တရုတ်နိုင်ငံရဲ့ အမျိုးသမီးအရေး လှုပ်ရှားမှုကို အဆုံးအဖြတ်ပေးနိုင်မယ့် အမှု

ရေးသားခဲ့သည်။

ဂျို ရှောင်ရှင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂျို ရှောင်ရှင်ဟာ နိုင်ငံတွင်း လူသိများအထင်ရှားဆုံး ရုပ်သံ သတင်းကြေညာသူတဦးက သူ့ကို ၂၀၁၄ ခုနှစ်တုန်းက လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲပြီး တရားရင်ဆိုင်

စွပ်စွဲပြောဆိုတဲ့ဖြစ်ရပ် ဖြစ်ပြီးတဲ့နောက် ၆ နှစ်အကြာမှာ တရုတ်နိုင်ငံရဲ့ တရားရုံးတစ်ခုမှာ အထင်ကရ အမှုတစ်မှုကို ဗုဒ္ဓဟူးနေ့က ကြားနာခဲ့ပါတယ်။

ဒီအမှုဟာ လိင်ပိုင်းဆိုင်ရဲ့ စော်ကားနှောင့်ယှက်မှုတွေကို ဆန့်ကျင်တဲ့ တရုတ်နိုင်ငံတွင်း #meetoo လှုပ်ရှားမှုကို အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်လို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

အွန်လိုင်းအကောင့်နာမည် ရှန်ဇီ လို့ သိကြတဲ့ ဂျို ရှောင်ရှင်ဟာ နိုင်ငံတွင်း လူသိများ အထင်ရှားဆုံး ရုပ်သံ သတင်းကြေညာသူတစ်ဦးက သူ့ကို ၂၀၁၄ ခုနှစ်တုန်းက လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲပြီး တရားရင်ဆိုင်ခဲ့တာပါ။

အဲဒီ ရုပ်သံသတင်းကြေညာသူကတော့ စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားပြီး သူ့ရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်တဲ့အတွက်ကြောင့် ရှန်ဇီကိုရော၊ ရှန်ဇီဘက်က ထောက်ခံသူကိုပါ ပြန်လည် တရားစွဲခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဒီလိုမျိုး အမှုတွေ အခုလိုအဆင့်ထိ ရောက်နိုင်ဖို့ဆိုတာ ဖြစ်လေ့ဖြစ်ထနည်းပြီး အနိုင်အရှုံးကလည်း ကြေးမြင့်တယ်လို့ လေ့လာသူတွေက ထောက်ပြပြောဆိုကြပါတယ်။

အများပြည်သူရှေ့မှောက်မှာ ကျင်းပတာမဟုတ်တဲ့ ဒီကြားနာစစ်ဆေးမှုမတိုင်ခင် ဘာပဲဖြစ်ဖြစ် သူ နောင်တရမှာ မဟုတ်ဘူးလို့ ရှန်ဇီ က ဘီဘီစီကို ပြောပါတယ်။

"ကျွန်မနိုင်ရင် ဒီရလဒ်က အမျိုးသမီးအများအပြား ရှေ့ထွက်လာပြီး သူတို့ ကြုံတွေ့ခဲ့တာတွေကို ဖွင့်ဟဖို့ တွန်းအားဖြစ်လာလိမ့်မယ်။ ရှုံးသွားရင်လည်း တရားမျှတမှု မပေါ်ပေါက်မချင်း ဆက်ပြီး အယူခံဝင်သွားမယ်။"

ဘေဂျင်းမြို့က ဟေဒီယန်ခရိုင်တရားရုံးအပြင်ဘက်မှာ ရှန်ဇီ ကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဗုဒ္ဓဟူးနေ့က လူ ၁၀၀ ကျော် စုဝေးခဲ့ကြပါတယ်။

အဲဒီလူအုပ်ထဲက လူအများအပြားဟာ #metoo ဆိုတဲ့ စာသားပါတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားကြပါတယ်။

"သမိုင်းကနေ အဖြေတစ်ခု ထွက်လာဖို့အတွက် ငါတို့ မင်းနဲ့အတူ စောင့်ဆိုင်းနေကြတယ်" ဆိုတဲ့ စာသားမျိုးကိုလည်း တွေ့ရပါတယ်။

ရှန်ဇီကို ထောက်ခံကြောင်း ပိုစတာတွေ ကိုင်ဆောင်ထားကြတဲ့ ဆန္ဒပြသမားများ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရှန်ဇီကို ထောက်ခံကြောင်း ပိုစတာတွေ ကိုင်ဆောင်ထားကြတဲ့ ဆန္ဒပြသမားများ

ရဲတပ်ဖွဲ့က နိုင်ငံခြားသတင်းမီဒီယာတွေကို ထွက်သွားခိုင်းပြီး ဆန္ဒပြသမားတွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့တာကြောင့် ရုန်းရင်းဆန်ခတ် ခဏဖြစ်ခဲ့ပေမယ့် လူအုပ်ဟာ များသောအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ AFP သတင်းအေဂျင်စီက ရေးသားထားပါတယ်။

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ဝိုင်းစတိန်းအပေါ် လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှု အမှု အများအပြား ထွက်ပေါ်လာခဲ့တာကို ရှန်ဇီ သိရှိနားလည်ခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ ၂၀၁၈ ခုနှစ် နွေရာသီမှာ သူ့ကိုယ်ပိုင်အတွေ့အကြုံတွေကို သူ့ရဲ့ WeChat အကောင့်မှာ တရုတ်ဘာသာနဲ့ ရေးသားဖွင့်ချဖို့ ရှန်ဇီ ဆုံးဖြတ်ခဲ့ပါတယ်။

စာလုံးရေ ၃၀၀၀ ရှိတဲ့ အဲဒီဆောင်းပါးမှာ အသက် ၂၅ နှစ်အရွယ် ရှန်ဇီဟာ ၂၀၁၄ ခုနှစ်တုန်းက တရုတ်အစိုးရပိုင် ရုပ်သံသတင်းဌာန CCTV မှာ အလုပ်သင်ဆင်းနေတုန်း နိုင်ငံတွင်း လူသိများ အထင်ရှားဆုံး ရုပ်သံ သတင်းကြေညာသူ ဂျိုဂျင် ဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ခဲ့တဲ့အကြောင်း သူအတွေ့အကြုံကို ပြန်လည် ရေးသားထားတာပါ။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကို သူ သွားရောက်တိုင်ကြားခဲ့ပေမယ့် မစ္စတာ ဂျိုဟာ လူသိများထင်ရှားတဲ့ ရုပ်သံသတင်းကြေညာသူဖြစ်တာကြောင့် ဒီစွပ်စွဲမှုတွေကို ရုပ်သိမ်းဖို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့တဲ့အကြောင်း ရှန်ဇီက ဆိုပါတယ်။

လူမှုအသိုင်းအဝိုင်းအပေါ် မစ္စတာ ဂျိုရဲ့ ကောင်းသတင်းကြောင့် သူ နှစ်ကြိမ်လောက် စဉ်းစားခဲ့ရတယ်လို့ ရှန်ဇီက ပြောပါတယ်။

အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်း NGO မှာ အလုပ်လုပ်နေတဲ့ သူ့သူငယ်ချင်း ရှုချောင်က သူ့ရဲ့ ဝမ်ဘီအကောင့်မှာ ရှန်ဇီရဲ့ ရေးသားမှုတွေကို ပြန်လည် တင်လိုက်ပြီးနောက်ပိုင်း ဒီကိစ္စဟာ အင်တာနက်ပေါ်မှာ ဟိုလေးတကျော် ဖြစ်သွားခဲ့ပါတယ်။

အဲဒီအချိန်ကတည်းကစပြီး "လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု" ဆိုတဲ့ ဝေါဟာရကို တရုတ်သတင်းမီဒီယာတွေမှာ အကျယ်တဝင့် ပြောဆိုရေးသားလာကြပါတယ်။

အဲဒီနှစ် ဇန်နဝါရီလမှာပဲ ကျောင်းသူတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ပါမောက္ခတစ်ဦးကို ဘေကျင်းတက္ကသိုလ်တစ်ခုက အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နောက်လအနည်းငယ်အကြာမှာပဲ ၂၀၁၅ ခုနှစ်တုန်းက ရန်ပုံငွေ ရှာပွဲတစ်ခုမှာ စေတနာ့ဝန်ထမ်းတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက်ပိုင်း လူသိများ ထင်ရှားတဲ့ ကူညီရေးအသင်းအဖွဲ့ တည်ထောင်သူတစ်ဦး ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။

ပါမောက္ခတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရကြောင်း ဘေကျင်းတက္ကသိုလ် ကျောင်းသူတစ်ဦး စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါမောက္ခတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရကြောင်း ဘေကျင်းတက္ကသိုလ် ကျောင်းသူတစ်ဦး စွပ်စွဲ

အဲဒီနောက် မကြာခင်မှာပဲ ရှန်ဇီစွပ်စွဲထားတဲ့ အမျိုးသားဟာ တိုင်းသိပြည်သိ ပုဂ္ဂိုလ်ဖြစ်တာကြောင့် သူ့ရဲ့ တိုင်ကြားချက်အပေါ် တရုတ်သတင်းမီဒီယာတွေက အကြီးအကျယ် စိတ်ဝင်တစား ရှိလာခဲ့ပါတယ်။

အမျိုးသမီးအများအပြားသာမက အမျိုးသားတွေကပါ အယုံအကြည်ကင်းမဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့ပြီး အွန်လိုင်းပေါ်မှာ သူတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သတင်းရေးသားတဲ့ မီဒီယာတွေကို ဆင်ဆာအဖွဲ့က ကန့်သတ်တားမြစ်တယ်လို့ သူ့ကို ပြောကြတဲ့အကြောင်း ရှန်ဇီက ချက်ချင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သီတင်းပတ်အနည်းငယ် အကြာမှာတော့ မစ္စတာ ဂျိုက သူ့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်တဲ့အတွက်ကြောင့်ဆိုပြီး ရှန်ဇီနဲ့ ရှုချောင်တို့ကို တရားပြန်စွဲခဲ့ပါတယ်။

အဲဒီအချိန်ကျမှပဲ တရုတ်သတင်းမီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

ပါပါရာဇီသတင်းထောက်တွေက ဓာတ်ပုံတွေ လိုချင်ကြပြီး လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုကနေ လွတ်မြောက်လာသူ အမျိုးသားကော အမျိုးသမီးတွေ ထောင်နဲ့ချီကပါ သူ့ကို လူမှုကွန်ရက်ကနေ ဆက်သွယ်ခဲ့ကြတယ်လို့ ရှန်ဇီက ပြောပါတယ်။

တရုတ် နာမည်ကျော် ရုပ်သံသတင်းကြေညာသူ ဂျိုဂျင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ် နာမည်ကျော် ရုပ်သံသတင်းကြေညာသူ ဂျိုဂျင်

"ဒီအမှုက ကျွန်မကို အတော်လေး ထိခိုက်နာကျင်စေတယ်။ အပြစ်ကျူးလွန်ထားသူက ကျွန်မဟာ စိတ်ကယောင်ခြောက်ခြား ဖြစ်နေသူတဦးလို့ စွပ်စွဲတယ်။ ကျွန်မ ပုံမှန်လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြလို့ရတယ်" လို့

ဗုဒ္ဓဟူးနေ့ ကြားနာစစ်ဆေးပွဲ မတိုင်ခင်မှာ ရှန်ဇီက ဘီဘီစီကို ပြောပါတယ်။

"၂၀၁၄ ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ သက်သေအထောက်အထားတွေကို စုဆောင်းနေတုန်း ကျွန်မ အဲဒီတုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ထပ်ခါ ထပ်ခါ ကျင်လည်ခဲ့ရတယ်။ အဲဒီလိုအချိန်တိုင်းဟာ ကျွန်မအတွက် ငရဲကျသလို ခံစားရပြီး အရှက်ရစေတယ်။"ရှန်ဇီက ပြေပါတယ်။