ကိုဗစ်၁၉-ရောဂါဖြစ်ပွားသူတွေ အစုလိုက်အပြုံလိုက် ပေါ်လာတာမျိုး ရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးပြော

ကူးစက်မှုတွေ တစ်ပြိုင်တည်း ပေါ်လာရင် ရောဂါထိန်းချုပ်ရေးမှာ ခက်ခဲပြီး မနိုင်မနင်း ဖြစ်လာနိုင်တယ်လို့ ဝန်ကြီး ပြော

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, ကူးစက်မှုတွေ တစ်ပြိုင်တည်း ပေါ်လာရင် ရောဂါထိန်းချုပ်ရေးမှာ ခက်ခဲပြီး မနိုင်မနင်း ဖြစ်လာနိုင်တယ်လို့ ဝန်ကြီး ပြော
ရေးသားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါအစပျိုးချိန်ရဲ့ နှစ်ဆ ကာလဖြစ်တဲ့ ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူ ထပ်မတွေ့မှသာ ကူးစက်ရောဂါဖြစ်ပွားခြင်းမရှိတော့ဘူးလို့ ယူဆနိုင်မှာ ဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဇွန် ၈ ရက်က ဝန်ကြီးဌာနဖေ့စ်ဘွတ်က ထုတ်ပြန်ချက်မှာ ဝန်ကြီးက ခုလိုပြောကြားထားတာ ဖြစ်ပါတယ်။

ရောဂါတစ်ခုဟာရောဂါပျိုးချိန် ကြာရင်ကြာသလောက် ပိုအန္တရာယ်ရှိနိုင်တယ်လို့ ဝန်ကြီးက သတိပေးပါတယ်။ နေရာတစ်ခုမှာ ကပ်ရောဂါတစ်ခုရဲ့ ရောဂါပျိုးချိန် အရှည်ကြာဆုံးကာလ နှစ်ဆတာကာလအတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှ မရှိတော့မှသာ အဲဒီဒေသမှာ ရောဂါကူးစက်ဖြစ်ပွား ခြင်းမရှိတော့ဘူးလို့ ကောက်ချက်ချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အခု ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရောဂါပျိုးချိန် နှစ်ဆတာကာလဟာ ၂၈ ရက်ဖြစ်ပြီး အဲဒီရက်အတွင်း ရောဂါဖြစ်ပွားသူတစ်ဦးတစ်ယောက်မှ မရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိတော့ဘူးလို့ ယူဆနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။

ရောဂါဖြစ်ပွားသူတွေနေရာအနှံ့အပြားကနေ အစုလိုက်အပြုံလိုက်တစ်ပြိုင်နက်တည်းနီးပါး ပေါ်လာတာမျိုးလည်း ရှိနိုင်တယ်လို့ ၀န်ကြီးက သတိပေးပါတယ်။

ရောဂါပျိုးချိန်အတွင်းရှိနေပြီး ရောဂါလက္ခဏာမပြသူတွေ၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ ကိုမလိုက်နာသူတွေရှိနေနိုင် တာကြောင့် ကူးစက်မှုတွေ တစ်ပြိုင်တည်း ပေါ်လာရင် ရောဂါထိန်းချုပ်ရေးမှာ ခက်ခဲပြီး မနိုင်မနင်းဖြစ်လာနိုင်တယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

မြန်မာမှာ မေ ၈ ရက်မနက်ထိ အတည်ပြုလူနာ စုစုပေါင်း ၂၄၃ ဦးရှိနေပါတယ်။

မေ ၁၈ ရက်ကနေ ဇွန် ၈ ရက်အထိ ဓာတ်ခွဲစစ်ဆေးသူပေါင်း ၂၂၀၀၀ ကျော်အနက် ဇွန် ၂ ရက်မှာ တွေ့ရတဲ့ အတည်ပြုလူနာတစ်ဦးကလွဲလို့ ကျန် ၅၃ ဦးဟာ ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။

ဇွန်လ ၈ ရက်မနက်က ထပ်မံတွေ့ရှိတဲ့အတည်ပြုလူနာနံပါတ် ၂၄၃ ဟာ အီတလီက ပြန်လာသူဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြည့် ထားသူဖြစ်ပါတယ်။

မေ ၁၈ ရက်ကနေ ဇွန် ၈ ရက်အထိ ၂၁ ရက်အတွင်း အတည်ပြုလူနာ ၅၃ ဦးအနက် ၅၂ ဦးဟာ ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, မေ ၁၈ ရက်ကနေ ဇွန် ၈ ရက်အထိ ၂၁ ရက်အတွင်း အတည်ပြုလူနာ ၅၃ ဦးအနက် ၅၂ ဦးဟာ ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။

မနေ့က ဇွန်လ ၇ ရက်မှာ ရန်ကုန်က ဓာတ်ခွဲခန်းနှစ်ခု၊ ရန်ကုန်တပ်မတော်ခုတင် ၁၀၀၀ ဆေးရုံက ဓာတ်ခွဲခန်းနဲ့ မော်လမြိုင်က ဓာတ်ခွဲခန်းလေးခုကနေ တစ်ရက်တည်းဓာတ်ခွဲနမူနာပေါင်း ၂၀၉၇ ခုကို စံချိန်တင်စစ်ဆေးနိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲကနေ အတည်ပြုလူနာသစ်တစ်ဦးကိုတွေ့ခဲ့တာဖြစ်ပါတယ်။

ဇွန် ၇ ရက်မှာ ဓာတ်ခွဲခန်းလေးခုကနေ တစ်ရက်တည်း နမူနာ ၂၀၀၀ ကျော် စံချိန်တင်စစ်ဆေးနိုင်ခဲ့။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, ဇွန် ၇ ရက်မှာ ဓာတ်ခွဲခန်းလေးခုကနေ တစ်ရက်တည်း နမူနာ ၂၀၀၀ ကျော် စံချိန်တင်စစ်ဆေးနိုင်ခဲ့။

တစ်ကမ္ဘာလုံးမှာတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ ခုနစ်သန်းကျော်(၇၁ သိန်းနီးပါး) နဲ့ သေဆုံးသူက လေးသိန်းကျော် ရှိပါတယ်။ ပြန်လည်ကျန်းမာလာ သူက သုံးသန်းခွဲနီးပါး(၃၄ သိန်း) ရှိနေပါတယ်။

ဖြစ်ပွားမှုအများဆုံး ထိပ်တန်းငါးနိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ ရုရှ၊ စပိန်နဲ့ ဗြိတိန်တို့ ဖြစ်ပါတယ်။

ဗြိတိန်မှာ ပြည်ပလာသူတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် နှစ်ပတ် ကွာရန်တင်းဝင်ရမယ့်အစီအစဉ်ကို ဇွန် ၈ ရက်မှာစတင်လိုက်ပြီဖြစ်ပါတယ်။ အဲဒီ စည်းကမ်းကို ဖောက်ဖျက်ရင် အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ဗြိတိန်အစိုးရကပြောကြားထားပါတယ်။