ထားတာနဲ့ ကိုယ်တိုင်သွားရောက်ရာမှာလည်း အဆင်မပြေဘူးလို့ ကာယကံရှင်အချို့က ဖွင့်ဟပြောဆိုကြပါတယ်။

ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကို ကန်ထရိုက်စနစ်နဲ့ ဖြည့်ဆည်းဖို့ ပြင်ဆင်

လက်ရှိမှာ ကိုဗစ်လူနာတွေ့ရှိနှုန်းများပြားလာတာနဲ့အမျှ လူနာနဲ့ ဆရာဝန် အချိုး အလွန်အမင်းကွာဟမှုကို ပြင်ပဆေးခန်းတွေနဲ့ ပြင်ပမှာ ဆေးကုသနေတဲ့ ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ဖြည့်ဆည်းဖို့ စီမံနေ တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၉ ရက်နေ့က ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ အစည်းဝေးမှာ ပြောသွားပါတယ်။

မြို့နယ်တချို့မှာ ပြင်ပဆေးခန်းကဆရာဝန်တွေကို ခေါ်ယူညှိနှိုင်းတာတွေရှိ

ပြင်ပဆေးခန်းတွေက ဆရာဝန်တွေကို မနေ့က(ဇူလိုင် ၉ရက်) တော့ ဒလဆေးရုံမှာ ဖိတ်ပြီး ပြောတာတော့ရှိတယ်။

' ' မြို့နယ်ဆေးရုံမှာမဟုတ်ဘဲ နောက်ထပ် ပြင်ပတစ်နေရာမှာ ဆေးခန်းသဘောမျိုးစီစဉ်နေတာရှိတယ်ပေါ့။ ကိုယ့်ဆေးခန်းကို တစ်ပတ်ကို တစ်ရက်ပိတ်ပြီး အဲဒီမှာ အလှည့်ကျလာ ထိုင်ပေးနိုင်မလားပေါ့။ အခကြေးငွေ နဲ့တော့မဟုတ်ဘူး။ လုပ်အားလှူဖို့ပေါ့။ ဆရာဝန်တွေလည်း အသက်တစ်ချောင်းပဲရှိတာပေါ့။ ဒါပေမယ့် လိုအပ်ရင် ကူပေးနိုင်ကြမလားပေါ့။ ဒီလိုမျိုးမေးတာ။ လူနာလာထိုင်ပြီးမကြည့်ပေးနိုင်ရင်လည်း လိုအပ်တဲ့ ဆေးဝါးတို့ ငွေတို့လှူကြဖို့ပြောတာရှိတယ်''လို့ ဒလမြို့နယ်ဆေးရုံမှာ မနေ့ကပြုလုပ်ခဲ့တဲ့အစည်းအဝေးကို တက်ရောက်ခဲ့သူဆရာဝန်တစ်ဦးရဲ့ မိသားစုဝင်ကဘီဘီစီကိုပြန်လည်ပြောပြပါတယ်။

ကန်ထရိုက်စနစ်နဲ့ ဆရာဝန်ဖြည့်ဆည်းဖို့ လက်တွေ့မှာ ဖြစ်နိုင်ခြေရှိသလား

အပြင်ဆေးခန်းက ဆရာဝန်တွေကလည်း အခုတောင် လူနာတွေပြုံတိုးနေလို့ ၊ တချို့လည်း ဆီးချိုလို ရောဂါရှိလို့ ကိုယ့်ဆေးခန်းတောင်ကိုယ်ပိတ်နေရတာတွေရှိနေတာ။ ပြင်ပဆေးခန်းက ဆရာဝန်တွေကို ငှားဖို့ကတော့ မဖြစ်နိုင်ဘူးလို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးက ဘီဘီစီကိုပြောပါတယ်။

' ' အစိုးရအလုပ်မှာမလုပ်ချင်လို့ကို CDMလုပ်ပြီးထွက်သွားကြတဲ့သူတွေကလည်း ပြန်ဝင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အလုံမြို့နယ်မှာတော့အခုထိ ပြင်ပဆေးခန်းဆရာဝန်တွေကို ခေါ်ပြောတာဘာညာတော့ မရှိသေးဘူး။ အခုတောင် ဆရာဝန်တချို့ လူနာကနေ ကူးတာ၊ ဖျားတာရှိလို့ ဆေးခန်းပိတ်ထားရတာတွေ လည်းရှိနေတာ။ ဒီတော့ပြောလည်း အဆင်ပြေမယ် မထင်ဘူး''လို့ သူရဲ့အမြင်ကို ပြောပြပါတယ်။

အလားတူ ဒလမြို့နယ်က အခမဲ့ကူဖို့ ဖိတ်ခေါ်ပြောခံရသူ ဆရာဝန်တချို့ကလည်း အခုလိုရောဂါ ဖြစ်ပွားမှု မြင့်တက်နေချိန်မှာ အသက်အရွယ်ပိုင်းအရလည်း ကူးစက်ခံမှုခံရပါက အန္တရာယ်များတဲ့အတွက် သွားကူပေးဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

' ' စစ်ကောင်စီက အာဏာသိမ်းတာကို ဒီနေ့ပြန်ပေးရင် နောက်နေ့အလုပ်ပြန်ဆင်းမယ်'' လို့ CDM လုပ်ဆောင်နေတဲ့ ဆရာဝန်အချို့က လူမှုကွန်ရက်ကတဆင့် ဖွင့်ဟပြောဆိုတာတွေ လည်းရှိနေပါတယ်။