မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးဖမ်းဆီးခံရပြီး အုပ်ချုပ်ရေးမှူး ၆ဝ ကျော် နုတ်ထွက်

မြေပုံမြို့နယ်အဝင် ဆိုင်းဘုတ်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရေးသားခဲ့သည်။

ရခိုင် အလယ်ပိုင်း မြေပုံမြို့နယ်မှာ လုံခြုံမှုမရှိတော့လို့ နုတ်ထွက်တယ်ဆိုပြီး မြို့ပေါ် ၉ ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စုပေါင်း ၆၂ ခုက အုပ်ချုပ်ရေးမှူးတွေ တာဝန်က နုတ်ထွက်ခဲ့ကြတယ်လို့ နုတ်ထွက်ရာမှာပါဝင်တဲ့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စာတင်ပြီး ဒီကနေ့ ဇွန်လ ၅ ရက် နေ့လယ်ပိုင်းမှာ နုတ်ထွက်လိုက်ကြတယ်လို့ သူက ပြောပါတယ်။

မြေပုံမြို့နယ်တစ်ခုလုံးမှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပေါင်း ၆၈ ဦးရှိတဲ့အနက် သုံးဦးက ဖမ်းဆီးခံထားပြီး ၆၂ ဦးက ဒီကနေ့ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အဆက်အသွယ်မရတဲ့အတွက် ကျန်ခဲ့သူ အုပ်ချုပ်ရေးမှူးတချို့ရှိနေကြောင်းနဲ့ သူတို့အားလုံးလည်း နုတ်ထွက်ကြမယ့်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြေပုံမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးတို့ကို မေလ ၃၀ ရက် နဲ့ ဇွန်လ ၃ ရက်တို့ မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတာကြောင့် နောက်ထပ် ဖမ်းဆီးခံရမှုတွေဖြစ်ပွားလာမှာကို စိုးရိမ်ပြီး အခုလို တာဝန်ကနေ နုတ်ထွက်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၃၀ ရက်နေ့က အငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နဲ့ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို ဖမ်းဆီးလိုက်ပြီး ဇွန်လ ၄ ရက်နေ့မှာလည်း မြေပုံမြို့ပေါ် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူး သုံးဦးကို မြေပုံမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀-၅၂ တွေနဲ့ အမှုဖွင့် ရမန်ယူထားတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့က နှစ်ဖက်ကြားမှာ မိမိရဲ့အသက်အိုးအိမ်စည်းဇိမ် လုံခြုံမှုမရှိသလို ခံစားရတာက တစ်ကြောင်း၊ နောက်ပြီးတော့ မိခင်ဌာနအကြီးအကဲတွေကလည်း ဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိပါ။

ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ နိုင်ငံတော်ကပေးအပ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ အခက်အခဲရှိနေလို့ ကြောက်တာကတစ်ကြာင်း၊ စိုးရိမ်တာကတစ်ကြောင်း ဒါနဲ့ ထွက်ကြတာပါ"လို့ ရာထူးက နုတ်ထွက်ခဲ့သူ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အုပ်ချုပ်ရေးမှူး နေအိမ်တွေကို ရှာဖွေတာတွေ ရှိနေတဲ့အတွက် ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေလည်း ဆက်လက်ပြီးဖမ်းဆီးခံလာရနိုင်တာကြောင့် တိမ်းရှောင်နေကြရတယ်လို့ အမည်မဖော်လိုတဲ့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာအုပ်ချုပ်ရေးမှူးတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် အဲ့ဒီနုတ်ထွက်စာတွေကို ကိုယ်တိုင် သွားရောက်ပေးပို့ခဲ့ကြတာမျိုး မဟုတ်ဘဲ မြို့ပေါ်မှာ ယာယီစုရပ်တစ်ခုပြုလုပ်ပြီး ကိုယ်စားလွှဲပြီးတော့ သက်ဆိုင်ရာစာရွက်စာတမ်းတွေနဲ့ တံဆိပ်တုံးတွေကို ပေးပို့ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

နုတ်စာတင်တဲ့အခါမှာလည်း လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုတွေကြောင့် ၆၂ ဦးစလုံး တပြိုင်နက်တည်း ပေးပို့ခဲ့ကြတာမဟုတ်ဘဲ ပထမအသုတ်အဖြစ် ၅၁ ဦး၊ ဒုတိယအသုတ်အဖြစ် ၁၁ ဦးတို့ရဲ့ နုတ်ထွက်စာတွေကို ပေးပို့ခဲ့ကြတယ် လို့ ဆိုပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြတာနဲ့ပတ်သက်လို့ မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို ဘီဘီစီက အကြိမ်ကြိမ်ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်သွယ်မရရှိခဲ့ပါဘူး။

အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အစိုးရအဖွဲ့အစည်းတွေကို ပံ့ပိုးကူညီကြရသလို တစ်ဖက်အဖွဲ့အစည်းတွေက ခေါ်လို့ရှိရင် စိတ်ပါလို့ဖြစ်စေ ကြောက်လို့ဖြစ်စေ သွားရမှာဖြစ်ပြီး ဘယ်သူ့ကိုမှ လွန်ဆန်လို့မရကြောင်းနဲ့ အဲ့ဒီလိုအခြေအနေမျိုးကို အစိုးရအဖွဲ့အနေနဲ့ သဘောပေါက်ဖို့လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ အုပ်ချုပ်ရေးမှူး သုံးဦးကိုတော့ အစားအသောက် တွေကိုသွားပို့နေရပြီး စကားပြောခွင့် တွေ့ဆုံခွင့်မရရှိကြဘူးလို့ မိသားစုတွေကပြောပါတယ်။

"အုပ်ချုပ်ရေးမှူးတွေက အောက်ခြေမှာ ဒေသကို အုပ်ချုပ်နေတဲ့ စီမံခန့်ခွဲနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့တွေမရှိတော့ဘူးဆိုရင် အုပ်ချုပ်ရေးဌာနအနေနဲ့ ကျေးရွာနဲ့ အဆက်ပြတ်သွားတာပေါ့။ ဘယ်သူမှ တာဝန်ခံ လုပ်မယ့်သူ မရှိတော့ဘူး။ အဲ့ဒါအတွက်တော့ ဥပဒေစိုးမိုးမှု အားနည်းသွားမှာပေါ့"လို့ ဦးဖေသန်းက ပြောကြားပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တာဝန်က နုတ်ထွက်တာဟာ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားသွားအောင်လုပ်တာ မဟုတ်ဘဲ အခုလို နုတ်ထွက်တာတွေ ဖြစ်လာအောင် တမင်လုပ်နေသူတွေရဲ့ တာဝန်သာဖြစ်တယ်လို့ နုတ်ထွက်စာတင်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြေပုံမြို့ပေါ်မှာရှိတဲ့ စည်ပင်ကော်မတီဥက္ကဌ ဦးညွန့်ဝင်း၊ ကရုနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးမောင်စိုးလှိုင် တို့ရဲ့နေအိမ်တွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ညအချိန်မှာလာရောက်ရှာဖွေမှုတွေပြုလပ်ခဲ့တယ်လို့ မြေပုံဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့မြို့နယ်တွေအတွင်းမှာ အခုလိုမျိုး အုပ်ချုပ်ရေးမှူးတွေ မကြာခဏဖမ်းဆီးခံကြရပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကလည်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်တွေမှာလည်း အခုလိုမျိုး အုပ်ချုပ်ရေးမှူးတွေ စုပေါင်းနုတ်ထွက်ခဲ့ကြဖူးပါတယ်။