အိန္ဒိယပြန်တစ်ဦးနဲ့ ထိုင်းပြန်တစ်ဦးမှာ ပိုးထပ်တွေ့

အိန္ဒိယမှာအခက်ကြုံနေတဲ့မြန်မာနိုင်ငံသားတွေကို အစိုးရက ပြန်ခေါ်တာ တတိယအသုတ်ထိရှိနေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ပြန်ခေါ်တာ တတိယအသုတ်ထိ ရှိနေပါပြီ။
ရေးသားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၇ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက ထပ်တိုးလူနာ အမှတ် ၂၄၁ နဲ့ အမှတ် ၂၄၂ လူနာနှစ်ဦးဟာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံကနေ ပြန်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ လူနာနှစ်ဦးအနက် အိန္ဒိယက ပြန်လာသူဟာ ရန်ကုန်မှာ ကွာရန်တင်း စောင့်ကြည့်ခံနေရသူ ဖြစ်ပြီး ထိုင်းနိုင်ငံက ပြန်ရောက်လာသူကတော့ မကွေးတိုင်း သရက်မြို့မှာ ကွာရန်တင်း စောင့်ကြည့်ခံနေရသူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ ကလည်း အိန္ဒိယပြန် ၄ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ အခုဆိုရင် အိန္ဒိယပြန်တွေထဲက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၃၃ ဦးအထိ ရှိလာပြီဖြစ်ပြီး ပြည်တော်ပြန်တွေထဲမှာ အိန္ဒိယကနေ ပြန်လာသူတွေက ပိုးတွေ့သူ အများဆုံး ဖြစ်နေပါတယ်။

ဇွန်လ ၇ ရက်နေ့အထိ မြန်မာနိုင်ငံကို ပြည်ပနိုင်ငံ အသီးသီး ကနေ ပြန်လည် ဝင်ရောက်လာသူ စုစုပေါင်း ၃၁၀၀ ကျော်ကို အထူးလေယာဉ်တွေနဲ့ ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၄ရက်နေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက ထပ်တိုးလူနာ အမှတ် ၂၃၅ နဲ့ ၂၃၆ လူနာနှစ်ဦးဟာ သံဃာတော်တွေ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, COVID 19 CONTROL AND EMERGENCY RESPONSE - SAGAING

ဓာတ်ပုံ ပုံစာ, ဇွန်လ ၄ရက်နေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက ထပ်တိုးလူနာ အမှတ် ၂၃၅ နဲ့ ၂၃၆ လူနာနှစ်ဦးဟာ သံဃာတော်တွေ ဖြစ်

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှု ယာယီ ရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို အခုအခါ ကယ်ဆယ်ရေး လေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်လျက်ရှိပါတယ်။

မေ ၃၀ ရက် မနက် ၇ နာရီက အိန္ဒိယပြန်တွေထဲက ကိုဗစ်-၁၉ အတည်ပြုလူနာသစ် နောက်ထပ် ၁၇ ဦးထပ်တွေ့ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အိန္ဒိယပြန်တွေထဲက ကိုဗစ်-၁၉ အတည်ပြု လူနာသစ် အများဆုံး တွေ့ခဲ့တာ ဖြစ်ပါတယ်။

သူတို့နဲ့ လေယာဉ်အတူ စီးလာတဲ့ တပ်မတော်သား ၄ ဦးလည်း ရောဂါ ကူးစက်ခံရတယ်လို့ ဇွန် လ ၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့က အိန္ဒိယပြန် သံဃာ ၂ ပါးနဲ့ ဇွန်လ ၆ရက်နေ့က ရန်ကုန်မှာ ကွာရန်တင်းဝင်နေတဲ့ အိန္ဒိယပြန် ၄ ဦးမှာ ရောဂါပိုး တွေ့ရှိရတယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယမှာ ကျမ်းစာသင်ကျောင်းတက်တဲ့ သူတွေက နယ်စပ်ကနေ ပြန်ဝင်လာသူတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, Nu NIll

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ ကျမ်းစာသင်ကျောင်း တက်တဲ့ သူတွေက နယ်စပ်ကနေ ပြန်ဝင်လာသူတွေရှိနေ

ဒီရက်ပိုင်း အိန္ဒိယနယ်စပ်ကနေ မြန်မာနိုင်ငံထဲ ပြန်ဝင်လာ ၃၃ ဦး ရှိပြီး ဖလမ်းမြို့မှာ ကွာရန်တင်းဝင်နေတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန် က ဘီဘီစီကို ပြောပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က နယ်စပ်ကနေ ဝင်လာကြတာ ဖြစ်ကြောင်းနဲ့ သူတို့ကို ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပြီး ကွာရန်တင်း စနစ်တကျ ဝင်ခိုင်းထားတယ်လို့ သူက ရှင်းပြပါတယ်။

ဇွန်လ ၇ ရက် ကိုရိုနာရောဂါပိုး တွေ့ရှိတဲ့ အိန္ဒိယပြန်ကို ရန်ကုန်မြို့ တောင်ဥက္ကလာပ ဆေးရုံမှာ ကုသပေးမှာ ဖြစ်ပြီး ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ သရက်မြို့မှာ နေထိုင်သူကိုတော့ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယပြန်တွေကို နောက်ထပ် လေယာဉ်နဲ့ခေါ်မယ့် အစီအစဉ်ကို အတိအကျ ထုတ်ပြန်တာ မရှိပေမယ့် အိန္ဒိယနိုင်ငံထဲ ရောက်နေတဲ့ မြန်မာ ကျမ်းစာသင် ကျောင်းသား တစ်ရာကျော်လောက် နယ်စပ်ကနေ အခုရက်ပိုင်း ပြန်ဝင်လာဖို့ ရှိနေတယ်လို့ ချင်းပြည်နယ် အစိုးရနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့မှာ ဗိုင်းရပ်စ် ကူးစက်မှု ဆိုးရွားနေပါတယ်။ အိန္ဒိယမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လေးထောင်နီးပါး ရှိနေပြီး ရောဂါ ကူးစက်ခံထားရသူပေါင်း နှစ်သိန်းခွဲ နီးပါး ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ဇွန် ၇ ရက်နေ့ ည ၈ နာရီ အစိုးရထုတ်ပြန်ချက်အရ လူနာသစ် ၂ ဦး ထပ်တွေ့ရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၂၄၂ ဦးရှိလာပြီ ဖြစ်ပါတယ်။