ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုများကြား ပြန်စမယ့် လွှတ်တော်

ဓာတ်ပုံ ရင်းမြစ်, Aung-Shine/MPA
၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကတိုက်ရိုက်ခန့် ကိုယ်စားလှယ်တွေပါဝင်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်မှာ ကျင်းပမယ်လို့ ပြည်သူ့လွှတ်တော်က ထုတ်ပြန်ပါတယ်။
တပ်မတော်က ထုတ်ပြန်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေ မှန်ကန်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၆ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့သလို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၂၀၂၀ ရွေကောက်ပွဲရလဒ်ကို တပ်မတော်က ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌနဲ့ ဒု ဥက္ကဋ္ဌ သစ်တို့ကို ရွေးချယ်တင်မြှောက်မယ့်လုပ်ငန်းစဉ်တွေ ပါရှိကြောင်း လွှတ်တော်အစီအစဥ်မှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၃၁ ရက် နေ့စွဲနဲ့ ပြည်သူ့လွှတ်တော်က ထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရ ပထမဆုံးအနေနဲ့ လွှတ်တော်သဘာပတိကို တင်မြှောက်မှာဖြစ်ပြီး သဘာပတိကနေ အစည်းအဝေးကို ဦးဆောင်ကျင်းပမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီနောက် လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကတိသစ္စာပြုခြင်းနဲ့ လက်မှတ်ရေးထိုးခြင်း တို့ပြုလုပ်ပြီးတဲ့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒု ဥက္ကဋ္ဌ တို့ကို ရွေးချယ်တင်မြှောက်မယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် တင်မြှောက်ခံရတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို သဘာပတိက တာဝန်လွှဲအပ်ပြီး ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကား ပြောကြားမယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၄၄၀ ရှိရာမှာ တပ်မတော်သားကိုယ်စားလှယ်က ၁၁၀ ပါဝင်ပြီး ကျန်တဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာ ၁၅ နေရာရှိနေတဲ့ အတွက် စုစုပေါင်း ၃၁၅ နေရာသာ ရွေးကောက်ခံကိုယ်စားလှယ်တွေ ဘက်က တက်ရောက်လာဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနှစ်ကြိမ်မှာ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေ အဖြစ် ဦးရွှေမန်းနဲ့ ဦးနန္ဒကျော်စွာ၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ ဥက္ကဋ္ဌ အဖြစ် ဦးဝင်းမြင့်နဲ့ ဒု ဥက္ကဋ္ဌ အဖြစ် ဦးထွန်းထွန်းဟိန်တို့က တာဝန်ယူခဲ့ကြပြီး ဦးဝင်းမြင့်ကတော့ သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရတာကြောင့် ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HeinHtet/MPA
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေဟာ ပြည်ထောင်စုလွှတ်တော် နာယကတွေဖြစ်ပြီး၊ ငါးနှစ်ရှိတဲ့ လွှတ်တော်သက်တမ်းရဲ့ တစ်ဝက်စီကို တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။
ကနဦးအနေနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကနေရာကို တာဝန်ခံရမှာဖြစ်ပါတယ်။ နောက်ထပ်ကျန်တဲ့လွှတ်တော် သက်တမ်းထက်ဝက်ကိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယက အဖြစ်ဆက်ပြီး တာဝန်ယူရတာဖြစ်ပါတယ်။
ပြည်သူလွှတ်တော်မှာ နေရာအများစု အနိုင်ရထားတာကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဖြစ်ပြီးတော့ နေရာ၂၅၈ နေရာ အနိုင်ရထားပါတယ်။ ကျန်တဲ့ အနိုင်ရပါတီတွေကတော့ USDP ပါတီက၂၆ နေရာ၊ SNLD ပါတီက ၁၃နေရာ၊ ANP ပါတီက ၄နေရာ၊ အခြားပါတီများက ၁၄ နေရာနဲ့၊ တပ်မတော်တိုက်ရိုက်ခန့် ကိုယ်စားလှယ်က ၁၁၀ နေရာတို့ဖြစ်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်တင်သွင်း စေလွှတ်မယ့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်စာရင်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ကိုတော့ ဗိုလ်ချုပ်ရာထူး အဆင့်ရှိသူနှစ်ဦးက ဦးဆောင်သွားမှာဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုတော့ ဗိုလ်ချုပ်ရာထူး အဆင့်ရှိသူတစ်ဦးက ဦးဆောင်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung-Shine/MPA
ပြည်သူ့လွှတ်တော်ကို ဦးဆောင်သွားမယ့် ဗိုလ်ချုပ်တစ်ဦးကတော့ ဒုတိယ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ဟောင်း ဗိုလ်ချုပ် အောင်မျိုးထွန်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် တပ်မတော်သား အစုအဖွဲ့ကို ဦးဆောင်သွားမယ့်သူ နောက်တစ်ဦး ကတော့ ဗိုလ်ချုပ်သန်းထွဋ်သိန်း ဖြစ်ပါတယ်။
ဗိုလ်ချုပ် သန်းထွဋ်သိန်းဟာ ဒုတိယ စစ်ဖက်ရေးရာ အရာရှိချုပ်ဟောင်း တစ်ဦးဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် တပ်မတော်သား အစုအဖွဲ့ကို ဦးဆောင်မယ့် ဗိုလ်ချုပ်တစ်ဦးကတော့ ဗိုလ်ချုပ်စန်းမြင့် ဖြစ်ပြီး သူဟာ ဒုတိယ တပ်မတော် လေ့ကျင့်ရေးအရာရှိဟောင်း ဖြစ်ပါတယ်။
တတိယအကြိမ် စတင်မယ့် လွှတ်တော်မှာ တပ်ကိုယ်စားလှယ်တွေရဲ့ ထူးခြားချက်ကတော့ အကြီးတန်းအရာရှိကြီးတွေကို အရေအတွက် တိုးပြီး တာဝန်ပေးလာတာဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ်ကတင်သွင်းတဲ့ အမည်စာရင်းနဲ့ရာထူးကို ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်က တင်သွင်းတဲ့စာရင်း နဲ့ နှိုင်းယှဉ်တဲ့အခါမှာ ဗိုလ်မှုးကြီးနှင့်အထက် အဆင့်မြင့်အရာရှိကြီး ပေါင်း နှစ်ဆကျော် များလာပြီး ဗိုလ်မှူးကြီးနဲ့ အောက် ဖြစ်တဲ့ ဒုတိယဗိုလ်မှုးကြီး၊ ဗိုလ်မှုးနဲ့ဗိုလ်ကြီး အစရှိတဲ့ရာထူးတွေမှာတော့ အရေအတွက်လျှော့ပြီး တာဝန်ပေးလာတာကို တွေ့ရကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
ပြည်သူလွှတ်တော် ဥက္ကဋ္ဌ နေရာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ က ကိုယ်စားလှယ်ကပဲ တာဝန်ယူမယ်လို့ ခန့်မှန်းမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်မှာ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်ကို တာဝန်ပေးမယ်လို့ ခန့်မှန်းကြသလို တိုင်းရင်းသားပါတီထဲက ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖို့ရှိတယ်လို့ လည်း လွှတ်တော်ကိုယ်စားလှယ်တွေ အကြားမှာ ခန့်မှန်းပြောဆိုမှုတွေ ရှိပါတယ်။








