တပ်က အပစ်ရပ်တစ် လကြေညာ၊ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး ၇ ဦးနဲ့ ကော်မတီ အသစ်ဖွဲ့

No tag

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty images

ရေးသားခဲ့သည်။

တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ဒုတိယဗိုလ်ချုပ်ကြီး ၇ ဦးနဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

ဒီကော်မတီဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ ရပ်စဲပေးသွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက်‌ရွေးကောက်ပွဲအပြီး နောက်တစ်နေ့မှာ ဒီကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အခု ဒုတိယ ဗိုလ်ချုပ်ကြီး ၂ ဦးနဲ့ ထပ်တိုး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး နောက်တစ်နေ့မှာပဲ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ထိုးပြီး ထာဝရငြိမ်းချမ်းရေး ရတဲ့အထိ ဆွေးနွေးဖို့ ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဥက္ကဋ္ဌတာဝန် ယူပြီး ဌာနကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး ၄ ဦးနဲ့ တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ဖွဲ့စည်း လိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဒီကော်မတီကို အရင်ကတည်းက ရွေးကောက်ပွဲအပြီးမှာ ဖွဲ့စည်းဖို့ ရည်မှန်း ပြင်ဆင်ခဲ့တာ ဖြစ်တယ်လို့လည်း တပ်မတော် သတင်းမှန် ပြန်ကြား‌ရေးအဖွဲ့က ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် NRPC ရှိတယ်၊ နောက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဦးဆောင်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ရှိတယ်၊တပ်မတော်နဲ့ ထပ်ပြီး သီးသန့် ဆွေးနွေးဖို့ဟာ ရှိရင် သီးသန့် ဆွေးနွေးလို့ ရအောင် သီးသန့် ခွဲပေးလိုက်တာပါ "လို့လည်း သူက ပြောပါတယ် ။

အခုလက်ရှိအစိုးရ ထံကနေ အာဏာ သိမ်းထားပြီးနောက်မှာ အစိုးရရဲ့ NRPC ကို ဆက်မထားတော့ဘဲ တပ်က သီးသန့် ဆွေးနွေးဖို့ ပြင်လာတာလည်း ဖြစ်တယ်လို့ ယူဆကြပါတယ်။