ကိုဗစ် တတိယလှိုင်း- အရေးပေါ်လူနာကားသံကြားရတာ မြန်မာပြည်မှာ လက္ခဏာကောင်းတခုလား

ရေးသားခဲ့သည်။

"အခုတော့ လမ်းမတွေမှာ အရေးပေါ်လူနာတင်တဲ့ ကားသံတွေ ပြန်ကြားလာရတယ်ဗျ။"

သူ့အသံက လူနာတင်ကားသံတွေ ကြားလာရတာကို အံ့သြပြီး တစုံတရာ ဝမ်းသာသွားတဲ့ပုံရပါတယ်။

ကိုဗစ် တတိယလှိုင်းကို ရင်ဆိုင်တွေ့နေရပြီဖြစ်တဲ့ မြန်မာပြည်ရဲ့ လူဦးရေအထူထပ်ဆုံး မြို့ရန်ကုန်က ပြည်သူ တယောက်က ပြောပြတာပါ။

ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက လမ်းပေါ်မှာ ဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ် ုံသာမက၊ အဲဒီ ဒဏ်ရာရသူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ့်သူတွေဆီ သယ်ဆောင်ပေးတဲ့ အရေးပေါ် လူနာတင်ကားတွေကို ပစ်ခတ်တာတွေ၊ အဲဒီ ပရဟိတ အလုပ်လုပ်သူတွေကို ရိုက်နှက် ဖမ်းဆီးတာ တွေ၊ သူတို့ရဲ့ ရုံးခန်းတွေ အဆောက်အအုံတွေကို ဖျက်ဆီးတာတွေပါ လုပ်ဆောင်ခဲ့တာပါ။ ဒီတော့ အရေးပေါ် လူနာတင်ကားတွေဟာ လမ်းတွေပေါ်ကနေ ပျောက်ကွယ်ခဲ့ရပါတယ်။

ကိုဗစ်ရောဂါပျံ့နှံ့မှု စိုးရိမ်နေရတဲ့ ပြည်သူတယောက်အနေနဲ့ ပရဟိတ လူနာတင်ကားသံတွေကို ပြန်ကြားရတာ၊ တနည်းပြောရရင် ဒီလူနာတင်ကားတွေကို စစ်ကောင်စီဘက်က မနှိပ်ကွပ်တဲ့ အခြေအနေတရပ်ကို ဝမ်းသာမိတဲ့ပုံပါ။

ပုံမှန်ကမ္ဘာ့နိုင်ငံတွေမှာ အထူးသဖြင့် ကိုဗစ် - ၁၉ ရောဂါလှိုင်းကို ရင်ဆိုင်ရတဲ့နိုင်ငံတွေမှာ အရေးပေါ် လူနာတင်ကား ဥသြဆွဲတွေ ကြားရတာက၊ စိတ်မကောင်းစရာသတင်းကို ကြားရသလိုမျိုးမို့ စိတ်ထဲ လေးပင်ထိခိုက်စရာပါ။

မြန်မာပြည်မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒီထက် စိတ်ခြောက်ခြားစရာ၊ မခံရပ်နိုင်စရာ၊ စိတ်ညစ် ညူးစရာတွေက အပုံအပင်မို့ အရေးပေါ် လူနာတင် ကားသံက အဓိပ္ပာယ်တမျိုး ဆောင်နေပါတယ်။

အရင်ထက်ပိုကြီးတဲ့ ကိုဗစ်လှိုင်းအန္တရာယ်နဲ့ အကာအကွယ်မဲ့ ပြည်သူတွေ

ကိုဗစ်တွေပြန်ကူးစက်ပျံ့နှံ့နေပြီဆိုတဲ့ သတင်းတွေထွက်လာတဲ့ သီတင်းပတ်တွေ အတွင်းမှာပဲ အသေအပျောက်နဲ့ ကူးစက်ခံရသူ အရေအတွက်က အဆ အတော်များများ ခုန်ခုန်တက်လာနေ ပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဌာနက ဇူလိုင် ၉ ရက်နေ့ ညက ထုတ်ပြန်ချက်မှာတင် ကိုဗစ်ကူးစက်သူ အသစ် ပြီးခဲ့တဲ့ တရက်အတွင်း ၄၃၂၀ ယောက် ရှိတယ်၊ သေဆုံးသူ ၆၄ ယောက် ရှိတယ် လို့ ဆိုပါ တယ်။ အရှေ့က တစ်ရက် ထုတ်ပြန်ချက်မှာလည်း ကူးစက်သူအသစ်က ၄၀၀၀ ကျော်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်းမှာတောင် တရက်အတွင်း ကူးစက်သူ အသစ်က အများဆုံးနေ့မှာမှ ၂၁၀၀ ကျော်သာရှိခဲ့တာပါ။

အခုဖြစ်နေတာက ရေထဲမှာ မြုပ်နေတဲ့ ရေခဲစိုင်ထုကြီးကို မမြင်ရပဲ တပိုင်းတစ ရေပေါ်ပေါ်နေတဲ့ ရေခဲတုံး ထိပ်စလေး ကို မြင်ရတဲ့ အဖြစ်မျိုး "Tip of the iceberg ပဲ"လို့ စစ်ကောင်စီ ကျန်းမာရေး ဌာနရဲ့ ပြင်ပမှာရှိနေကြပြီး လူနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကုသပေးနေတဲ့ ဆရာဝန်တွေက ဆိုပါတယ်။

ကိုဗစ် ကူးစက်ခံရပေမယ့် သက်ဆိုင်ရာ ကျန်းမာရေး ဌာနကို ရောက်မလာတဲ့ လူနာတွေ၊ ပိုးရှိ မရှိဆေးမစစ် နိုင်တဲ့ လူနာတွေ အများအပြား ရှိနေတယ်၊ သူတို့ကတဆင့် ပျံ့နှံ့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ သူတို့က ထောက်ပြတာပါ။

ကိုဗစ်ကြောင့် သေဆုံးကြရတဲ့ လူအရေအတွက်ဟာလည်း ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ အရေအတွက်ထက် "တော်တော့်ကို ပိုများမယ်"လို့လည်း သူတို့က ဆိုပါတယ်။

ကလေးမြို့တမြို့ထဲတင် မေလကုန်ပိုင်းကနေ ဇွန်လကုန်ပိုင်းအထိ တလတာ ကာလအတွင်း ကိုဗစ် အတည်ပြုနဲ့ ကိုဗစ်သံသယလူနာ အယောက် ၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဒေသခံ ပရဟိတ ကူညီသူတွေက ပြောပါတယ်။

ကိုဗစ်လူနာတွေ များလို့ အောက်စီဂျင်ဘူးတွေဝယ်မရတော့ဘူး၊ အောက်စီဂျင်တွေ ပြတ်နေပြီဆိုတဲ့ သတင်းတွေကလည်း မြန်မာပြည်အနှံ့ကနေ ထွက်လာပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက အတိအကျထုတ်ဖော် မပြောပေမယ့် ဆေးရုံတွေမှာ၊ ကိုဗစ်ကုသရေး စင်တာတွေမှာ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အများအားဖြင့် မရှိဘူး ဆိုတာကို သိထားကြတဲ့နောက် ပြည်သူအများအပြားဟာ "ကိုဗစ်ဖြစ်ရင် ကိုယ့်အိမ်မှာပဲ ကိုယ်ကု ရမယ်၊ ကိုယ်နဲ့ နီးစပ်တဲ့ ဆရာဝန်ကို အကူအညီတောင်း ဆက်သွယ်ရမယ်၊ ညွှန်ကြားချက် တောင်းရမယ်" ဆိုတာ သိလာ၊ ခံယူလာကြတယ်လို့ ရန်ကုန်က အိမ်ရှင်မ တယောက်ပြောသလို၊ ကိုဗစ်ကို မိသားစုအတွင်းမှာ ကြုံနေကြရတဲ့ တခြားသူတွေအများအပြားကလည်း အဲဒီအတိုင်းပဲ ဖြေရှင်းဆောင်ရွက်နေကြတာပါ။

အဲဒီအတွက် လူတွေက လိုအပ်တာကို ဝယ်ကြတာက စျေးကွက်ထဲမှာ အောက်စီဂျင် ရှားပါးပြတ်လပ် လာတဲ့ အကြောင်းရင်းတွေ ထဲက တခုဖြစ်လာပါတယ်။

ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ကိုယ်တိုင် ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းအင်အားက အရင်ကနဲ့ စာရင် "၆၀ ရာခိုင်နှုန်း" အင်အားပဲ ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကလုပ်တဲ့ COVID - 19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထုတ်ပြောပြီး လူ့စွမ်းအား အရင်းအမြစ် ပြဿနာက အဓိကဖြစ်နေတယ်လို့ ဝန်ခံသွားပါတယ်။

သူက ၆၀ ရာခိုင်နှုန်းလို့ ဆိုပေမယ့် တကယ်မှာ အဲဒီလိုတောင် မဟုတ်ဘူးလို့ ထောက်ပြကြတဲ့ ဆရာဝန်တွေ အများသားပါ။ အထူးသဖြင့် လူနာနဲ့ ထိတွေ့ကာ လက်တွေ့ကုသရေး လုပ်ငန်းခွင်မှာ လုပ်ရတဲ့ လက်ထောက် ဆရာဝန်တွေ၊ သူနာပြုတွေက ဆေးရုံတွေမှာ ၈၀ - ၉၀ ရာခိုင်နှုန်းလောက်ကို မရှိတာလို့ ဆရာဝန် အသိုင်းအဝိုင်းက ပြောပါတယ်။

"ဆေးရုံမှာလူနာပြည့်နေလို့ လက်မခံနိုင်ပဲ လူနာတွေပြန်လွှတ်နေရတယ်"ဆိုတာဟာ ဆေးရုံတွေမှာ ရှိတဲ့ ဆရာဝန်၊ သူနာပြုအင်အားနဲ့ တတ်နိုင်သလောက်ပဲ လူနာ လက်ခံနိုင်တဲ့အတွက် ဆေးရုံမှာ ကုတင်လွတ်အများကြီးနဲ့ တင်နိုင်တဲ့လူနာက ဖျောက်ဖျောက်၊ ကျန်းမာရေး ဝန်ထမ်းက ကျဲတောက်တောက်နဲ့ ဖြစ်နေတာပါ။

"ဆေးရုံတွေဆိုတာက ပြင်ပလူနာလောက်သာကြည့်ပေးပြီး အတွင်းလူနာနဲ့ အရေးပေါ်လူနာ ဆိုတာက တကယ့်ကို အကန့်အသတ်နဲ့ပဲ လက်ခံနေကြတာ"လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ကိုဗစ်လှိုင်းကို အံတုကြပုံ၊ ယခင်နဲ့ယခု

အရင်ကိုဗစ်လှိုင်းတွေကြုံရစဉ် အဲဒီတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက စီမံခန့်ခွဲပုံကို လူတွေက မမေ့ကြသေးပါဘူး။

အဲဒီတုန်းက အမျိုးသားအဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် စီမံမှုတွေအကြောင်း သာမန်ပြည်သူတွေက သိနိုင်ကြသလို၊ ကိုဗစ်ရောဂါလက္ခဏာတွေ ပြလာရင် ဘယ်အခြေအနေမှာ ဘယ်ကိုသွား၊ ဘာလုပ်ရ မလဲဆိုတဲ့ လမ်းညွှန်ချက်တွေက ရပ်ကွက်တွေထဲ၊ ကျေးရွာတွေထဲအထိ ရောက်လာလို့ လက်လှမ်းမီတယ်လို့ ဆိုရမှာပါ။

အဲဒီတုန်းက ကိုဗစ်လူနာကုသရေးမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ ဆရာဝန်ကြီးတယောက်က "လိုအပ်တဲ့ ဆေးဝါးတွေဖြစ်တဲ့ ဗိုင်းရပ်စ် သတ်တဲ့ ရမ်ဒက်ဆီဗား တို့၊ Antibioticတို့ တခြား လိုအပ်တာတွေကို လူနာတွေကို လုံလုံလောက်လောက်ပေးနိုင်ခဲ့တယ်၊……. အဆင့်ဆင့် အစည်းအဝေးတွေလည်း နေ့စဉ်ပုံမှန်ရှိတယ်၊ (ကုသရေးဆိုင်ရာ၊ စီမံမှုဆိုင်ရာ ) Guidelines လမ်းညွှန်မှုတွေကို အခြေအနေနဲ့အညီ အမြဲ မွမ်းမံနိုင်ကြတယ်၊ ခြုံပြောရရင် ကိုဗစ်ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ခဲ့ကြရာမှာ အတော်အသင့် ကျေနပ်စရာကောင်းအောင် လုပ်ပေးနိုင်ခဲ့ကြတယ်" လို့ ပြောပြပါတယ်။

ပရဟိတအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်း လုပ်အားဝိုင်းကူကြတဲ့ သာမန်ပြည်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကလူတွေ ထောင်သောင်းချီ ရှိခဲ့သလို၊ မြို့နယ် အတော် များများမှာ ပေါ်လာခဲ့ပြီး ကိုဗစ်ခုခံစစ်မှာ ရှေ့တန်းကင်းစခန်းလို့ တင်စားကြတဲ့ Fever Clinic တွေမှာ ၊ ပိုးတွေ့သူနဲ့ ထိတွေ့မိသူတွေကို လိုက်လံရှာဖွေပြီး လိုအပ်သလို စောင့်ရှောက်တာ၊ လမ်းညွှန်တာ တွေ လုပ်ကိုင်တဲ့ Contact tracing လုပ်ငန်းတွေမှာ ဝိုင်းကူညီခဲ့ကြပါတယ်။

ပုဂ္ဂလိကပိုင်းကလည်း ရန်ပုံငွေထည့်ဝင်ကြ၊ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပစ္စည်းကိရိယာတွေ ဝိုင်းဝန်းကူညီကြနဲ့ အမျိုးသားရေး အသွင်လှုပ်ရှားတဲ့ ကိုဗစ်ထိန်းချုပ်ကာကွယ် ကုသရေး လုပ်ငန်းတွေထဲ ပါဝင်ခဲ့ကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ စတင်နိုင်ခဲ့တဲ့နောက် ရက်ပိုင်းအတွင်း အာဏာသိမ်းခံရတဲ့အတွက် ဒီလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားခဲ့ရပါတယ်။

အခုစစ်ကောင်စီခန့် ကျန်းမာရေးဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာတော့ ဒီတတိယလှိုင်းကို ရင်ဆိုင်ဖို့ ကျန်းမာရေးဝန်ထမ်းအင်အားတွေက နည်းပါးနေသလို၊ ရန်ပုံငွေအပါအဝင် ပုဂ္ဂလိကပိုင်းက ဝန်းရံကြတာ၊ စေတနာ့ဝန်ထမ်းတွေ ထွက်လာကြတာက မရှိသလောက်ပါ။

သူတို့ဖွင့်တဲ့ ကုသရေးစင်တာတွေမှာ ပြုစုစောင့်ရှောက်ပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ လုံလုံ လောက်လောက် ရှိမလားဆိုတာကိုလည်း လူတွေက အမေးထုတ်နေကြပါတယ်။

ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ သတင်းတွေအရ အခုလောလောဆယ် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူ ၁ သန်း ၇ သိန်း ၅ သောင်းရှိပြီး၊ မကြာခင်ကာလအတွင်း နောက်ထပ် ကာကွယ်ဆေး အလုံးပေါင်း ၂ သန်းထပ်ရောက်ဖို့ရှိတယ်၊ ဒီနှစ် မကုန်ခင် တနိုင်ငံလုံးကာကွယ်ဆေး လွှမ်းခြုံမှု ၅၀% ရှိလာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

လူသားချင်းစာနာမှု အစီအစဉ်တွေဖြစ်လာ၊ ရောက်လာမလား

စစ်ကောင်စီခန့်ကျန်းမာရေးဝန်ကြီးက "လူသားအရင်းအမြစ်ပြဿနာ"ကို ဖြေရှင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ သူတို့ထုတ်ပြန်တဲ့သတင်းထဲမှာ ထည့်မပြောသွားပါဘူး။

CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကို ဖမ်းဆီးမယ်ဆိုတဲ့ စစ်ကောင်စီက ဝရမ်းထုတ် ထားတာတွေက ဆရာဝန်ပေါင်း ၄၀၀ နဲ့ သူနာပြုပေါင်း ၁၈၀ အထိရှိနေပါတယ်။

သူတို့ဟာ အရင် ကိုဗစ်လှိုင်းတွေကို ကူးစက်ခံရမယ့်အန္တရာယ်များစွာကြားက ကိုယ်ကျိုးမဖက်ပဲ ကာကွယ်ပေးခဲ့ကြတဲ့ ပြည်သူ့သူရဲကောင်းတွေပါ၊ သူတို့နဲ့ အတူ သူတို့လိုပဲ ကိုဗစ်ကာကွယ် တားဆီးကုသရေး လုပ်ခဲ့ကြတဲ့ ဆရာဝန်ငယ်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းများစွာဟာလည်း ဖမ်းဆီးခံရမယ့်အရေးကို ပူပင်ရပြီး "အိမ်မှာမနေရဲပဲ ရှောင်နေရတာ"လို့ ဆရာဝန်တွေက ပြောပါတယ်။

ပြည်သူအများအပြား ဒုက္ခရောက်နေပြီး နိုင်ငံမှာကြုံနေရပြီဖြစ်တဲ့ ကိုဗစ်ကပ် အရေးကို ဖြေရှင်းဖို့ ဦးစားပေး အာရုံစိုက်ပြီး စစ်ကောင်စီဘက်က ကျန်းမာရေး ဝန်ထမ်းတွေရဲ့ နိုင်ငံရေး တောင်းဆိုချက် တွေအပေါ် စဥ်းစားလိုက်လျောပေးတာ၊ သူတို့နဲ့ အခြားနိုင်ငံရေးလှုပ်ရှားသူတွေအပေါ် နှိပ်ကွပ်မှုတွေကို ဖယ်ရှားပေးတာမျိုး ဖြစ်လာနိုင်မလားဆိုတာကလည်း လက်ရှိအထိ ဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေ၊ အရင် ဖြစ်ခဲ့ကြုံခဲ့တာတွေနဲ့ နှိုင်းယှဉ် ထိုးကြည့်ရင် မဖြစ်နိုင်သလောက်ပဲလို့ ဆိုကြပါတယ်။

လောလောလတ်လတ်ဖြစ်ခဲ့၊ ဖြစ်နေဆဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ နှိပ်ကွပ်မှုတွေနဲ့ အတူ ၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းကြီးကြောင့် လူပေါင်း တသိန်းကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်း များစွာ အိုးအိမ်မဲ့ သွားချိန်မှာတောင် အဲဒီအချိန်က စစ်အစိုးရက သူတို့ စိတ်ကြိုက် ရေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲကို အရင် စီစဉ်ထားတဲ့အတိုင်း ရက်မရွှေ့ဘဲ ကျင်းပခဲ့တာ၊ အဲဒီတုန်းက မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူကို လူသားချင်း စာနာမှုဆိုင်ရာ ကူညီပေးတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ထဲ ထည့်ခဲ့တာတွေက ထောက်ပြစရာတွေ ဖြစ်နေပါတယ်။

"လူမဆန်တဲ့" အာဏာပိုင်တွေဆီကနေ "လူသားချင်းစာနာမှုအတွက် ဦးစားပေးတဲ့ အစီအစဉ်တွေ ဖြစ်လာဖို့ဆိုတာက မဖြစ်နိုင်ပါဘူး" လို့ သူတတ်နိုင်သလောက် ကိုဗစ် လူနာတွေကို ပြုစု စောင့်ရှောက်ရေးအတွက် ကာယကံရှင်ရဲ့မိသားစုတွေကို ဆက်သွယ်လမ်းညွှန်ပေးနေတဲ့ CDM ဆရာဝန် တယောက်က ဆိုသလို၊ နောက်သူ့လို ဆရာဝန် တယောက်ကလည်း "ပရဟိတဆေးခန်းတွေမှာ ဆရာဝန်တွေကို လွတ်လွတ် လပ်လပ်လုပ်ခွင့်ပေးတာမျိုး ခွင့်ပြုမယ်ဆိုရင်တော့ ထွက်လုပ်ကြမယ့် ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ရှိလာနိုင်မယ်"လို့ မှန်းဆပြောပါတယ်။

ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံတွေ၊ အနောက်နိုင်ငံတွေကကော မြန်မာနိုင်ငံက ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ဘေး ကျော်လွှားနိုင်ရေးကို ဘယ်လိုကူညီဆောင်ရွက်ပေးနိုင်မလဲ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အရင်ကတည်းက ဒီအရေးအပေါ်မှာ ဆက်သွယ်ဆောင်ရွက်မှုတွေရှိတယ်လို့ သိထားရပေမယ့် အခုကာလမှာတော့ ထုတ်ပြန်ပြောဆိုတာမျိုးတွေ မတွေ့ရသေးပါဘူး။

လောလောဆယ်မှာတော့ အောက်စီဂျင်လိုက်ရှာနေကြတဲ့ ပြည်သူတွေက မြန်မာပြည် အနှံအပြားမှာ တွေ့နေရသလို၊ အသက်ရှူရခက်နေတဲ့ ကိုဗစ်လူနာတွေ တင်လာတဲ့ ပရဟိတ အရေးပေါ် လူနာတင်ကားတွေ ဆေးရုံတွေနား ရောက်လာပေမယ့် ဆေးရုံတွေက လက်မခံနိုင်လို့ ဝင်းအပြင်မှာ စောင့်နေကြရတာကို တွေ့နေရပါတယ်။