ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငြိမ်းချမ်းရေး ပြဿနာ အဖြေရှာမယ့် ဆွေးနွေးပွဲစ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာကြန့်ကြာနေတဲ့ ကိစ္စတွေကို အဖြေရှာဖို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ နှစ်ရက်တာဆွေးနွေးပွဲ နေပြည်တော်မှာ စတင်လိုက်ပါတယ်။
ပထမနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့သူတွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ် ။
အစိုးရဘက်က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သလို တပ်မတော်ဘက်ကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ဦးစီးချုပ်တို့ တက်ရောက်ဆွေးနွေးကြတာပါ။
တိုင်းရင်းသားတွေဘက်ကလည်း အဖွဲ့အစည်းအသီးသီးက ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။
အခုလို အဆုံးအဖြစ်ပေးနိုင်တဲ့ခေါင်းဆောင်တွေ တက်ရောက်လာသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပြီးပြတ် ဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ သူတို့ရဲ့သဘောထားတွေကို ပြောဆိုခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်နေတဲ့ ခွဲမထွက်ရ ဆိုတဲ့ကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုကနေ ခွဲမထွက်ရေးက အရေးကြီးသလို တိုင်းရင်းသားတွေ ခွဲထွက်စရာ မလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် ပူးပေါင်း အကောင်အထည် ဖော်ဖို့က အလွန် အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ ခွဲမထွက်ရ ဆိုတဲ့စကားရပ်ဟာ ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုအပ်တဲ့ စကားရပ်တခု၊ အာမခံချက်တခုဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
ဆွေးနွေးပွဲကို အစိုးရ တပ်မတော် လွှတ်တော် သုံးခုပေါင်း ၁ဝ ဦးနဲ့ တိုင်းရင်းသားတွေဘက်က ၁ဝ ဦးဆွေးနွေးကြသလို ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဦးဆောင်အဖွဲ့PPST ခေါင်းဆောင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုးတို့ သုံးဦးတည်း သီးသန့်ဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲပြီးတဲ့အထိ တက်ခဲ့ပေမယ့်လည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ဦးစီးချုပ်တို့ကတော့ မနက်ပိုင်းတပိုင်းသာ တက်ရောက်ခဲ့ပါတယ် ။
ပထမနေ့ ဆွေးနွေးပွဲမှာ အချက် ၇ ချက်ဆွေးနွေးခဲ့ပြီးလို့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့အထဲက ၆ဝ ရာခိုင်နှုန်းလောက် ရရှိခဲ့တယ်လို့ PNLO ရဲ့ ဦးဆောင်နာယက ဦးခွန်ဥက္ကာက ပြောပါတယ်။
၂ဝ၁၈နဲ့ ၂ဝ၁၉ အတွင်း သုံးကြိမ် ဆွေးနွေးပြီး ဖက်ဒရယ်အခြေခံမူတွေ ရရှိအောင်၊ ပြီးရင် ပြည်ထောင်စု စာချုပ်ချုပ်ဖို့၊ တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖြည့်စွက်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။
နောက်ရက် မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ ခွဲမထွက်ရေးနဲ့ တခုတည်းသော တပ်မတော်ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
နောက်နေ့ ဆွေးနွေးပွဲကိုတော့ ကာကွယ်ဦးစီးချုပ်နဲ့ ဒုတိယဦးစီးချုပ်တို့ တက်မှာမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်တက်ဖို့ မသေချာဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။