ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ မြန်မာကို ဘယ်သူကိုယ်စားပြုသင့်လဲ
အာဆီယံ အနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ တကယ်တမ်း ကူညီလိုတယ်ဆိုရင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်မှရမယ် ဆိုပြီး NUG နိုင်ငံခြားရေး တာ၀န်ရှိသူတစ်ဦးကသတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
မြန်မာ့အရေး အရေးပေါ် ထိပ်သီး အစည်းအဝေးကို လာမယ့် စနေနေ့ကျရင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။
အဲဒီအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာပြီးတက်မယ် ဆိုတဲ့ အတည်ပြုချက်ရထားကြောင်း အာဆီယံ သံတမန် အသိုင်းအဝိုင်း ကနေ သတင်းတွေ ထွက်ခဲ့တဲ့နောက် အာဏာသိမ်း စစ်ကောင်စီ အပေါ် မြန်မာနိုင်ငံရဲ့ အစိုးရ သဖွယ် အသိအမှတ်ပြု ဆက်ဆံတဲ့ သဘောမျိုး သက်ရောက်မှာကို NUG က မလိုလားကြောင်း တုံ့ပြန်နေတာ ဖြစ်ပါတယ်။
"မြန်မာအရေးနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေ လုပ်ဆောင်မယ်ဆိုရင် NUG နဲ့ ညှိနှိုင်းဆောင်ရွက်တာ မလုပ်သ၍ အောင်မြင်မှာ မဟုတ်ဘူး။ NUG ဟာ မြန်မာလူထုရဲ့ ထောက်ခံမှု အပြည့်ရထားသလို တရား၀င်မှုရှိတဲ့ အစိုးရဖြစ်တယ်" လို့ NUG က ပြောကြောင်း NUG ရဲ့ နိုင်ငံခြားရေး ဒု၀န်ကြီး ဦးမိုးဇော်ဦးကို ကိုးကားပြီး မီဒီယာတွေက ရေးကြပါတယ်။
မြန်မာ့အရေး ဂျကာတာ ထိပ်သီး ဆွေးနွေးပွဲ
မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြည်တွင်းမှာထုတ်ပြောတာမျိုးမရှိသေးပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျာကာတာမြို့ကို လာမယ့် အကြောင်းအတည်ပြုထားနှင့်ပြီးဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ဖော်ပြောဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ တာနီးဆန်ဂရတ်ရဲ့ အဆိုအရ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပမယ့် ဧပြီ ၂၄ ရက် ထိပ်သီး ဆွေးနွေးပွဲကို လာတက်မယ်လို့ အာဆီယံ အဖွဲ့၀င် နိုင်ငံတွေရဲ့ ခေါင်းဆောင် တော်တော်များများ ဆီကနေ အတည်ပြုချက်ရထားပြီးပြီလို့ ဆိုပါတယ်။
မြန်မာပြည်မှာ စစ်အာဏာသိမ်းခံရပြီး နောက်ဆက်တွဲ စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တဲ့ အတွက် လူတွေ ရာပေါင်းများစွာ သေဆုံး နေရတဲ့ အခြေအနေအပေါ် အရေးပေါ် ဆွေးနွေးကြဖို့ အင်ဒိုနီးရှား နိုင်ငံက ကမကထလုပ် ဆော်ဩခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားရဲ့ တောင်းဆိုမှုကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက လက်ခံခဲ့ပြီး အခုလို ကျင်းပမယ့် နေရာနဲ့ နေ့ရက်တို့ အတိအကျ အစီအစဥ်တွေ ထွက်လာတာဖြစ်ပါတယ်။
အွန်လိုင်း ဗီဒီယိုကနေ တစ်ဆင့် အစည်းအဝေးလုပ်မှာ မဟုတ်ဘဲ လူချင်းတွေ့ကြဖို့နဲ့ ဂျာကာတာမှာ အစည်းအဝေးလုပ်ဖို့ အာဆီယံတာဝန်ရှိသူတွေ အကြား သီတင်းတစ်ပတ် အကြာညှိနိုင်းပြီးမှ သဘောတူချက် ထွက်လာတာဖြစ်ပါတယ်။
မြန်မာဘက်က ဘရူနိုင်းမှာ လုပ်ဖို့ ကနဦး တောင်းဆိုခဲ့ပြီး အင်ဒိုနီးရှားကိုလာဖို့ နောက်မှ သဘောတူခဲ့တယ်ဆိုတဲ့ သတင်းမျိုးလည်း သိထားရပါတယ်။
တခါ... လူချင်းတွေ့ကြမှာဖြစ်တဲ့အတွက်ကိုဗစ်ကာလ ထိန်းချုပ်မှုတွေအရ နိုင်ငံရပ်ခြားက သူတွေဝင်လာရင် ကာလ တစ်ခုအကြာ သီးခြားနေရတဲ့ စည်းမျဥ်တွေကနေ အစည်းအဝေး လာတက်မယ့် သူတွေ ဘယ်လိုရှောင်လွှဲရမလဲ ဆိုတာကိုလည်း စဥ်းစား အဖြေရှာခဲ့ကြပါတယ်။
အစည်းအဝေး တက်မယ့်သူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးပြီးဖြစ်ရမယ်ဆိုတဲ့ အချက်မျိုးလည်း သဘောတူသတ်မှတ်ထားတယ်လို့ နားလည်ရပါတယ်။
De facto အစိုးရ အနေနဲ့ စစ်ကောင်စီ အသိအမှတ်ပြု ခံရပြီလား
တကျော့ပြန် စစ်အာဏာသိမ်းပြီး ထူထောင်ထားတဲ့ အုပ်ချုပ်ရေး စစ်ကောင်စီကို မြန်မာ အစိုးရ အဖြစ် ကမ္ဘာ့နိုင်ငံတွေက ဆက်ဆံတာမျိုး အရောက်မခံဘဲ သူတို့သာ ပြည်သူ့အာဏာက တိုက်ရိုက် ဆင်းသက်လာတဲ့ တရား၀င် အစိုးရ ဖြစ်တယ်ဆိုပြီး NUG ဘက်က မီးမောင်းထိုး ပြောနေတာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရဲ့ တရား၀င်မှု၊ ရွေးကောက်ပွဲရလဒ် အပေါ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုက တဆင့် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ထူထောင်၊ CRPH ကနေ အမျိုးသား ညီညွတ်ရေး အစိုးရ National Unity Government (NUG) အစိုးရကို ဖွဲ့စည်း.. စတဲ့ CRPH လှုပ်ရှားလာခဲ့တဲ့ လုပ်ငန်းစဥ်ကို ဆိုလိုတာပါ။
NUG ဟာ အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်ပြီး၊ CRPH က လွှတ်တော်တာ၀န်ဖြစ်တဲ့ ဥပဒေပြုရေး မဏ္ဍိုင် ကို ဆက်ပြီး တာ၀န်ယူသွားမယ်လို့ ဆိုပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်လည်း မကြာခင် ပေါ်ပေါက်လာလိမ့်မယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။
ဒီ NUG အစိုးရ အဖွဲ့ကို တိုင်းရင်းသား လူမျိုးစုံ ပါ၀င်ရေး ဆိုတဲ့ မူအတိုင်း ဆက်ပြီး တိုးချဲ့ သွားမှာ ဖြစ်သလို၊ တိုင်းနဲ့ပြည်နယ်တွေမှာလည်း ဒေသန္တရ အဆင့် အစိုးရအဖွဲ့တွေ ဆက်လက် ပေါ်ပေါက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။
ခေတ်အဆက်ဆက် အာဏာသိမ်း စစ်အစိုးရတွေကတော့ လက်တွေ့အရ တကယ်အုပ်ချုပ်နေတဲ့ de facto ဒီဖက်တို အစိုးရ အဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။
ဒီတော့ အခုလက်ရှိ စစ်ကောင်စီနဲ့ စင်ပြိုင် ရှိလာပြီ ဖြစ်တဲ့ NUG အပေါ် ကမ္ဘာ့နိုင်ငံတွေက တရား၀င် အစိုးရ အဖြစ် အသိအမှတ်ပြုမှာလား ဆိုတဲ့ ကြီးမားတဲ့ မေးခွန်း ပေါ်ပေါက်လာပါတယ်။
NUG က ဘာပြောလဲ
အနောက်နိုင်ငံကြီး တချို့နဲ့ အာရပ်နွေဦးတော်လှန်ရေးကို ဖြတ်သန်းခဲ့တဲ့ အဓိက နိုင်ငံတို့က NUG ကို အသိအမှတ်ပြုထားတယ် ဆိုပြီး NUG ဖွဲ့စည်းကြောင်း ကြေညာပြီး ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေး၀န် ဦးလွင်ကိုလတ်က ဆိုထားပါတယ်။
အမေရိကန်ရဲ့ တရား၀င် ထောက်ခံမှုကိုရဖို့ CRPH က ကြိုးစားနေခဲ့တယ် ဆိုတာကို ဖော်ပြနေတဲ့ အချက်တွေကိုလည်း တွေ့နေရပါတယ်။ အာရှပစိဖိတ်ရေး အမေရိကန် နိုင်ငံခြားရေးမူကို ကိုင်တဲ့ ထိပ်တန်း သံတမန် အာတွလ် ကေးရှပ် Atul Keshap နဲ့ CRPH ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတယ် ဆိုတာကို NUG ဖွဲ့ကြောင်း မကြေညာခင်လေးမှာပဲ အမေရိကန်က ချိန်ကိုက် ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာတော့ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အရေးကြီးကြောင်း CRPH နဲ့ တစ်သဘောထားတည်း ရပ်တည်တယ်၊ စစ်အုပ်ချုပ်ရေးကို လက်သင့်မခံ ငြင်းဆန်ပြီး ငြိမ်းချမ်းရေးကို မျှော်ကိုးကြတဲ့ မြန်မာပြည်သူတွေကိုလည်း အမေရိကန်က အပြင်းအထန် ထောက်ခံတယ် ဆိုပြီး ရေးထားပါတယ်။
ဒီတော့ အမေရိကန် ဘက်က အခုလို သံခင်းတမန်ခင်း စကားလုံးတွေနဲ့ မဟုတ်ဘဲ၊ "NUG" သာ မြန်မာပြည်ရဲ့ တရား၀င် အစိုးရ ဆိုတာမျိုး ရပ်တည်မှုကို မြင်တွေ့လာရမှာလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
အာဆီယံရဲ့ အနေအထား
လက်ရှိ မြန်မာ့အရေး ပြဿနာကို အာဆီယံကတဆင့် ဆွေးနွေး ဖြေရှင်းဖို့ ဆိုတာ၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကလည်း ထောက်ခံမှု ပေးထားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
ဒီတော့ အာဏာသိမ်း စစ်တပ်ကို ဆွေးနွေးဘက် အနေနဲ့ ဖိတ်ခေါ်ချိန်မှာ၊ CRPH ရဲ့ အခန်းကဏ္ဍ၊ အခု NUG ပေါ်လာပြီ ဆိုတော့ NUG ရဲ့ အခန်းကဏ္ဍကို အာဆီယံ က ထည့်သွင်း စဥ်းစားမှာလား ဆိုတာ မသိရပါဘူး။
လာမယ့် ဂျကာတာ ထိပ်သီးအစည်းအဝေးမှာလည်း CRPH ဒါမှမဟုတ် NUG ကိုယ်စားလှယ်တွေကို လာတက်ဖို့ ဖိတ်ထားတယ်ဆိုတဲ့ သတင်းမျိုးလည်း မကြားရသေးပါဘူး။
ဒီအချိန်မှာ NUG ရဲ့ နိုင်ငံခြားရေးပိုင်းကို တာ၀န်ယူထားသူတွေက အာဆီယံ အနေနဲ့ စစ်ကောင်စီကို အသိအမှတ် မပြုဖို့၊ NUG နဲ့ ဆွေးနွေးဖို့ ဆိုတာတွေ ပြောလာကြတာ ဖြစ်ပါတယ်။
NUG နိုင်ငံခြားရေး ဒု၀န်ကြီး ဦမိုးဇော်ဦး လိုပဲ၊ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး ဖြစ်တဲ့ ဒေါက်တာ ဆာဆာကလည်း စစ်ခေါင်းဆောင်ကို အစည်းအဝေးဖိတ်တဲ့ အာဆီယံလုပ်ရပ် အပေါ် ဝေဖန်ခဲ့ပါတယ်။
"လူတွေ သတ်နေတဲ့ စစ်ခေါင်းဆောင်ကို ဖိတ်တာ အာဆီယံ ရှက်ဖို့ကောင်းတယ်၊ ကျဆုံး သူရဲကောင်း ၇၀၀ ကျော်ရဲ့ မိသားစုတွေ အပါအ၀င် မြန်မာပြည်သူတွေကို အကြီးအကျယ် စော်ကားတာပဲ" ဆိုပြီး ဒေါက်တာ ဆာဆာက ဝေဖန် ခဲ့ပါတယ်။
အာဆီယံကတော့ ထိပ်သီးအစည်းအဝေး ကျင်းပပြီး မြန်မာအရေး ဆွေးနွေးနိုင်မယ့် နေရာ ဖန်တီး ပေးတာမျိုး အပြင်၊ မြန်မာပြည်ထဲ လူသားချင်း စာနာနားလည်တဲ့ အထောက်အပံ့တွေပေးတဲ့ အကူအညီ ပေးရေးအဖွဲ့ စေလွှတ်မယ့် နည်းလမ်းလည်း စဥ်းစားနေတယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။
အဲဒီလို ကူညီရေး အစီအစဥ်တွေကနေ တဆင့်၊ ရေရှည်ရည်မှန်းချက်ကတော့ စစ်ကောင်စီနဲ့ ဒီမိုကရေစီ အင်အားစုတွေကြား ဆွေးနွေးရေး လမ်းပေါ် ရောက်လာနိုင်ဖို့ ကြား၀င် ဆောင်ရွက်ပေးလိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။
"မြန်မာပြည်ထဲ အခြေအနေတွေ ပြင်းထန်ပြီး ရန်လိုနေတာတွေ ဆိုင်းထားလိုက်ကြဖို့ တောင်းဆိုမယ်၊ အဲဒီနောက် အကူအညီ ပစ္စည်းတွေ ပို့ပေးတဲ့ အစီအစဥ် နောက်ကလိုက်လာမယ်၊ နောက်ဆုံး ဘက်နှစ်ဘက်ကို ဆွေးနွေးပွဲ စကားဝိုင်း ဖန်တီးပေးနိုင်ဖို့ အထိ တဆင့်ခြင်း လုပ်ဆောင်ဖို့ စဥ်းစားထားတယ်" ဆိုပြီး အင်ဒိုနီးရှား ဝါရင့် သံတမန် တစ်ယောက် ဖြစ်တဲ့ ရီဇဲလ် ဆွတ်ခ်မာ Rizal Sukma က ပြောပါတယ်။
သူဟာ ဂျကာတာ အခြေစိုက် မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနကို ဦးဆောင်ဦးရွက် ပြုနေသူ ဖြစ်ပြီး၊ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်ခင် မူဝါဒ ပေါ်လစီပိုင်း ဘယ်လို ချမှတ်ရမလဲ ဆိုတာ ဝိုင်း၀န်းကြံဆ ပေးနေကြတဲ့ ပညာရှင် အဖွဲ့ထဲက တစ်ယောက် ဖြစ်ပါတယ်။
ဆွေးနွေးပွဲ စကားဝိုင်း တကယ်ဖြစ်မြောက်လာဖို့ ဆိုရင်တော့ စစ်တပ်အနေနဲ့ နိုင်ငံရေး အကျဥ်းသားတွေ အားလုံးကို အရင်ပြန်လွှတ်ပေးဖို့ လိုအပ်တယ် ဆိုပြီးတော့လည်း ဒေါက်တာဆွတ်ခ်မာက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရပ်တည်မှု
အာဏာသိမ်း စစ်တပ်ရဲ့ ရပ်တည်မှုကို ကြည့်ရင်တော့ ဆွေးနွေးရေး ဒိုင်ယာလော့ဂ် လမ်းကြောင်းကို ဆော်ဩနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာကို၊ တွေ့ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုပြီး လောလောလတ်လတ်မှာပဲ ပြည်၀င်ခွင့် မပေးဘဲ ငြင်းဆန် ထားပါတယ်။
ဒါပေမဲ့လည်း၊ စစ်ကောင်စီ အနေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ အစိုးရ အဖြစ် ဆက်ဆံခံရတာမျိုးကို လိုအပ်တဲ့ အတွက်၊ အာဆီယံ ထိပ်သီး အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တကယ် ရောက်လာနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
နိုင်ငံတကာ သံတမန် မျက်နှာစာမှာ စစ်ကောင်စီ အနေနဲ့ ဆုံးရှုံးမှုရော အောင်မြင်မှုရော အခု လပိုင်းတွေထဲ တွေ့မြင် နေခဲ့ရပါတယ်။
နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ CRPH နဲ့ တစ်သားတည်း ဖြစ်ကြောင်း ရပ်တည်သွားတာဟာ စစ်ကောင်စီ အတွက် ကြီးကြီးမားမား ထိုးနှက်ခံခဲ့ရတာ ဖြစ်ပြီး၊ ဦးကျော်မိုးထွန်း နေရာကို လူစားထိုး ခန့်ဖို့ ကြိုးစားမှုဟာလည်း မအောင်မြင်ခဲ့ပါဘူး။
ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ် နေရာကို စစ်ကောင်စီက လူစားထိုးတာကိုတော့ ဗြိတိန်အစိုးရက လက်ခံ ခဲ့ပါတယ်။ စစ်ကောင်စီကို တရား၀င် အစိုးရ အဖြစ် အသိအမှတ် ပြုတဲ့ အဓိပ္ပာယ် သက်ရောက်လား ဆိုတဲ့ အချက်အပေါ် ဗြိတိန် နိုင်ငံခြားရေး ဌာနက အာရုံစိုက် ပြောဆိုတာမျိုး မလုပ်ပါဘူး။
နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုတဲ့ သံတမန် ဘယ်သူဘယ်ဝါလဲ ၊ ဘယ်အချိန်မှာ စခန့်ပြီး ဘယ်အချိန်မှ ဖြုတ်လည်း ဆိုတာ အိမ်ရှင်နိုင်ငံအလုပ်မဟုတ်ဘူးဆိုတဲ့ သံတမန် ဆက်ဆံရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဥ် ဗီယာနာ ကွန်ဗင်းရှင်း ဘောင်ထဲကနေ ဆုံးဖြတ်တဲ့ ရပ်တည်မှုကို ဗြိတိန်ပြသခဲ့ပါတယ်။
လန်ဒန်မြန်မာသံရုံး အဖြစ်အပျက်နဲ့ မရှေးမနှောင်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာအရေး ဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ဗြိတိန်ကပဲ ကမကထလုပ် ခေါ်ယူကျင်းပပြီး၊ CRPH ကိုယ်စားလှယ်တွေကို ထည့်သွင်း စကားပြောစေတာမျိုးတွေ ပြုလုပ်ပါတယ်။
အဲဒီ အချိန်က CRPH၊ အခု NUG ရဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ဇင်မာအောင်က အဲဒီ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာအရေးဟာ နိုင်ငံတကာကိုပါ ရိုက်ခတ် သက်ရောက်နေတဲ့ အရေး ဖြစ်တာကြောင့်၊ ကုလတပ်တွေ စေလွှတ်ပြီး မြန်မာပြည်သူတွေကို အကာအကွယ်ပြုပေးရမယ့် ၀တ္တရားကို လိုက်နာ ထမ်းဆောင်ကြဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။
(အဲဒီ အစည်းအဝေးဟာ လုံခြုံရေးကောင်စီ အဖွဲ့၀င် နိုင်ငံတစ်ခုခုက ကမကထလုပ် ခေါ်ယူပြုလုပ်နိုင်တဲ့ "Arria formula" လို့ခေါ်တဲ့ အစည်းအဝေးအမျိုးအစား ဖြစ်ပါတယ်။)
ဖေဖေါ်ဝါရီ ၁ ရက် ၊ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့၀င်တွေ၊ အလှည့်ကျ အဖွဲ့၀င်တွေ အားလုံး ပါ၀င်တဲ့ မြန်မာ့အရေး အရေးပေါ် တံခါးပိတ် အစည်းအဝေးတွေ၊ ကြားနာမှုတွေလည်း ၂ ကြိမ်ထက်မနည်း ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီကနေ သဘောထား ထုတ်ပြန်ချက်တွေလည်း ထွက်လာခဲ့တာမှာ အဓိကကတော့ မြန်မာဆိုင်ရာ ကုလသံတမန် ခရစ္စတင်း ရှရနာ ဘာဂနာ ကြိုးစားနေတဲ့ လမ်းကြောင်းနဲ့၊ အာဆီယံရဲ့ ကြား၀င်ဖြန်ဖြေရေးလမ်းကြောင်းကို ကြိုဆိုထားတာ ဖြစ်ပါတယ်။
R2P လို့ ခေါ်တဲ့ နိုင်ငံတကာ အကာအကွယ်ပြုရေး ကုလတပ်စေလွှတ်နိုင်တဲ့ အခွင့်အာဏာ လုံခြုံရေးကောင်စီမှာ ရှိပေမဲ့ မြန်မာအရေးမှာ အခုအချိန်ထိတော့ အဲဒီ စစ်ရေးအရ အရေးယူရေး လမ်းကြောင်းကို လုံခြုံရေးကောင်စီဘက်က ဦးတည်နေတဲ့ သဘောထား မတွေ့ရဘဲ ဆွေးနွေးရေး လမ်း၊ ဒိုင်ယာလော့ဂ် လမ်းပေါ် သွားကြဖို့ ဆော်ဩနေပါတယ်။
စစ်ကောင်စီရဲ့ ရပ်တည်မှုကို ကြည့်ရင် အထက်မှာ ပြောထားသလို မစ္စ ခရစ္စတင်း ဘာဂနာကိုတော့ ပြည်၀င်ခွင့်မပေးဘဲ ငြင်းဆန်ပေမယ့် အာဆီယံနဲ့ ထိတွေ့မှုတော့ လုပ်ဆောင်မယ်ဆိုတဲ့ အနေအထားကို တွေ့ရပါတယ်။
အစိုးရ အဖွဲ့ကို ကိုယ်စားမပြုတဲ့ အာဆီယံ တပ်ချုပ်များညီလာခံကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အွန်လိုင်းကတစ်ဆင့် တက်ခဲ့ပြီး ဖြစ်ပါတယ်။
အခု ဂျကာတာ အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်လာခဲ့ရင်၊ စစ်အာဏာသိမ်းရခြင်း အကြောင်းပြချက် အနေနဲ့ ပြောထားပြီး ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း ကွာဟမှု ဆိုတာတွေ၊ NLD အစိုးရက အရေးယူ ဆောင်ရွက်ပေးဖို့ အကြိမ်ကြိမ် လျစ်လျူရှု ပျက်ကွက်လို့ ဖွဲ့စည်းပုံအရ အာဏာလွှဲပြောင်း ရယူရတယ်ဆိုတာတွေ၊ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတာတွေကို ထပ်ကျော့ ပြောလာလိမ့်မယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။