ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီလုပ်ငန်းစဥ်တွေကို အထောက်အကူပြုမှ အာဆီယံသံအဖွဲ့ ၀င်ခွင့်ရမယ်
အာဆီယံဘုံသဘောထား ၅ ချက်အပေါ် မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဘယ်လောက် လိုက်နာမလဲ ဆိုတာ မေးခွန်းထုတ်ဖွယ် ဖြစ်လာတယ် ဆိုပြီး နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေက ပြောကြပါတယ်။
စစ်ခေါင်းဆောင်က သူသွားရောက်ခဲ့တဲ့ ဂျကာတာ ဆွေးနွေးပွဲအကြောင်း စစ်ကောင်စီ၀င်တွေကို ပြန်ပြောတဲ့ အခါ မြန်မာအရေး အာဆီယံ သဘောတူမှု ၅ ချက်ကို အာဆီယံ ခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေ ဆိုပြီး ပုံဖော် ပြောဆိုပါတယ်။
"ပြည်တွင်းတည်ငြိမ်မှု အပေါ် မူတည်ပြီး နိုင်ငံအကျိုးစီးပွားကို အခြေခံလျက် အာဆီယံခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို အလေးထားစဥ်းစားပေးမယ်" ဆိုပြီး သူပြောဆိုခဲ့တယ်လို့ ဧပြီ ၂၆ ရက်၊ တနင်္လာနေ့ နေပြည်တော် စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဧပြီ ၂၄ ရက်၊ စနေနေ့ မြန်မာအရေး အာဆီယံ အစည်းအဝေး အပြီးမှာ အာဆီယံမူ အတိုင်း အားလုံး သဘောတူချက်ပါမှ ထုတ်ရတဲ့ ဘုံသဘောထား ၅ ချက် ထုတ်ပြန်ခဲ့ပါတယ်။
(၁။အကြမ်းဖက်မှုတွေရပ် ၂။ ဒိုင်ယာလော့ဂ်လမ်းလိုက်၊ ၃။ အာဆီယံက အထူးသံခန့်ပြီး ကြား၀င်ညှိပေးမယ် ၄။ လူသားချင်းစာနာတဲ့ အထောက်အပံ့ အကူအညီတွေ အာဆီယံပို့ပေးမယ် ၅။ ဘက်အားလုံးနဲ့တွေ့ဖို့ အာဆီယံ အထူးသံအဖွဲ့ မြန်မာပြည်ကို ဝင်လာမယ်)
ဒါ့ကြောင့် တွေ့ဆုံဆွေးနွေးရေး ဒိုင်ယာလော့ဂ်လမ်းကြောင်း အတွက် ကြားဝင် ညှိနှိုင်း ပေးမယ့် အာဆီယံ အထူးသံတမန် အဖွဲ့ မြန်မာပြည်လာရောက်ရေး ဆိုတဲ့ အချက်ကို အာဏာသိမ်း စစ်ခေါင်းလည်း သဘောတူထားတယ်လို့ အာဆီယံ ထုတ်ပြန်ချက် အပေါ် မူတည်ပြီး နိုင်ငံတကာက နားလည်ထားခဲ့ပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ အာဆီယံ အထူးသံ အဖွဲ့ရဲ့ မြန်မာခရီးစဥ် အပါအ၀င် ဘုံသဘောထား ၅ ချက် ဆိုတာ အာဆီယံအဆိုပြုတဲ့ အချက်တွေ အဖြစ် နေပြည်တော် စစ်ကောင်စီ အစည်းအဝေးမှာ ပုံဖော် ပြောဆိုတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဥ် ၅ ရပ်ကိုလည်း အထောက်အကူပြုရမယ်
တိုင်းပြည်တည်ငြိမ်မှ၊ နိုင်ငံအကျိုးရှိမှ ဆိုတာတွေ အပြင် စစ်ကောင်စီ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဥ် ၅ ရပ် ကို အထောက်အကူ ပြုနိုင်မှ အာဆီယံ သံအဖွဲ့ရဲ့ ခရီးစဥ်ကို စဥ်းစားမယ် ဆိုတဲ့ သူ့ရဲ့ သဘောထားကို အာဆီယံ အစည်းအဝေးအတွင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
တကယ်ပဲ ရွေးကောက်ပွဲ ကော်မရှင် အသစ်ဖွဲ့၊ မဲစာရင်းပြန်စစ် ဆိုတာက စလို့ ရွေးကောက်ပွဲ အသစ် ကျင်းပမယ်ဆိုတဲ့ ကာလ အပိုင်းအခြား ထည့်သွင်းပြောမထားတဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဥ် ၅ ချက် ဆိုတာကို အထောက်အကူပြုမှ အာဆီယံ သံအဖွဲ့ လာခွင့်ရမယ်လို့ စစ်ခေါင်းဆောင် ဂျကာတာ အစည်းအဝေးမှာ တကယ် ပြောဆိုခဲ့လား ဆိုတဲ့ မေးခွန်း ပေါ်ထွက်လာစေပါတယ် ။
စစ်ခေါင်းဆောင် ချမှတ်ထားတဲ့ အကန့်အသတ်တွေနဲ့ ကိုက်ညီမှ၊ စစ်ခေါင်းဆောင်က ခွင့်ပြုချိန် တန်ပြီလို့ ယူဆတဲ့ အခါမှ အာဆီယံက စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့ ပြည်၀င်ခွင့်ရမယ်ဆိုပြီး စစ်ခေါင်းဆောင်ကတော့ ပြည်တွင်းမှာ ပြောဆိုနေပါတယ်။
အာဆီယံကြား၀င်မှုအပေါ် နိုင်ငံတကာရဲ့ သဘောထား
အာဆီယံ သဘောတူမှု ၅ ချက်ထဲ နိုင်ငံရေး အကျဥ်းသားတွေပြန်လွှတ်ရေးလို ဒိုင်ယာလော့ဂ်လမ်း အတွက် အခြေခံအရေးကြီးတဲ့ အချက် မပါဝင်ဘူး ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေ၊ ဥပဒေအဖွဲ့တွေရဲ့ ထောက်ပြမှုတွေ ရှိနေပါတယ်။
ဒါပေမဲ့ အာဆီယံ ကြား၀င်မှုဟာ မြန်မာအကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရေး အတွက် အကျိုးရှိတဲ့ ခြေလှမ်းအဖြစ် အမေရိကန်နဲ့ အီးယူ တို့လို အနောက်အုပ်စု နိုင်ငံတွေရော၊ တရုတ် ရုရှားတို့ကပါ အားပေးနေပါတယ်။
အာဆီယံ ဘုံသဘောထား ၅ ချက်ထဲမှာ CRPH နဲ့ NUG တွေကို နာမည်တပ် ပြောမထားပေမဲ့၊ သက်ဆိုင်တဲ့ဘက်အားလုံး အဖွဲ့အားလုံးကြား ညှိနှိုင်းဆွေးနွေး အဖြေရှာရေး ဆိုတာကို ပြောထားပါတယ်။
NUG က ရော ဘာပြောလဲ
အာဆီယံ သဘောတူချက်တွေကို အကောင်အထည်ဖော်ရာမှာ စစ်တပ်ရဲ့ မမှန်မကန် လှည့်ဖြားမှုတွေကြောင့် အခက်အခဲဖြစ်မှာကို စိုးရိမ်ပူပန်တယ်ဆိုပြီး ကြားကာလ အစိုးရ အဖြစ် ကြေညာထားတဲ့ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ထုတ်ပြန်ချက်ထဲ သတိပေးထားပါတယ်။
မန်း၀င်းခိုင်သန်းရဲ့ ဧပြီ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ချက်ဟာ အာဆီယံ အစည်းအဝေး အပြီး အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းရဲ့ ကြေညာချက်နဲ့ ဘုံသဘောထား ၅ ချက် အပေါ် သုံးသပ်ထားတာ ဖြစ်ပါတယ်။
သဘောတူ ၅ ချက်ကို စစ်ကောင်စီက လိုက်နာမှု ရှိမရှိ အမြဲမပြတ် စောင့်ကြည့် ကြတ်မတ်နိုင်တဲ့ နည်းစနစ် အာဆီယံ အနေနဲ့ ထူထောင်ထားရှိသင့်တယ်လို့လည်း မန်း၀င်ခိုင်သန်းက တိုက်တွန်းထားပါတယ်။
အာဆီယံ သဘောတူမှုတွေကို စစ်တပ်က တကယ်တမ်း လေးစား လိုက်နာမှာလား ဆိုတဲ့အပေါ် NGU စိုးရိမ်တဲ့ အတိုင်းပဲ ဂျကာတာ အစည်းအဝေးကနေ ရလာတဲ့ ဘုံသဘောထားတွေဟာ အာဆီယံ ခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေသာ ဖြစ်ပြီး၊ လက်ခံမခံ အခြေအနေတွေ ပေါ်မူတည်ပြီး စဥ်းစားပေးမယ်ဆိုတဲ့ လေသံမျိုး စစ်ခေါင်းဆောင်က ပြည်တွင်းမှာ ပြောလာနေတာ ဖြစ်ပါတယ်။
အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးရေးလိုင်း တကယ်တမ်း အထမြောက်နိုင်မလား
အာဆီယံအစည်းအဝေးမှာ မြန်မာပြည်ဘက်က ပေးခဲ့တဲ့ ကတိက၀တ်တွေ အဖြစ် စစ်ခေါင်းဆောင်က နေပြည်တော်မှာ ပြန်ပြောတဲ့အခါ နိုင်ငံရေး ကိစ္စ၊ အကြမ်းဖက်မှု ရပ်ရေး ကိစ္စတွေ မပါဘဲ၊ ကိုဗစ်ကြောင့် ထိခိုက်မှုတွေကနေ နာလံထူရေး အစီအစဥ်တွေမှာ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ အချက်ပဲပါ၀င်ပါတယ်။
အဲဒီ ဧပြီ ၂၆ ရက် နေပြည်တော် စစ်ကောင်စီ အစည်းအဝေးမှာပဲ CRPH ကို အကြမ်းဖက် အဖွဲ့ အဖြစ် ကြေညာဖို့ ကိစ္စလည်း စစ်ကောင်စီ အဖွဲ့၀င်တွေက အာဏာသိမ်း စစ်ခေါင်းဆောင်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဒီအချက်တွေကိုကြည့်ရင် နိုင်ငံရေး ဆွေးနွေးပွဲ စကားဝိုင်းတွေ ဖြစ်မြောက်ရေး အာဆီယံ ဘုံသဘောထား ၅ ချက်ကို ထင်ဟပ်နေတာ မတွေ့ရပါဘူး။
၂၀၂၀ ရွေးကောက်ပွဲရဲ ရလဒ်ကို အသိအမှတ်မပြု ပယ်ဖျက်တယ် ဆိုတဲ့အချက်၊ အာဏာရယူတာ ဖွဲ့စည်းပုံနဲ့အညီ တရား၀င်ပြီး သူတို့ ကြေညာထားတဲ့ လုပ်ငန်းစဥ်တွေ အတိုင်းသာ ရှေ့ဆက်မယ်ဆိုတဲ့ အချက်တွေကို စစ်ကောင်စီရဲ့ သဘောထားတွေ အဖြစ် ဆက်ပြီး တွေ့နေရပါတယ်။
တစ်ခါ၊ CRPH ကနေ တစ်ဆင့် ပေါ်ပေါက်လာတဲ့ NUG ကြားကာလ အစိုးရ ဘက်က သဘောထားကို ကြည့်ရင်လည်း စစ်ကောင်စီဟာ တရားမ၀င် စစ်အာဏာသိမ်းထားတာ ဖြစ်ပြီး သူတို့နဲ့ ဆက်သွယ် ဆောင်ရွက်တာဟာ အာဆီယံပဋိညာဥ်နဲ့ မကိုက်ညီဘူး၊ NUG သာ ရွေးကောက်ခံ အစိုးရ ဖြစ်တယ်ဆိုပြီး အာဆီယံ ခေါင်းဆောင်တွေကို ပြောနေပါတယ်။
အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါ်က်လိုတဲ့ ဆန္ဒ ဒိုင်ယာလော့ဂ်လိုင်းကို အသိအမှတ်ပြုတယ်လို့ NUG က သံခင်းတမန်ခင်း ဆန်ဆန် ပြောပါတယ်။
"မြန်မာပြည်တွင်းရေးမှာ အဓိက ပါ၀င်ပတ်သက်သူတွေ အချင်းချင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုများ" ဆိုပြီး ဒိုင်ယာလော့ဂ်လိုင်းကို NUG က ရည်ညွှန်းတာတွေ့ရပါတယ်။
အဓိက ပါ၀င်ပတ်သက်သူတွေလို့ ရည်ညွှန်းတဲ့ အထဲ အာဏာသိမ်း စစ်တပ်ကိုပါ ထည့်သွင်းလားဆိုတာ မန်းဝင်းခိုင်သန်း လက်မှတ်ထိုး ထုတ်ပြန်တဲ့ NUG ရဲ့ ကြေညာချက်ထဲ ပြောမထားပါဘူး။
ဒါပေမဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေမစခင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံရေး အကျဥ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရမယ်လို့ ဆိုထားပါတယ်။
အကြမ်းဖက်မှုရပ်ရေး ပထမဆုံးအချက် အထမြောက်မလာသေး
ဒါ့အပြင် အကြမ်းဖက်မှုတွေ ရပ်ရေး ဆိုတာ ဂျကာတာ အစည်းအဝေး ဘုံသဘောထား ၅ ချက်ရဲ့ ထိပ်ဆုံး အချက်ဖြစ်ပေမဲ့၊ ပြည်တွင်း မြေပြင် အခြအနေမှာတော့ ပစ်ခတ်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ လူသေမှုတွေ အခု ရက်တွေအတွင်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
မင်းတပ်မှာဆိုရင် ဒေသခံတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြား ဧပြီ ၂၆ ရက်နေ့က ပစ်ခတ်တာတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ရထားသလို၊ တစ်ရက်တည်းမှာပဲ မန္တလေးမှာလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး တစ်ယောက်ရှိကြောင်း အတည်ပြု ထားနိုင်ပါတယ်။
ဒါ့အပြင်၊ ထိုင်း-မြန်မာ နယ်စပ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်လက်နက်ကိုင် KNU ကြား တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး၊ မူထြောခရိုင်၊ သံလွင်မြစ်ကမ်းဘေးက စစ်ကောင်စီ စခန်းတစ်ခုကို ဧပြီ ၂၇ ရက် အစောပိုင်း အချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဘက်က ကြေညာပါတယ်။
ဧပြီ ၂၇ ရက်နေ့မှာပဲ မြို့ပေါ် ပစ်ခတ်မှုတွေလည်း ဆက်ရှိနေပြီး အတည်ပြုထားနိုင်သမျှ ကယားပြည်၊ ဒီမောဆိုမှာဆိုရင် စစ်ကောင်စီ တပ်ဖွဲ့ရဲ့ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး တစ်ယောက် ရှိပါတယ်။