ကယားပြည်နယ် ဝန်ကြီးချုပ် ရာထူးက ဆင်းပေးရတော့မလား

ရေးသားခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ဖို့ ပြည်နယ်လွှတ်တော်မှာ စက်တင်ဘာလ ၁ရက်နေ့က မဲခွဲတဲ့အခါ လွှတ်တော်အမတ် အယောက် ၂၀ မှာ ၁၆ ယောက်က ထောက်ခံခဲ့ပါတယ်။

ဥပဒေအရ ဒီရလဒ်ကို လွှတ်တော်က သမ္မတဆီ တင်ပြပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်ဟာ တာဝန်က ရပ်စဲခံရမှာဖြစ်တယ်လို့ မဲပေးခဲ့တဲ့ ကယားပြည်နယ်အမတ် ခူးသဲရရ် က ဘီဘီစီကို ပြောပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ဟာ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကို အခြေခံဥပဒေ ၂၆၃(ခ) အရတင်ပြခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကစပြီး ကယားပြည်နယ်၀န်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တာကို စုံစမ်းဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၅ ဦးပါတဲ့ အဖွဲ့ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ် ။

ဝန်ကြီးချုပ်ကို ဘယ်အချက်တွေနဲ့ စွပ်စွဲပြစ်တင်တာလဲ

ဝန်ကြီးချုပ်ကို အဓိက စွပ်စွဲပြစ်တင်တဲ့အကြောင်းကတော့ ကယားပြည်နယ် လွှတ်တော်မှာ အောင်ထားတဲ့အဆို တစ်ခုဖြစ်တဲ့ ကယားပြည်နယ်နေ့ကျင်းပရာကွင်းနဲ့ တစ်ဆက်တစ်စပ်တည်း ရှိရာ မြေကွက်ကို ပုဂ္ဂလိကပိုင်အဖြစ် ဆောင်ရွက်ထားတဲ့ကိစ္စနဲ့ အရင်အစိုးရလက်ထက်က ဝယ်ယူထားတဲ့ စက်ယန္တရားတွေရဲ့ ငှားရမ်းခတွေကို ကိုယ်ပိုင်ငွေစာရင်းဖွင့်လှစ်သုံးစွဲမှုကြောင့်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဘက်က ဆိုပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဟာ ဒီအချက်တွေကို အခြေအမြစ် ရှိမရှိ နဲ့ အထောက်အထားနဲ့ မရှင်းလင်းတဲ့ အချက်တွေကိုစစ်ဆေးဖို့ အတွက် ပြည်နယ်စာရင်းစစ်ချုပ် ပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်နဲ့ သက်ဆိုင်ရာ ကုမ္ပဏီများကို ဖိတ်ကြားပြီး စစ်ဆေးခဲ့တယ်လို့လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံ စာမှာ ဖော်ပြပါရှိပါတယ်။

စစ်ဆေးချက်အဖွဲ့တွေ့ရှိချက်အရ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ပြည်နယ်ရန်ပုံငွေနဲ့ ၀ယ်ယူထားတဲ့ စက်ယန္တရားတွေရဲ့ ငှားရမ်းခရငွေ သိန်း ၅၀၀၀ ကျော်မှာ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးကိုယ်တာအတွက်နဲ့ ပါတီအတွက်သုံးတာတွေပါ တွေ့ရတယ်လို့ စစ်ဆေးချက်အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲချက်တွေကို ခုခံချေပ ဖို့ လေးကြိမ်တိတိ ဖိတ်ကြားခဲ့ပေမဲ လာရောက်ခဲ့တာ မရှိဘူးလို့လည်း သိရပါတယ်။

စစ်ဆေးတွေ့ရှိချက်က ဘာတွေလဲ

အဓိက စွပ်စွဲချက်တွေမှာ ပထမဆုံး အချက်ဖြစ်တဲ့ စက်ယန္တရားတွေကို ငှားရမ်းမှု နဲ့ပတ်သက်ပြီးစစ်ဆေးရာမှာ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ ၂ နှစ်ကျော်ကာလ အတွင်း ကျပ် သိန်း ၅၆၀၀ ကျော်ရငွေမှာ သုံးစွဲငွေ သိန်း ၄၉၅၀ ကျော်ဖော်ပြပြီး အဲဒီအသုံးစားရိတ်မှာ ဝန်ကြီးချုပ် ကိုယ်ရေးကိုယ်တာ သုံးစွဲမှု နဲ့ပတ်သက်လို ၃၇၇ သိန်းနဲ့ ပါတီလုပ်ငန်း အတွက်သုံးတာ ၁၃ သိန်းကျော်ပါဝင်တာတွေ့ရတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ပြည်နယ်ရန်ပုံငွေကို ပေးသွင်းရာမှာလည်း သိန်း၄၆၀ ကျော်ပဲ ပေးသွင်းခဲ့တယ်လို့ ဖော်ပြပါတယ်။

နောက်စွပ်စွဲချက်က အများပြည်သူပိုင် မြေနေရာမှာ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ ကစားကွင်းတွေ ဆောက်တာဟာ လွှတ်တော်က အတည်ပြုထားတဲ့ အများပိုင်မြေနေရာကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

လွှတ်တော်မှာ အောင်ထားတဲ့အဆို တစ်ခုဖြစ်တဲ့ အများပြည်သူပိုင်မြေနေရာကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်တာဟာ ဝန်ကြီးချုပ်အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို မလိုက်နာဘူးဆိုပြီး စာရင်းစစ်အဖွဲ့ချုပ်က သုံးသပ်ပါတယ်။

ကယားပြည်နယ်လွှတ်တော်မှာ ဘယ်သူတွေပါသလဲ

ကယားပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် က ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင်ကိုယ်စားလှယ် ၂၀ ဦးရှိပါတယ်။

အများစုက အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီကဖြစ်ပြီး ၁၀ ဦးဖြစ်ပါတယ်။ ကြံခိုင်ဖွံဖြိုးရေးပါတီက ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး နေရာ အပါအဝင် ၄ နေရာနဲ့ ကယားဒီမိုကရက်တစ်ပါတီက တစ်နေရာဖြစ်ပါတယ်။ နောက်၅ ဦးကတော့ တပ်မတော်သားကိုယ်စားလှယ်တွေဖြစ်ပါတယ်။

အခု စွပ်စွဲပြစ်တင်မှု လွှတ်တော်မှာ မဲခွဲရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု ရခဲ့လို့သာ အဆို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ကယားပြည်နယ်နေ့ ကျင်းပတဲ့မြေနေရာမှာ ရေလွှာလျှောစီး ကစားကွင်း အပါအဝင် ဟိုတယ်နဲ့ စားသောက်ဆိုင် ဆောက်တာတွေကို အများပြည်သူပိုင်နေရာ အဖြစ်ထားရှိရေးအဆိုကို ၂၀၁၈ ခုနှစ်က လွတ်တော်မှာ အဆိုတင်ဆွေးနွေးခဲ့ သူကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်က ကိုယ်စားလှယ်ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ဘာတွေ ဖြစ်လာနိုင်လဲ

ရာထူးကရပ်စဲကြောင်း သမ္မတက အမိန့်စာထုတ်လိုက်တာနဲ့ ဦးအယ်လ်ဖောင်းရှို တစ်ယောက် လွှတ်တော်က စွပ်စွဲပြစ်တင်လို့ တာဝန်ကရပ်စဲခံရတဲ့ ပထမဆုံးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ဖို့ရှိပါတယ်။

ဒီရလဒ်ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက သမ္မတဆီ တင်ပြပြီးတဲ့နောက်မှာ သမ္မတက ဝန်ကြီးချုပ်ကိုရာထူးက ရပ်စဲရမယ်လို့ အခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်းစောင့်ကြည့်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင် က ပြောပါတယ်။

ပထမအကြိမ်လွှတ်တော်သက်တမ်းက အစိုးရအဖွဲ့ဝင်တွေကို လွှတ်တော်က စွပ်စွဲ ပြစ်တင်တာတွေ မတွေ့ခဲ့ရပေမဲ့လို့ လက်ရှိ လွှတ်တော်သက်တမ်းမှာတော့ ခပ်စိပ်စိပ်ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်က ပြည်နယ်စည်ပင်ဝန်ကြီးကို ပထမဆုံး စွပ်စွဲပြစ်တင်ခဲ့တာဖြစ်ပြီး ဝန်ကြီး ရာထူးကဆင်းပေးခဲ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်းစွပ်စွဲပြစ်တင်ခံခဲ့ရပြီး မဲခွဲတဲ့အခါအဆို ရှုံးခဲ့လို့ရာထူးဆက်မြဲခဲ့တာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်ထိုင်ခုံတွေအပြောင်းအလဲများခဲ့ပြီး မွန်ဝန်ကြီးချုပ်၊ဧရာဝတီတိုင်းဝန်ကြီးချုပ်၊တနင်္သံာရီဝန်ကြီးချုပ် တွေဟာ ရာထူးကအနားယူတာတွေ၊ အရေးယူခံရတာတွေရှိခဲ့ပါတယ်။