ရသေ့တောင်က အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦး အဓမ္မပြုကျင့်တယ်ဆိုပြီး အမှုဖွင့်

အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး လူမရှိတဲ့ အိမ်တစ်အိမ်မှာ မုဒိမ်းကျင့်ခဲ့တာလို့

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဥဂါကျေးရွာက အမျိုးသမီးတစ်ဦးကို တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်တယ်ဆိုပြီး ဇူလိုင်လ ၁၀ ရက်မှာ စစ်တွေမြို့မရဲစခန်းမှာ ကာယကံရှင်ကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ငြင်းဆန်ထားပါတယ်။

အဲဒီအမှု ဇွန်လ ၂၉ ရက် ည ၁၁ နာရီနဲ့ ၃၀ ရက်နေ့ နံနက် ၁ နာရီအကြားမှာ ဖြစ်ပွားခဲ့တာလို့ဆိုပြီး ရွာထဲက အိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမှုဖွင့်တိုင်ကြားချက်ကို ပုဒ်မ ၃၇၆/၃၆၆/၁၁၄ တို့နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ပေးခဲ့တယ်လို့ လိုက်ပါကူညီပေးနေတဲ့ ဥပဒေရေးရာကုစားရေးအဖွဲ့မြန်မာ - LCMက ပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ အမှုဖွင့်အရေးယူတာတွေ လုပ်နိုင်ဖို့အတွက် စစ်တွေမြို့ပေါ်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက လိုက်ပါကူညီပေးခဲ့ကြတာဖြစ်ပြီး အဲ့ဒီအမျိုးသမီးရဲ့ နစ်နာချက်တွေအပေါ်မှာ ကိုယ်ချင်းစာတဲ့အတွက် အခုလိုကူညီပေးခဲ့တာဖြစ်တယ်လို့ ရခိုင်အမျိုးသမီးအစည်းအရုံးက ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ ဥဂါကျေးရွာက ကလေး ၄ ယောက်အမေ အိမ်ထောင်ရှင်အမျိုး သမီးဖြစ်ပြီး အသက် ၃၆ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။

အဲ့ဒီနေ့က ကျေးရွာကို စစ်ကြောင်းတွေရောက်ရှိလာခဲ့ပြီး ည ၁၁ နာရီလောက် မှာ နေအိမ်တချို့ကို စစ်ဆေးနေစဉ် အမျိုးသမီးတွေ သီးသန့်ရှိနေတဲ့ အိမ်တစ်အိမ်ကို စစ်ကြောင်းကတွေ့ရှိ သွားခဲ့ပြီး အဲဒီအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာလို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် သူရဲ့သမီး ကလေးမွေးကင်းစမိခင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးကိုလည်း အဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းတွေမှာဖော်ပြပြီးခဲ့ကြပြီးနောက်မှာ တပ်မတော်စစ်ကြောင်းဟာ ဥဂါကျေးရွာကို ဇွန်လ ၃၀ ရက် ညနေ ၇ နာရီမှာရောက်ရှိလာခဲ့ပြီး ၈ နာရီခန့်မှာ ရွာရဲ့မြောက်ဘက် ကီလိုမီတာ ၂၅၀ ခန့်အကွာ သရက်တောသို့ ထွက်ခွာသွားခဲ့ပြီး အခြေချခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

နောက်တစ်ရက်နေ့ နံနက် ၆ နာရီမှာ ရွာထဲကိုဝင်ရောက်ပြီး အေအေအဖွဲ့နဲ့ ဆက်စပ်တဲ့သတင်းတွေကို ဝင်ရောက်စုံစမ်းခဲ့ပြီး မနက် ၈ နာရီလောက်မှာတော့ ရွာရဲ့အရှေ့မြောက်ဘက် တောင်ကြောကို ဆုတ်ခွာသွားခဲ့ပြီး ရွာသူအမျိုးသမီးကို တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတာဟာ ပြည်သူလူထု အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးတာသာ ဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်သားတွေက အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး လူမရှိတဲ့ အိမ်တစ်အိမ်မှာ မုဒိမ်းကျင့်ခဲ့တာလို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။

စစ်သားတွေက ရွာကို ၆ နာရီကျော်လောက်မှာ သေနတ်ပစ်ခတ် ဝင်ရောက်လာကြတဲ့အတွက် သူတို့မိသားစုဟာ ကြောက်ပြီး အိမ်တစ်အိမ်မှာ ပုန်းနေတဲ့အချိန် တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးလာတဲ့စစ်သားတွေက ည ၁၁ နာရီလောက်မှာ အဲ့ဒီအိမ်ကိုရောက်ရှိလာခဲ့တယ်လို့ သူက ပြောပါတယ်။

အမျိုးသားတွေ အပါအဝင် ရွာသားအများစုက ရွာကနေထွက်ပြေးသွားခဲ့ကြပေမဲ့ အဲဒီအမျိုးသမီးရဲ့ သမီးဖြစ်သူက ကလေးမွေးကင်းစနဲ့မို့ သူတို့မိသားစုက တစ်အိမ်တည်းမှာ အမျိုးသမီး ၆ ယောက်နဲ့ ကလေးတွေ ပုန်းအောင်းနေခဲ့တာကို ရှာတွေ့သွားရာက အခုလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီအမျိုးသမီးရဲ့ သမီးဖြစ်သူ မီးဖွားပြီးစ အမျိုးသမီးကိုလည်း ခေါ်ယူဖို့ ကြိုးစားပေမဲ့ အဘွားဖြစ်သူက တားဆီးခဲ့တဲ့အတွက် ပြန်လွတ်လာခဲ့တယ်လို့ ဆိုပါတယ်။

"ဒီအမှုက တရားရုံးပေါ်ကို တရားသဖြင့်နဲ့ အမှုရင်ဆိုင်နိုင်ဖို့အတွက် အဲ့ဒီအမျိုးသမီးရဲ့ စိတ်ဓာတ်ခွန်အားတွေကို ကျွန်မတို့ ဖြည့်ပေးပြီးတော့ အမှုရင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားသွားဖို့ ကျွန်မတို့အမျိုးသမီးအဖွဲ့တွေ အားလုံးဝိုင်းဝန်းပြီးတော့ ဖေးမကူညီနေကြပါတယ်။

တခြား CSO တွေလည်း ကူညီပေးမယ်လို့ ကမ်းလှမ်းလာတာတွေရှိပါတယ်။"လို့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးအခြေအနေတွေ ကျယ်ပြန့်လာနေတဲ့အတွက် အမျိုးသမီးတွေရဲ့ အခြေအနေတွေဟာ လုံခြုံစိတ်ချမှုမရှိတော့သလို အမျိုးသမီးတွေ တော်တော်လေးကို နစ်နာနေရတယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုလိုမျိုးဖြစ်စဉ်တွေဟာ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေမှာလည်း ကြုံတွေ့နေရာတွေ ယခင်က ရှိနေခဲ့ပေမဲ့ ကာယကံရှင်နဲ့ သွားရောက်တွေ့ဆုံတဲ့အချိန်မှာ စကားတွေ လွှဲပြောင်းပြောဆိုတာတွေ ရှိနေတဲ့အတွက် အမှုမှန်ပေါ်ပေါက်နိုင်ရေး မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဒေါ်ညိုအေးက ပြောပါတယ်။

အခုဖြစ်စဥ်မှာ ကာယကံရှင် သားအမိနှစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေရှိနေသလို စိုးရိမ်ကြောက်လန့်စိတ်တွေရှိနေကြတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ငြိမ်မှုတွေရရှိလာဖို့ အမျိုးသမီးအဖွဲ့အတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။