မြောင်မြို့ ချောင်းဆင်းကျေးရွာမှာ စစ်သား ၂၀ ကျော်နဲ့ရွာသားတွေ တိုက်ပွဲဖြစ်

မေလ ၂၂ ရက်နေ့က ချောင်းဆင်းရွာမှာ ဖမ်းဆီးသိမ်းဆည်းခဲ့တဲ့ လက်နက်ပစ္စည်းများ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မေလ ၂၂ ရက်နေ့က ချောင်းဆင်းရွာမှာ ဖမ်းဆီးသိမ်းဆည်းခဲ့တဲ့ လက်နက်ပစ္စည်းများ
ရေးသားခဲ့သည်။

မြောင်မြို့နယ်က စစ်ကောင်စီစစ်သား အစိတ် ၃၀ လောက် မေလ ၂၆ ရက် မနက် ၁၀ နာရီအချိန်လောက်မှာ မြောင်မြို့နယ် ချောင်းဆင်းကျေးရွာကို ရောက်လာကြပါတယ်။ စစ်သားတွေရောက်လာချိန်မှာ ရွာကို တူးမီးသေနတ်ကိုင် ရွာသား ၁၀ ယောက်လောက်က စောင့်ဆိုင်းနေကြချိန်ဖြစ်ပြီး ရွာထဲအဝင်မခံဘဲ ခုခံပစ်ခတ်ကြတဲ့ အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

“နောက်ပိုင်းကျ မြောင်မြို့နယ်တနယ်လုံးမှာရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေ ဝိုင်းလာပြီး သူတို့ကို ဝိုင်းပစ်ကြတာပေါ့။ အဲသလို ဝိုင်းပစ်တော့ သူတို့တောင့်မခံနိုင်ဘဲ ချောင်းဆင်းကျေးရွာ မူလတန်းကျောင်းထဲ ဝင်ပြေးကြပါတယ်။ အဲဒီကနေ သူတို့က ခုခံကြပါတယ်။ ကျေးရွာသားတွေက စာသင်ကျောင်းကို ဝိုင်းထားပြီး အချိန်တော်တော်ကြာ တိုက်ပွဲဖြစ်ပါတယ်။” လို့ ချောင်းဆင်းရွာသား ဦးဝမ်းတူးက ဘီဘီစီကိုပြောပါတယ်။

မနက် ၁၀ နာရီကျော်အချိန်လောက်က စတင်တိုက်ပွဲဖြစ်ပြီး ပစ်လိုက်နားလိုက်နဲ့ ဆက်လက်ဖြစ်ပွားခဲ့ရာမှာ နေ့လယ် ၁ နာရီလောက်အထိ အချိန်ကြာမြင့်ခဲ့ပါတယ်။

နေ့လယ် ၁ နာရီထိုးကျော်ကျော်လောက်အချိန်မှာ မိုးရွာလာတဲ့အတွက် တူမီးသေနတ်တွေမှာ ယမ်းတွေရေစိုလာလို့ ရွာသားတွေက ဆက်လက်မတိုက်ခိုက်တော့ဘဲ ပြန်လည်ဆုတ်ခွာပေးလိုက်လို့ တိုက်ပွဲပြီးဆုံးသွားပါတယ်။

စစ်သားတွေကတော့ ချောင်းဆင်း အစိုးရမူလတန်း စာသင်ကျောင်းထဲမှာ ဆက်လက်တပ်စွဲထားဆဲပါ။ မြောင်းနယ်ထဲက စာသင်ကျောင်းတွေဟာ CDM လုပ်ထားကြတဲ့အတွက် ကျောင်းထဲမှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသားတွေတော့ မရှိကြပါဘူး။

ချောင်းဆင်းနဲ့ပေါက်ချောင်းရွာကြားက လက်နက်တွေကိုသိမ်းဆည်းဖို့ စစ်တပ်ကသွားရောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ချောင်းဆင်းနဲ့ပေါက်ချောင်းရွာကြားက လက်နက်တွေကိုသိမ်းဆည်းဖို့ စစ်တပ်ကသွားရောက်ခဲ့

စစ်ကောင်စီစစ်သားတွေက ဘာအကြောင်းကြောင့် လာရောက်တယ်ဆိုတာ မပြောပြပေမဲ့ မေလ ၂၅ ရက် မနေ့ညက ချောင်းဆင်းရွာထဲက အမျိုးသမီးတယောက် အသတ်ခံရတဲ့အတွက် လာရောက်တယ်လို့ ရွာသားတွေက ယူဆကြပါတယ်။

“မနေ့ညတုန်းက ချောင်းဆင်းမှာ အမျိုးသမီးတယောက်အသတ်ခံရတယ်ဗျ။ ဒလန်ဆိုပြီး သတ်လိုက်ကြတာပဲ။ ဘယ်ကလူတွေက လာသတ်သွားတယ်ဆိုတာတော့ ဘယ်သူမှ သေသေချာချာ မသိရဘူး။ သူကြောင့် ရွာထဲက လူတွေ တော်တော်များများ အဖမ်းခံရတာရှိတယ်။ သူ့ကြောင့် လက်နက်တွေ အသိမ်းခံရတာလည်း လွန်ခဲ့တဲ့ ၃၊ ၄ ရက်လောက်တုန်းကဖြစ်ခဲ့သေးတယ်။”

သေဆုံးသူအမျိုးသမီးဟာ ဆန္ဒပြပွဲသတင်းတွေကို စစ်တပ်ဆီ မှန်မှန်သတင်းပို့လေ့ရှိသူတယောက်လို့လည်း အနီးအနားရွာသားတယောက်ဖြစ်တဲ့ ကိုသန်းဆောင်က ဘီဘီစီကို ပြောပါတယ်။ အဲဒီအမျိုးသမီးတိုင်လိုက်တဲ့ အတွက် ပထမတကြိမ်ကလည်း ရွာသား ၁၇ ယောက်အဖမ်းခံရဖူးတယ်လို့ ဦးဝမ်းတူးက ဘီဘီစီကို ပြောပါတယ်။

“ပထမတသုတ်က သူတိုင်လို့ ရွာသား ၁၇ ယောက် အဖမ်းခံရပါတယ်။ နောက်ပိုင်းမှာ ၁၅ ယောက် ပြန်လွတ်လာပေမဲ့ ၂ ယောက်ကို အခုထိ ဖမ်းထားတုန်းပဲ ရှိပါသေးတယ်။”

ရွာနှစ်ရွာကြားက လက်နက်လုပ်တဲ့နေရာကို အမျိုးသမီးတစ်ဦးက သတင်းပေးတိုက်ကြားခဲ့တာလို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရွာနှစ်ရွာကြားက လက်နက်လုပ်တဲ့နေရာကို အမျိုးသမီးတစ်ဦးက သတင်းပေးတိုက်ကြားခဲ့တာလို့ဆို

မေလ ၂၂ ရက်နေ့က ချောင်းဆင်းကျေးရွာနဲ့ ပေါက်ချောင်းကျေးရွာကြားက တူးမီးသေနတ်လုပ်တဲ့ နေရာတခုကို စစ်တပ်က လာရောက်စီးနင်းပြီး လက်နက်အများအပြား သိမ်းဆည်းသွားခဲ့ပါတယ်။ ရွာသား ၂၅ ယောက်ခန့်ကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီရွာသားတွေ အဖမ်းဆီးခံရတာ၊ တူမီးသေနတ်တွေလုပ်တဲ့နေရာကို စစ်တပ်က သိသွားတာဟာလည်း အဲဒီအမျိုးသမီးသတင်းပေးတာလို့ ရွာသားတွေက စွပ်စွဲကြပါတယ်။

“အဲဒီရွာသားတွေ အဖမ်းခံရတဲ့အထဲက ရွာသား ၂၀ ကို ၁ ယောက် ၃ သိန်းပေးပြီး ပြန်ရွေးရပါတယ်။ အဲသလို ပြန်ရွေးလို့ လွတ်လာတာ အယောက် ၂၀ ရှိပါပြီ။ ဒါပေမဲ့ ရွာသားတချို့ကို ပြန်လွှတ်မပေးဘဲ ဆက်ဖမ်းထားပါသေးတယ်” လို့ ချောင်းဆင်းကျေးရွာက လူငယ်တယောက်ကလည်း ဘီဘီစီကို ပြောပါတယ်။

ညပိုင်းမှာ မိုးစဲသွားပါပြီ။ စစ်တပ်က မူလတန်းကျောင်းထဲမှာ ဆက်လက်တပ်စွဲထားတုန်းပါ။ တိုက်ပွဲတော့ ပြန်မဖြစ်ဘဲ အခြေအနေဟာ အေးစက်တင်းမာနေတယ်လို့ ရွာသားတွေက ဘီဘီစီကို ပြောပါတယ်။