အသွားအလာကန့်သတ်ထားရသူ တစ်နိုင်ငံလုံးမှာ ၃၄၀၀၀ ကျော်ရှိ အပါအဝင်မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

အသွားအလာကန့်သတ်ထားရသူ တစ်နိုင်ငံလုံးမှာ ၃၄၀၀၀ ကျော်ရှိနေသေး

ဇွန်လ ၂၃ရက်နေ့ ညနေပိုင်းအထိကို ကိုဗစ်ကူးစက်ခံရနိုင်မှုရှိမရှိ စောင့်ကြည့်ရန် အသွားအလာကန့်သတ်ထားရသူအရေအတွက်က တစ်နိုင်ငံလုံးမှာ ၃၄၀၀၀ ကျော်အထိရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ ၂၄ရက်နေ့ညကထုတ်ပြန်ပါတယ်။

အခုအရေအတွက်က တိုင်းနဲ့ ပြည်နယ်အနှံ့က သတ်မှတ်ထားတဲ့ စောင့်ကြည့်ရေး စခန်းတွေမှာ ထားရှိထားတဲ့အရေအတွက်လည်းဖြစ်ပါတယ်။

ပဲခူး၊ မကွေး၊ ကရင် ပြည်နယ်တို့မှာ ၄၀၀၀ ကျော်အသီးသီးရှိပြီး၊ မွန်၊ ရန်ကုန်နဲ့ ကချင်ပြည်နယ်တို့မှာ ၃၀၀၀ နဲ့ ၃၀၀၀ ကျော်အထိအသီးသီးရှိနေပါတယ်။

ကျန်တဲ့ဒေသအနှံ့အပြားမှာတော့ ရာချီကနေ ထောင်ချီ အရေအတွက်အထိကို ရှိနေဆဲဖြစ်ပါတယ်။ စစ်ပွဲတွေရှိနေသေးတဲ့ ရခိုင်ပြည်နယ်မှာတော့ ၂၀၀၀ နီးပါးစောင့်ကြည့်ထားရသူတွေရှိနေပါတယ်။

ကိုဗစ်ရောဂါစတင်တဲ့ ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီကစတင်ပြီး ဇွန်လ ၂၃ရက်နေ့အထိ ကိုဗစ်ရှိမရှိ စစ်ဆေးခဲ့သူပေါင်းက ၆၆၃၅၃ သာရှိပါတယ်။

ကျန်းမာရေးကတွတ်ချက်ထားတဲ့ ကူးစက်မှုနှုန်းအရဆိုရင် စောင့်ကြည့်ခံရသူလူနာများရဲ့ ၁ ရာခိုင်နှုန်းသာ ရောဂါကူးစက်ပြီး၊ ရောဂါလက္ခဏာမရှိပေမယ့်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားရာဇဝင်ရှိလို့ အသွားအလာကန့်သတ်သူနဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့သူတွေ ကူးစက်မှုကတော့ ဝ.၃၉ (လူအယောက် တစ်ရာမှာ တစ်ဦးကူးစက်နိုင်မှုပင် အလွန်နည်းခဲ့သည်ကိုတွေ့ရ) သာရှိတယ်လို့ ဖော်ပြပါတယ်။

ဒီနေ့မနက် ဇွန်လ ၂၅ရက်နေ့ စစ်ဆေးချက်အရတော့ ကိုဗစ်ကူးစက်ခံရသူ ၂၉၂ ဦးအထိရှိပါတယ်။ ဒီနေ့မနက်စစ်ဆေးချက်အရတော့ ထပ်မံကူးစက်သူမရှိပါဘူး။ ပိုးတွေ့သူတွေကို ပြန်လည်စစ်ဆေးရာ ၂ကြိမ်ဆက်တိုက် ပိုးမတွေ့သူ ၂၀၈ဦးအထိရှိနေပြီး အဲဒီထဲက ၁၉၃ ဦးက ဆေးရုံကဆင်းခွင့်ပေးခဲ့ပြီဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု ဂုဏ်ထူးဆောင်တံဆိပ် တပ်ချုပ်ကို ရုရှားက ချီးမြှင့်

ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ရှရှားနိုင်ငံကာကွယ်ရးဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး ဂုဏ်ထူးဆောင်တံဆိပ်ကို ဇွန်လ ၂၃ရက်ညနေပိုင်းက ပေးအပ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံမှာကျင်းပနေတဲ့ စစ်အောင်နိုင်ခြင်း ၇၅နှစ်မြောက် အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်နေတာလည်းဖြစ်ပါတယ်။

ရုရှားနဲ့ မြန်မာတပ်မတော်တို့ ရေတပ်ဆိုင်ရာပူးပေါင်းရေး၊ စစ်ဘက်ဆိုင်ရာလေ့လာသင်ယူရေး၊ တပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ပူးပေါင်းရေးဆိုင်ရာ စာချုပ်ကို ၂၀၁၆ခုနှစ်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုး သဘောတူ စာချုပ်ချုပ်ခဲ့ဖူးပါတယ်။

အဲဒီပွဲကိုတက်ရောက်ဖို့အတွက် နိုင်ငံ ၁၀နိုင်ငံက သမ္မတတွေ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးအစရှိတာတွေကို ရုရှားနိုင်ငံက ဖိတ်ကြားပြီး တက်ရောက်ကြတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့ အတွက် မြန်မာနိုင်ငံက မထွက်ခွာမီမှာလည်း ကျန်းမာရေးအရ စစ်ဆေးမှုတွေကို ပြုလုပ်ပြီးမှ ထွက်ခွာတာဖြစ်သလို၊ ပြန်ရောက်လာရင်လည်း သတ်မှတ်စည်းကမ်းတွေအတိုင်း ပြုလုပ်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

သြစတြေးလျ Qantas လေကြောင်းက အလုပ်အကိုင် ၆၀၀၀ ကိုရပ်နား

ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်နစ်နာမှုတွေရှိလာတာမို့ သြစတြေးလျ Qantas လေကြောင်းက အလုပ်အကိုင် ၆၀၀၀ ကိုရပ်နားရမယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူက ပြောလိုက်ပါတယ်။

အခုလို အလုပ်အကိုင်တွေကိုရပ်နားရတာက ကိုဗစ်ကြောင့်ထိခိုက်မှုတွေ နည်းပါးနိုင်ရေး ဆောင်ရွက်တဲ့ ငါးကြိမ်မြောက်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းကဆိုရင် ဝန်ထမ်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း အလုပ်တွေနားထားခဲ့ ပါသေးတယ်။

နယ်စပ်တွေ၊ ဝင်ပေါက်ထွက်ပေါက်တွေကို နောက်နှစ်ထဲအထိ ပိတ်ထားနိုင်ဖို့ရှိတယ်လို့ သြစတြေးလျ အစိုရက ပြီးခဲ့တဲ့အပတ်ကဘဲ ပြောခဲ့ပါတယ်။

ရောင်းချခဲ့ပြီးတဲ့ ခရီးစဉ်လက်မှတ်တွေကိုလည်း ဒီနှစ်အောက်တိုဘာနှောင်းပိုင်းအထိကို ရွှေ့ဆိုင်းပြီး ပယ်ဖျက်တာတွေလည်းရှိခဲ့ပါတယ်။