ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေရဲ့ ပထမဆုံး ကိုဗစ်-၁၉ လူနာဟာ ဘင်္ဂလားဒေ့ရှ်ကနေ ရေကြောင်းခရီးနဲ့ ပြန်လာသူ ဖြစ်တယ်လို့ ပြော
ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ ပထမဆုံး တွေ့ရတဲ့ ကိုဗစ်-၁၉ အတည်ပြု လူနာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ရေကြောင်းခရီးနဲ့ လတ်တလော ပြန် လာသူ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီ အတည်ပြုလူနာဟာ ဇွန်လ ၂၁ ရက်နေ့မှာ စစ်တွေမြို့ ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပြီး စစ်တွေမြို့ပေါ်က ဟိုတယ်တစ်ခုမှာ တည်းခိုနေထိုင်နေသူဖြစ်တယ်၊ သူရောက်ရှိနေတဲ့သတင်းသိရလို့ တို့ဖတ်နမူနာယူ စစ်ဆေးခဲ့တာဖြစ်ပြီး ၂၃ ရက်နေ့မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတာကို ဆေးစစ်ချက်အဖြေသိခဲ့ရတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကို ပြောပါတယ်။
စစ်တွေမြို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ဝင်ရောက်လာခဲ့သူတစ်ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုးကူးစက်ခံထားရတယ်လို့ ဆေးစစ်ချက်အဖြေတွေ့ရှိကြောင်း ဇွန်လ ၂၃ ရက် မနေ့က ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတာပါ။
အဲ့ဒီပိုးတွေ့လူနာ လူနာအမှတ်စဉ် ၂၉၂ ဟာ အသက် ၃၈ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးသွားရာဇဝင်ရှိလို့ စစ်တွေမြို့မှာ အသွားအလာကန့်သတ်ထားသူ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီ အတည်ပြု လူနာဟာ စစ်တွေ နယ်စပ်ကုန်သွယ်ရေးမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်၊ စစ်တွေဒေသခံ ရခိုင်လူမျိုးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ရခိုင်ပြည်နယ်အတွင်းကို ပြန်လာတဲ့ ကမ်းရိုးတန်း ကုန်တင်ရေယာဉ် တစ်စီးနဲ့ လိုက်ပါလာခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။
"သူက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ လှေစီးပြီး ၂၁ ရက်နေ့ကနေ ရောက်လာတယ်၊ ၂၁ ရက်နေ့ကနေ ဟိုတယ်မှာ ကွာရန်တင်း (သီးခြား စောင့်ကြည့်) ဝင်တယ်လို့သိရတယ်၊ သူ့သဘောနဲ့သူ ဟိုတယ်ကွာရန်တင်းဝင်တာပါ၊ အခုလူနာက Positive ဖြစ်ပြီဆိုတဲ့အတွက် သူ့ကို ဟိုတယ်မှာမထားတော့ဘူး၊ စစ်တွေဆေးရုံကြီးရဲ့ ကိုဗစ်လူနာတွေထားမယ့်အဆောင်မှာ ထားပြီးတော့ ဆရာဝန်တွေက သူ့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်" လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
လူနာရဲ့ ကျန်းမာရေးအခြေအနေတွေကတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ လက္ခဏာတွေမတွေ့ရကြောင်းနဲ့ အခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နဲ့ အလွယ်တကူ ဝင် ထွက် သွားလာ နိုင်နေတာ အပေါ် ဒေသခံတွေ စိုးရိမ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်ဝင်လာသူတွေတစ်ဦးကနေ အခုလိုမျိုး ပိုးတွေ့ရှိခဲ့တဲ့အတွက် စစ်တွေဒေသခံတွေအကြား စိုးရိမ်မှု တချို့ ရှိနေပြီး အလွယ်တကူ ဝင်ထွက်သွားလာလို့ရနေတဲ့အတွက် ဒေသအာဏာပိုင်တွေအပေါ် ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်ပြင်ပက ပြန်လာသူတွေကို သီးသန့်စောင့်ကြည့်ဖို့အတွက် ကွာရန်တင်းစင်တာတွေ စစ်တွေမြို့ပေါ်မှာ ဖွင့်လှစ်ထားရှိပေမယ့် အဲ့ဒီ လူနာနံပတ် ၂၉၂ ဟာ မြို့တွင်းက ဟိုတယ်မှာ ဘာကြောင့်နေခွင့်ရနေခဲ့တယ်ဆိုတာကို စစ်တွေမြို့ခံတွေက မေးခွန်းထုတ်ကြပါတယ်။
အခုလိုမျိုး ကွာရန်တင်းစင်တာတွေမှာ မနေဘဲ ဟိုတယ်တွေမှာ နေထိုင်ခွင့်ပြုထားတာဟာ ကျန်းမာရေးဌာနမှာ တာဝန်ရှိကြောင်းနဲ့ အဲ့ဒီဟိုတယ်ကိုလည်း လော့ဒေါင်း လုပ်ထားဖို့ လိုအပ်တယ်လို့ စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင် ဦးသာစိန်က ဘီဘီစီကို ပြောပါတယ်။
"စိုးရိမ်ရတဲ့အနေအထား ဖြစ်လာနိုင်တာပေါ့၊ သူ့ကို အဲ့ဒီဟိုတယ်မှာ နေထိုင်ခွင့် တရားဝင်ပြုထားသလား၊ သူနေထိုင်ခဲ့တဲ့ ဟိုတယ်ကို လော့ဒေါင်း လုပ်ကို လုပ်ရမယ့်သဘောရှိတယ်၊ အဲ့လိုမလုပ်ပေးနိုင်လို့ရှိရင် စစ်တွေအတွက် တော်တော့်ကို အရေးကြီးတဲ့အနေအထားပါ"လို့ ဦးသာစိန်က ပြောပါတယ်။
အဲ့ဒီလူနာ ကွာရန်တင်းဝင်နေခဲ့တဲ့ ဟိုတယ်ဟာ စစ်တွေမြို့ပေါ် ကမ်းနားလမ်းမှာရှိတဲ့ စစ်တွေမြို့မဈေးကြီးအနီးက Strand Hotel ဖြစ်ပြီး သူနဲ့ထိတွေ့ခဲ့တဲ့ ဟိုတယ်ဝန်ထမ်း ၃ ဦးကိုလည်း ဟိုတယ်ကွာရန်တင်းအဖြစ် ထားရှိပြီး သူတို့ရဲ့နှာခေါင်း တို့ဖတ်နမူနာတွေကို ဒီကနေ့ ဇွန် ၂၄ ရက်မှာ ပို့ဆောင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ သူစီးနင်းလိုက်ပါလာခဲ့တဲ့ ကမ်းရိုးတန်းရေယာဉ်ပေါ်မှာ သင်္ဘောသား ၈ ဦးပါဝင်ပြီး အဲ့ဒီလူတွေကိုတော့ ပိုးတွေ့လူနာနဲ့အတူလာခဲ့ကြသူတွေဖြစ်တဲ့အတွက် ၂၃ ရက်နေ့က စတင်ပြီး ကွာရန်တင်းထားရှိပြီး ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
အဲ့ဒီပိုးတွေ့လူနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘယ်နေ့ကနေ ထွက်သွားပြီး ဘယ်မြို့ကနေ ပြန်လာခဲ့တယ်ဆိုတာနဲ့ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။
ဇွန်လ ၂၁ ရက်နေ့က စစ်တွေကမ်းခြေကို သင်္ဘောဆိုက်ရောက်ခဲ့တဲ့အချိန်မှာ သင်္ဘောပေါ်ကနေ ကမ်းတက်ခဲ့တဲ့ ကူးတို့လှေသမားနဲ့ စစ်တွေဆိပ်ကမ်းကနေ ဟိုတယ်ကိုလိုက်ပို့ခဲ့တဲ့ ဆိုင်ကယ်ကယ်ရီသမားတွေကို သက်ဆိုင်ရာက ရှာဖွေနေပေမယ့် ရှာမတွေ့သေးဘူးလို့ မြို့ခံတွေက ပြောပါယ်။ဒါပေမဲ့ အဲဒီလိုရှာမတွေ့သေးတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်ကိုတော့ သီးခြား အတည်ပြုချက် ယူလို့ မရသေးပါဘူး။
ရခိုင် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်က တဆင့် ပြန်ဝင်လာသူတွေမှာလည်း ပိုးတွေ့ လူနာတိုးလာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှု တိုးနေပေမယ့် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေက ပုံမှန်အတိုင်းလည်ပတ်နေလို့ မောင်တာနယ်စပ်ဘက်မှာလည်း တရားမဝင် ဝင်ရောက်လာသူတွေရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၃ ရက်နေ့ တစ်ရက်တည်းမှာပဲ မနက်ပိုင်းမှာ မောင်တောမြို့နယ်မှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ အမျိုးသမီးတစ်ဦးကို စစ်ဆေးတွေ့ခဲ့ပြီး သူဟာ မောင်တောက ပထမဆုံး ပိုးတွေ့လူနာ အမှတ် ၂၃၄ ရဲ့ ဇနီးဖြစ်ပါတယ်။
"မောင်တောရွှေဇာရွာက ပိုးတွေ့လူနာရဲ့ဇနီးပါ၊ ပထမတစ်ကြိမ် ဆေးစစ်တော့မတွေ့ဘူး၊ ဒုတိယအကြိမ်စစ်တဲ့အခါမှာတွေ့ တာလို့သိရပါတယ်။ သူတို့က ဘင်္ဂလားဒေ့က IDP ဒုက္ခသည်စခန်းမှာရှိတဲ့ ဆွေမျိုးတွေနဲ့ သွားတွေ့တယ်၊ အဲ့ဒီမှာ ပထမတစ်ယောက် တွေ့တယ်။ အခု ဇနီးသည်ပါ တွေ့တာပေါ့။ နောက်ထပ်လည်း ပိုးတွေ့လူနာတွေ များလာနိုင်မယ်လို့ ထင်ပါတယ်"လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
အဲ့ဒီမိသားစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လည်ဝင်ရောက်လာခဲ့ကြပြီး အိမ်ထောင်ဦးစီဖြစ်သူမှာ ရောဂါပိုးစစ်ဆေးတွေ့ရှိ ခဲ့တဲ့အတွက် ဇနီးသည်နဲ့ ကလေးသုံးယောက်ကို လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းမှာ ကွာရန်တင်းသွင်းထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲ့ဒီမိသားစုကို လှဖိုးခေါင် ကွာရန်တင်းစင်တာကနေ မောင်တောဆေးရုံကို ပြောင်းရွှေ့ထားရှိပြီး အသက် ၂ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦး တို့ကိုတော့ မောင်တောဆေးရုံမှာပဲ သီးသန့်ထားရှိတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်းဟာ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းအထိဆိုရင် ၁၁ ဦးထိရှိနေပြီဖြစ်ပါတယ်။ တောင်ပိုင်းဒေသ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်မှာ ၁ ဦး၊ မြောက်ပိုင်းဒေသ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၃ ဦးနဲ့ ပြည်နယ် မြို့တော် စစ်တွေမြို့မှာ ၁ ဦးတို့ ဖြစ်ကြပါတယ်။
ရခိုင် ပြည်နယ်မှာ လက်ရှိ အတည်ပြု ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ ၁၁ ဦးအနက် ၁ ဦး က ဘင်္ဂလားဒေ့ရှ်ပြန် နဲ့ ထိတွေ့မှုကတဆင့် ပြည်တွင်းမှာ ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး ကျန်တဲ့ ၁၀ ဦးကတော့ ပြည်ပကနေ ဝင်ရောက်လာခဲ့ကြသူတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။