ရခိုင်က ရုပ်သိမ်းသွားတဲ့ နယ်ခြားစောင့်ရဲကင်းနှစ်ခု မီးရှို့ခံရ

အငူမော်-မောင်တော အဝေးပြေးကားလမ်းမက နယ်ခြားစောင့် ရဲကင်းစခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, အငူမော်-မောင်တော အဝေးပြေးကားလမ်းမက နယ်ခြားစောင့် ရဲကင်းစခန်းတစ်ခု
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်က စစ်ရေးပြင်းထန်နေတဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့်ရဲစခန်း ၂ ခု ရုပ်သိမ်းသွားပြီးနောက် အဲဒီ စခန်းနှစ်ခုစလုံး မီးရှို့ခံခဲ့ရပြီး စခန်းအခြေစိုက်တဲ့ ရွာသားတွေလည်း ရွာတွေကို စွန့်ခွာထွက်ပြေးနေကြပါတယ်။

စေတီပြင် နယ်မြေအပိုင် ညောင်ပင်လှ နယ်ခြားစောင့်ရဲစခန်းနဲ့ သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းတွေက တပ်ဖွဲ့ဝင်တွေကို စခန်းကနေ ရုပ်သိမ်းပြီးနောက်ပိုင်း စခန်းနှစ်ခုစလုံး ဇူလိုင်လ ၁၈ ရက် ညနေ ပိုင်းမှာ မီးရှို့ခံခဲ့ရပြီး မီးတွေ တောက်လောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စခန်းအခြေစိုက်ရာ ကျေးရွာတွေက ရွာသားတွေလည်း ရွာတွေကို စွန့်ခွာထွက်ပြေးနေကြပါတယ်။

ညောင်ပင်လှ နယ်ခြားစခန်းကနေ စခန်းကို ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားပြီးနောက် ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အဲဒီရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ အင်အား ၅၀ လောက် စခန်း စွန့်ခွာသွားပြီးတဲ့ နောက် စခန်းတစ်ခုလုံး မီးလောင်နေတယ်လို့ ပြောပါတယ်။

အလားတူ မကြာခင်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးတဲ့ သဇင်မြိုင်ရဲစခန်းကိုလည်း ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားကြပြီလို့ သဇင်မြိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းမှာတော့ အင်အား ၆၀ လောက်ရှိပြီး စွန့်ခွာသွားသူတွေက အနီးအနားက နယ်မြေပင်မစခန်းဖြစ်တဲ့ စေတီပြင် စခန်းမှာ သွားပေါင်းကြတယ်လို့ ဆိုပါတယ်။

စခန်းကနေ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ထွက်ခွာသွားကြပြီးနောက် များမကြာခင်မှာတော့ စခန်း မီးလောင်နေတာကို အနီးအနား ဒေသခံတွေက မြင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ အေအေတပ်ဖွဲ့ဝင်တွေက မီးတင်ရှို့တာလို့ ပြောပေမယ့် ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကို ဆက်သွယ် မေးကြည့်ရာမှာတော့ သတင်းမရသေးဘူးလို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေအတွင်း တပ်တော်ကနေ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ အတွက် အေအေ ရခိုင့်တပ်တော်နဲ့ တပ်မတော်အကြားမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အဲဒီ ဒေသရဲ့ အနီးအနားမှာရှိတဲ့ နယ်ခြားစောင့် စခန်းတွေကိုပါ ရုပ်သိမ်းလာတဲ့ အတွက် တိုက်ပွဲတွေ ပြင်ပြင်းထန်ထန်ဖြစ်လာမှာကို ဒေသခံလူထုတွေက အထူးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။