ကျောက်တော် တိုက်ပွဲ အရပ်သား ၁၀ ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, Ko myint Lwin
ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျောက်တော်မြို့နယ်အတွင်းမှာ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်း ၃ နာရီခွဲခန့်အချိန်က ပစ်ခတ်မှုတွေအကြား အရပ်သား အနည်းဆုံး ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။
အဲ့ဒီပစ်ခတ်မှုဟာ မနက်ပိုင်း ၃ နာရီခွဲခန့်အချိန်မှာ စစ်တွေဘက်ကနေ ကုလားတန်မြစ်ကြောင်းအတိုင်း ကျောက်တော်မြို့ ဘက်ကိုဆန်တက်လာတဲ့ တပ်မတော် ရေယာဉ်လေးစီးက ကျေးရွာတွေကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကုလားတန်မြစ်ကြောင်းကနေ ရောင်စုံကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မိနစ် ၃၀ ခန့်အကြာ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ကျောက်တော်မြို့ ဘက်ကို ဆက်လက်ခုတ်မောင်းသွားခဲ့တယ်လို့ ရောင်စုံကျေးရွာသားတစ်ဦးက ပြောပါတယ်။
"မနက် ၃ နာရီခွဲလောက်မှာ ပစ်ခတ်သံတွေကြားတယ်။ ကျွန်တော်တို့ရွာရှေ့တည့်တည့်ကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ အချက်ပေါင်း သုံးရာလောက် တော့ပစ်ခတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရွာက နှစ်ယောက်ထိတယ်။ အုပ်ကြွပ်တို့၊ အင်ဘာရီတို့ကလည်း ထိတယ်။"လို့ အဲ့ဒီကျေးရွာသားကပြောပါတယ်။
ဒဏ်ရာရရှိခဲ့သူတွေဟာ ရောင်စုံ(မြောက်)ကျေးရွာက ဦးအောင်သာထွန်း ၆၀ နှစ်၊ ရောင်စုံ (တောင်) ကျေးရွာက ဦးမောင်ကြာထွန်း ၃၉ နှစ်၊ အုပ်ကြွပ်ကျေးရွာက ဦးမောင်ဖြူလှ ၆၈ နှစ်၊ ဦးနီလှဦး ၆၇ နှစ်၊ အင်ဘာရီ မွတ်ဆလင်ကျေးရွာက ဦးဟော်ရှောဘီ ၄၂ နှစ်၊ ဦးဟာဘတ် ၄၂ နှစ်၊ မောင်အဒူလာ ၁၃ နှစ်၊ ပေါက်လေဝကျေးရွာက နှစ်ယောက်နဲ့ အလှမဒီရွာသား တစ်ဦးတို့ထိခိုက် ဒဏ်ရာတွေရရှိခဲ့ကြတာဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း ကျောက်တော်မြို့နယ်ဟာ ပစ်ခတ်မှုတွေနေ့စဉ်ရက်ဆက်ဖြစ်ပွားနေသလို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အတွင်းမှာ အခုလိုပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် မတ်လ ၁၃ ရက်နေ့ တစ်ရက်တည်းမှာ လူဦးရေ ၃၀ ခန့်ထိခိုက်ခံပြီး သေဆုံးသူ ၆ ဦးထိရှိလာပါပြီ။
ဒီနေ့မနက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်ဟာ ကျေးရွာသားတချို့ကတော့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နှစ်ဖက်ပစ်ခတ်မှုတွေကြားလိုက်ရတယ်လို့ပြောဆိုပေမယ့် အေအေဘက်ကတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
"ဒီနေ့ မတ် ၁၆ ရက်နေ့ မနက် ၃ နာရီလောက်မှာ ကျောက်တော်မြို့နယ် ရောင်စုံရွာ၊ အုပ်ကြွပ်ရွာတွေကို မြန်မာရေတပ်သင်္ဘောကနေပြီးတော့ ပစ်ခတ်တဲ့အတွက်ကြောင့်မို့လို့ ရွာသားတွေ ၁၀ ဦးလောက် ဒဏ်ရာရတယ်လို့သိရတယ်။ ဆိုတော့ ဘာမှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပစ်ခတ်တာဖြစ်တယ်"လို့အေအေ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
တပ်မတော်ဘက်ကိုတော့ အဆက်အသွယ်မရရှိခဲ့တာကြောင့် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိမရှိဆိုတာကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
ပလက်ဝနဲ့ ကျောက်တော်မြို့နယ်တွေအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပါတ်ကစတင်ပြီး တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြသလို မတ်လအတွင်းမှာလည်း ဆက်လက်ပြင်းထန်လျက်ရှိနေကာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာတွေမီးလောင်ခံရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီဒေသဟာ ရေလမ်းဆက်သွယ်ရေးကို အဓိကထားသွားလာနေရတဲ့ဒေသတစ်ခုဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်လာခဲ့တဲ့အချိန်မှာ ကုလားတန်မြစ်ကြောင်းအတွင်း သွားလာရေးတွေကို တပ်မတော်ဘက်က တားမြစ်လိုက်တဲ့အတွက် အဲ့ဒီဒေသအတွင်းမှာနေထိုင်တဲ့ ကျေးရွာသားတွေအတွက် သွားရေးလာရေးအဆက်အသွယ်တွေ အခက်အခဲဖြစ်ခဲ့ရသလို အခုလိုမျိုး ကျေးရွာတွေပစ်ခတ်ခံရတဲ့အတွက် အနည်းဆုံး ကျေးရွာ ၇ ခန့်က ထောင်ချီတဲ့ဒေသခံတွေဟာ ကျောက်တော်မြို့ပေါ်နဲ့ မြောက်ဦးမြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။








