၂၀၂၁ မြန်မာစစ်အာဏာသိမ်း-နိုင်ငံရေးပါတီတွေကို ပြည်ထဲရေးဝင်စစ်

ဓာတ်ပုံ ရင်းမြစ်, Social Media
စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိမရှိ အပါအဝင် ပါတီတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပြည်ပအထောက်အပံ့လက်ခံခြင်းရှိမရှိကိုပါ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံရေးပါတီတွေကို ဝင်ရောက်စစ်ဆေးနေတယ်လို့ ပါတီတွေဆီက သိရပါတယ်။
ရန်ကုန်အခြေစိုက်ပါတီတွေဖြစ်တဲ့ ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေပါတီသစ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) တို့ကို ဝင်ရောက်စစ်ဆေးပြီးသွားပြီလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
လက်ရှိစစ်ကောင်စီရဲ့ဝန်ကြီး ဒေါ်သက်သက်ခိုင် ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ကိုလည်း လာမယ့် ဇွန် ၁၄ ရက်မှာ စစ်ဆေးဖို့ အကြောင်းကြားထားတယ်လို့ ပါတီအတွင်းရေးမှူး ဦးစောဟန်အေးက ပြောပါတယ်။
နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတဲ့ ပြဌာန်းချက်တွေနဲ့ ငြိစွန်းမှုရှိမရှိ နိုင်ငံရေးပါတီတွေကို စိစစ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားမှုကနေ အခုလိုစစ်ဆေးမှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
စစ်ကောင်စီက မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့နဲ့ အဆက်အသွယ်မရှိ မေးမြန်းခဲ့တယ်လို့ ပါတီတွေကပြောပါတယ်။
''အကြမ်းဖက်အုပ်စုတွေနဲ့ အဆက်အသွယ်ရှိမရှိ မေးပါတယ်။ ပါတီပိုင်ဆိုင်မှု နဲ့ ပြည်ပအထောက်အပံ့ရှိမရှိစတာတွေလည်း စစ်တယ်'' လို့ ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကျော်လင်းက ဘီဘီစီကိုပြောပါတယ်။
ပြည်သူ့ပါတီဟာ ဇွန်လ ၁၀ ရက်နေ့မှာ အစစ်ဆေးခံခဲ့ရတာဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်ဆေးတဲ့အထဲ ပြည်ထဲရေးဝန်ကြီးဌာန အောက်က အဖွဲ့အစည်းတွေဖြစ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊သတင်းရဲတပ်ဖွဲ့၊ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပါဝင်တယ်လို့ ပါတီတွေကပြောပါတယ်။
တချို့ပါတီတွေကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေကို ဖိတ်ကြားပြီးစစ်ဆေးတာဖြစ်ပြီး ပါတီရုံးကို ရုတ်တရက်ဝင်ရောက်စစ်ဆေးတာမျိုးလည်းရှိပါတယ်။
''ကျွန်တော်တို့ရုံးကို လာစစ်တော့ စရဖ (စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့) လည်းပါတယ်။ မီးတန်းကားတွေနဲ့ ရုတ်တရက်ကြီး ရုံးကိုရောက်လာပြီး စစ်တာ" လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောပါတယ်။
စစ်ကောင်စီ အဖွဲ့ဝင် ဦးခင်မောင်ဆွေ ရဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုတော့ ပြီးခဲ့တဲ့ အပတ်ကထဲက ပါတီရုံးကို လာစစ်ဆေးသွားတယ်လို့ ပါတီအတွင်းရေးမှူး ဦးအောင်ဇင် ကပြောပါတယ်။
"အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မရှိကြောင်း၊ သူတို့လာစစ်တယ်ဆိုတဲ့အကြောင်း လက်မှတ်ထိုးပေးလိုက်ရပါတယ်။ ဥပဒေ၊လုပ်ထုံးလုပ်နည်းအတိုင်းပါပဲ" လို့ ဦးအောင်ဇင် ကပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘက်ကတော့ စစ်ကောင်စီဘက်က CRPH ၊ NUG ၊ PDF တို့တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ ခံဝန်ကတိလက်မှတ်ရေးထိုး ခိုင်းခြင်းများသည် လုံးဝတရားမဝင်ပါကြောင်း နှင့် လိုက်နာဆောင်ရွက်ရန်လုံးဝမလိုအပ်ဘူး လို့ ဇွန်လ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WHO news agency
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းနိုင်ဖို့ အထောက်အထားတွေရှာဖွေနေတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပါတီတွေနဲ့ မေလ အတွင်းက တွေ့ဆုံပွဲမှာ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဥပဒေနဲ့ညီမညီစိစစ်ပြီး ပါတီကိုဖျက်မလားဆိုတာကို စဉ်းစားဆောင်ရွက်သွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားထားပါတယ်။








