နယ်မြေရှင်းလင်းရေး သတင်းကြောင့် ရခိုင်မှာ ရွာလုံးကျွတ် ထွက်ပြေးတာတွေ ရှိနေ

ရသေ့တောင်မြို့နယ် ကျေးရွာတွေက ထွက်ပြေးလာသူများ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ရသေ့တောင်မြို့နယ် ကျေးရွာတွေက ထွက်ပြေးလာသူများ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဇွန်လ တတိယအပတ် အတွင်းက စတင်ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ပြုလုပ်မယ်လို့ ထုတ်ပြန်ခဲ့တဲ့ အတွက် ကျေးရွာတွေက ဒေသခံပြည်သူတွေ အလုံးအရင်းနဲ့ ထွက်ပြေးတာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ရသေ့တောင်အပြင် အမ်း၊ မြောက်ဦး စတဲ့မြို့နယ်တွေက ဒေသခံတွေလည်း စစ်ဆင်ရေး သတင်းတွေကြောင့် ထောင်နဲ့ချီပြီး ထွက်ပြေး နေကြတာတွေ ရှိနေပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်ကတော့ အဲ့ဒီ စစ်ဆင်ရေးတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောဆိုနေကြပေမဲ့ လက်တွေ့ မြေပြင်အခြေအနေမှာတော့ ဒေသခံ ကျေးရွာသား အများအပြားဟာ နေရပ် စွန့်ခွာမှုတွေ ဖြစ်ပွား နေကြတာပဲ ဖြစ်ပါတယ်။

နယ်မြေ ရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေကတော့ စိုးရိမ်ကြောက်လန့်နေကြပြီး တပ်မတော် စစ်ကြောင်းတွေ ရွာထဲ ဝင်ရောက်လာလို့ရှိရင် အခုလိုမျိုး ထွက်ပြေး နေကြရတယ်လို့ ရသေ့တောင်ဒေသခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။

"အခုက မိုးတွင်းလဲ ဖြစ်တယ်။ ရခိုင်မှာ စပါးစိုက်ပျိုးတဲ့ ရာသီလည်းဖြစ်တယ်ဆိုတော့ ခုလို ရွာသားတွေ ထွက်ပြေးနေရတော့ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ ကိုဗစ်လည်းရှိနေတော့ ဒါတွေနဲ့ ပတ်သက်လို့ အရေးပေါ်လွှတ်တော် အစည်းအဝေးတွေ ရှိလာရင် အစိုးရကို တင်ပြ တောင်းဆိုသွားဖို့ရှိပါတယ်"လို့ မြောက်ဦးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးဦးကျော်ဝင်းက ပြောပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေက ဆက်လက်ဖြစ်ပွားနေ

ဓာတ်ပုံ ရင်းမြစ်, Myo Lwin (ANN)

ဓာတ်ပုံ ပုံစာ, အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေက ဆက်လက်ဖြစ်ပွားနေ

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း မိုးရာသီ ကျရောက်နေပြီ ဖြစ်တဲ့အတွက် ရာသီတုပ်ကွေးရောဂါ၊ ဝမ်းပျက် ဝမ်းလျှော ရောဂါနဲ့ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားတာတွေလည်း ရှိနေပြီး အခုလိုမျိုး တပ်မတော် စစ်ကြောင်းတွေကို စိုးရိမ် ကြောက်လန့်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေ ဆက်လက် ဖြစ်ပွားလာပါက အဲ့ဒီရောဂါတွေနဲ့ ပိုမို ရင်ဆိုင် လာရနိုင်တယ်လို့ သူကပြောဆိုသွားပါတယ်။

တပ်မတော် စစ်ဆင်ရေးသတင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်၊ အမ်းနဲ့ မြောက်ဦးမြို့နယ်တွေမှာ နေရပ်စွန့်ခွာ နေကြသူတွေ နေ့တိုင်းလိုလို ရှိနေပြီး ဇွန်လ နောက်ဆုံးပတ်နဲ့ ဇူလိုင်လ ပထမပတ်တွေမှာ အဲ့ဒီသုံးမြို့နယ်အတွင်း နေရပ်စွန့်ခွာသူ သုံးသောင်းလောက် အထိရှိခဲ့တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးမြို့နယ် တောင်ပိုင်းဒေသက တန်းပျင်းကြီးကျေးရွာကို ဇူလိုင်လ ၃ရက်နေ့ နေ့လယ်ပိုင်းမှာ တပ်မတော်စစ်ကြောင်းတစ်ခု ရွာအနောက်ဘက်ကနေ သေနတ်ပစ်ဖောက် ဝင်ရောက်လာခဲ့တဲ့ အတွက် ရွာသားတွေ ကြောက်ရွံ့ ထွက်ပြေးခဲ့ကြရတယ်လို့ တန်းပျင်းကြီးကျေးရွာသူ ဒေါ်မီမီလှိုင်က ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဇူလိုင်လ ၂ ရက်နေ့မှာ ပေါင်းတုတ်ရွာဘက်ကနေ မြောင်းဘွေ တိုက်နယ်ကျေးရွာကို ရောက်ရှိလာခဲ့ကြပြီး ၃ ရက်နေ့မှာ တန်းပျင်းကြီးကျေးရွာကို ရွာအနောက်ဘက် ကွမ်းသီးခြံတွေရှိတဲ့ ဥယျာဥ်ခင်းတွေဘက်ကနေ သေနတ်တွေ ပစ်ဖောက်ပြီးတော့ ဝင်ရောက် လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခဲ့တဲ့အချိန်မှာ ရွာအဝင် လမ်းမဘက်ကနေ ဝင်လာတာမျိုး မဟုတ်ဘဲ နောက်ဘက်က ဝင်လာတာဖြစ်သလို သေနတ်ပစ်ဖောက်ပြီး ဝင်လာတာ ဖြစ်တဲ့အတွက် ရွာသားတွေ ကြောက်ရွံ့ခဲ့ရသလို အစပိုင်းမှာ ရွာခံတချို့သာ ထွက်ပြေးခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ထပ်မံပစ်ခတ်တာတွေ ရှိလာတဲ့အတွက် တစ်ရွာလုံး ထွက်ပြေးခဲ့ကြရတယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။

မြောက်ဦးမြို့နယ်ထဲက ရွာတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေ

ဓာတ်ပုံ ရင်းမြစ်, Myo lwin (ANN)

ဓာတ်ပုံ ပုံစာ, မြောက်ဦးမြို့နယ်ထဲက ရွာတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေ

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်းတွေ ပစ်ခတ် ဝင်ရောက်တာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

မြောက်ဦးမြို့နယ်ထဲက တန်းပျင်းကြီး အပြင် ကျွဲတဲ၊ မောင်ညိုကျွန်း၊ ခမောင်းတက်၊ လက်သန်းချီ စတဲ့ ကျေးရွာတွေကလည်း ထွက်ပြေးခဲ့ကြပြီး ကျွဲတဲနဲ့ တန်းပျင်းကြီးကတော့ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြတယ် လို့သိရပါတယ်။

ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရတဲ့ တန်းပျင်းကြီးကျေးရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး ကျွဲတဲရွာမှာတော့ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ကျေးရွာတွေ ဖြစ်ကြပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ တပ်တော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တစ်နှစ်ကျော်အကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွာခဲ့ကြရတဲ့ စစ်ဘေး ဒုက္ခသည်ပေါင်း ၂ သိန်းဝန်းကျင်အထိရှိလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။