ကျောက်တော် အပေါက်ဝရွာ တိုက်နယ်ဆေးရုံ လုံခြုံရေး စိတ်မချလို့ အရေးပေါ်ပြောင်းရွှေ့

အပေါက်ဝ တိုက်နယ်ဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, CJ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ တိုက်နယ်ဆေးရုံကို လုံခြုံရေးစိတ်မချရတာမို့ ဒီနေ့ ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ ကျောက်တော်မြို့ပေါ်က ဆေးရုံကို အရေးပေါ် ပြောင်းရွှေ့လိုက်ရပါတယ်။

အနီးအနားမှာ တိုက်ပွဲမရှိဘဲ တခြားထူးခြားမှုလည်း မရှိပေမဲ့ ရွာထဲမှာ စစ်ကြောင်းတွေ ရောက်နေတာကြောင့် လူနာတွေကို ကျောက်တော်ဆေးရုံကို ယာယီပြောင်းရွှေ့လိုက်တာ ဖြစ်တယ်လို့ ကျောက်တော်ဆေးရုံဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။

ဆေးရုံတက်ရောက်နေတဲ့ လူနာအရေအတွက် မသိရပေမဲ့ တိုက်နယ် ဆေးရုံမှာ သူနာပြုနဲ့ဆရာဝန် ၆ ဦး၊ အလုပ်သမား ၃ ဦး ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ အခြေအနေတွေကို စောင့်ကြည့်နေပြီး ထူးထူးခြားခြား ပြဿနာမရှိရင် ဆေးရုံကို ပြန်လည်ပြောင်းရွှေ့မယ်လို့ ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝတိုက်နယ်ကျေးရွာဟာ ဒီရက်ပိုင်းမှာ တပ်မတော်စစ်ကြောင်း ဝင်ရောက်တပ်စွဲထားလို့ ကျေးရွာသား သုံးပုံတစ်ပုံလောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာဖြစ်ပါတယ်။

အပေါက်ဝရွာဟာ ကျောက်တော်မြို့ရဲ့တောင်ဘက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းနံဘေးမှာရှိတဲ့ရွာဖြစ်ပြီး အိမ်ခြေ ၁၇၀၀ လောက်ရှိပါတယ်။

စစ်ကြောင်းက ဇွန်လ ၉ ရက်မှာ ဝင်ရောက်လာပြီး စစ်ကြောင်းဝင်လာချိန် ကြောက်လန့်ထွက်ပြေးသူတချို့ကို ခြောက်လှန့်ပစ်ခတ်လို့ လူနှစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ ရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"သူတို့ဝင်လာတယ်ဆိုတာကြားတော့ ထွက်ပြေးကြတယ်။ အဲ့ဒီမှာ ရွာထဲကလူတွေကို လိုက်ပစ်တော့ တစ်ယောက်က ပေါင်မှာထိသွားတယ်။ တစ်ယောက်က လက်မှာရှပ်ထိတယ်။ ပေါင်ထိတဲ့ လူက အခုဆေးရုံမှာပါ "လို့ နောက်ထပ် အပေါက်ဝကျေးရွာသားတစ်ဦးက ပြောပါတယ်။

"သူတို့ဝင်လာတယ်ဆိုတာကြားတော့ ထွက်ပြေးကြတယ်။ အဲ့ဒီမှာ ရွာထဲကလူတွေကို လိုက်ပစ်တော့ တစ်ယောက်က ပေါင်မှာထိသွားတယ်။ တစ်ယောက်က လက်မှာရှပ်ထိတယ်။ ပေါင်ထိတဲ့ လူက အခုဆေးရုံမှာပါ "လို့ နောက်ထပ် အပေါက်ဝကျေးရွာသားတစ်ဦးက ပြောပါတယ်။

ရန်ကုန်-စစ်တွေ လမ်းနံဘေးက အိမ်ခြေ ၁၇၀၀ လောက်ရှိတဲ့ရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရန်ကုန်-စစ်တွေ လမ်းနံဘေးက အိမ်ခြေ ၁၇၀၀ လောက်ရှိတဲ့ရွာ

ဇွန်လ ၁၀ ရက်နေ့ မှာလည်း ပစ်ခတ်မှု တချို့ရှိခဲ့ပြီး လူနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရသူနှစ်ဦးဟာ အနီးအနားက ပြိန်းချောင်းကျေးရွာကနေ စက်ပြင်ပြီး ဆိုင်ကယ်နဲ့ ပြန်လာသူ စက်ဆရာနှစ်ဦးဖြစ်ပြီး သူတို့ကို လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ရာက ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ နောက်ထပ်ရွာသားတစ်ဦးက ပြောပါတယ်။

သူတို့ဟာ အသက် ၃၀ ဝန်းကျင် အပေါက်ဝကျေးရွာသား နဲ့ ပြိန်းချောင်း ကျေးရွာသားတို့ ဖြစ်ပြီး သူတို့က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေသူတွေမဟုတ်လို့ ပြန်လွှတ်ပေးဖို့ ရပ်မိရပ်ဖတွေစုပြီး မနေ့က ပြောဆိုခဲ့ကြပေးမဲ့ ပြန်မလွှတ်သေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၁၁ ရက် ညမှာ ကုလားတန်မြစ်အတွင်းက ရေတပ်သင်္ဘောက အချက် ၆၀ လောက် ပစ်ခတ်တဲ့အတွက် ရွာသားတွေ ကြောက်လန့်ထွက်ပြေးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်း ရွာအနီး တိုက်ပွဲ ဖြစ်တာ မရှိဘူးလို့လည်း ရွာသားတွေထံက သိရပါတယ်။

အပေါက်ဝကျေးရွာမှာ တပ်မတော်က တပ်စွဲထားပြီး ဒေသခံတချို့ကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ကျောက်တော်မြို့အဝင် ဆိုင်းဘုတ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဒါ့အပြင် အပါက်ဝကျေးရွာဟာ မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေ အတူနေထိုင်တဲ့ကျေးရွာတစ်ရွာဖြစ်ပြီး တပ်မတော် စစ်ကြောင်းတွေ ရောက်မလာခင်တစ်ရက်မှာ သမဝါယမစက်ရုံ အနောက်ဘက် ကုလားတန်မြစ်ထဲမှာ ငါးရှာနေတဲ့ မွတ်ဆလင်တစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ အပေါက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

သူ့ကို ဘယ်သူ၊ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ မသိရပါဘူး။

ကျောက်တော်မြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကာလတွေမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရွာအတော်များများ မီးလောင်တာ၊ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်တွေ ထိမှန်ပြီး အရပ်သားသေဆုံးတာတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ကုလားတန်မြစ်ကြောင်းအထက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ကျောက်တော်မြို့ပေါ်မှာ ၇၀၀၀ လောက်ထိ ရှိပါပြီ။