လှိုင်သာယာက တရုတ်စက်ရုံပိုင်ရှင်ကို သတ်တဲ့ တရားခံ ၂ ဦးကို ဖမ်းမိ၊ စကားများရာက လူသတ်မှုဖြစ်လို့ ထွက်ဆို

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP via Getty Images
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ထဲမှာ တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်ကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ တရားခံ ၂ ဦးလုံးကို မေလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ ဖမ်းမိခဲ့တယ်လို့ လှိုင်သာယာမြို့နယ် ရဲစခန်းမှူးဖြစ်တဲ့ ရဲမှူးခင်ဇော်က ပြောပါတယ်။
မေလ ၁၃ ရက်နေ့ ညနေပိုင်းလောက်က တရားခံတစ်ဦးဖြစ်တဲ့ ရဲကိုကို ကို လှိုင်သာယာမှာ အရင် စမိပြီး ည ၁၀ နာရီလောက်မှာ ငပွေး (ခေါ်) ဟန်ဝင်းထွန်းကို သူရှောင်တိမ်းနေတဲ့ ထောက်ကြံ့က ဦးလေးအိမ်မှာ ထပ်မိခဲ့တာ ဖြစ်ပါတယ်။
"၂ ဦးလုံးက လှိုင်သာယာမှာနေတဲ့ ကျပန်းလုပ်ကိုင်ကြသူတွေပါ၊ သူတို့ပြောတာတော့ အဲ့ဒီ တရုတ်က သူတို့ဆိုင်ကယ်ကို ချိတ်ပြီးတော့ လုပ်သွားလို့ လိုက်ပြောရင်းနဲ့ ရန်ဖြစ်တာပဲ၊ သူ့စကား ကိုယ်နားမလည်၊ ကိုယ့်စကား သူနားမလည်ပေါ့ဗျာ၊ ကြိုတင်အကြံအစည်တော့ ရှိပုံရပါတယ်၊ ကားပေါ်က အိတ်ပါ ဆွဲယူသွားတာလေ" လို့ ရဲမှူးခင်ဇော်က ပြောပါတယ်။
အဲ့ဒီ ပိုက်ဆံအိတ်ထဲမှာ တရုတ်နိုင်ငံသားရဲ့ ပတ်စ်ပို့နဲ့ အမေရိကန် ဒေါ်လာ ၁၀၀ တန် ၁၀ ရွက်ကျော်လောက်ပါတာ ဖြစ်ပါတယ်။
"ဒီပိုက်ဆံတွေကို သူတို့ ၂ ယောက် ခွဲယူထားကြတယ်၊ အခုတော့ ပိုက်ဆံရယ်၊ ပိုက်ဆံအိတ်ရယ်၊ သူတို့ သုံးခဲ့တဲ့ ဓားရယ်၊ ဆိုင်ကယ်ရယ် အကုန်လုံးကို သိမ်းထားပြီးပါပြီ" လို့ ရဲမှူးခင်ဇော်က ပြောပါတယ်။
တရုတ်နိုင်ငံသားဟာ လှိုင်သာယာ ရွှေလင်ပန်း စက်မှုဇုန်အကွက် ၂၂ မှာရှိတဲ့ Myanmar Golden Forever စက်ရုံပိုင်ရှင်ဖြစ်ပြီး သူ့ကို ရွှေလင်ပန်း စက်မှုဇုန် ဦးဖိုးလှိုင်လမ်းနဲ့ ဦးထွန်းညိုလမ်းကြားထောင့် ကားပေါ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မြို့နယ် ရဲတပ်ဖွဲ့က မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ စစ်ဆေးတွေ့ခဲ့ပါတယ်။
အသတ်ရခံသူဟာ အသက် ၆၃ နှစ်အရွယ် မစ္စတာ ရန်ဘန်ချောင် ဖြစ်ပါတယ်။
"ရန်ငြှိုးရန်စ မရှိဘူး၊ အဓိကကတော့ ပိုက်ဆံ လိုက်ညှစ်တဲ့ သဘောပေါ့ဗျာ၊ ကားတိုက်ခံ ကားတိုက်မိချင်ယောင်ဆောင်ပြီးတော့ ပိုက်ဆံလိုက်တောင်းတဲ့ သဘောပေါ့၊ အဲ့ဒီအနေအထားမှာ တစ်ယောက်နဲ့ တစ်ယောက် ခိုက်ရန်ဖြစ်ကြတာ၊ တရုတ်က သန်တယ်လေ၊ ၆၃ နှစ်ဆိုပေမယ့် ထောင်ထောင် မောင်းမောင်းကြီး ဒီက ကောင်တွေက ဖလံလေးဆိုတော့ နောက်ဆုံး မနိုင်တော့ ဓားနဲ့ထိုးတာပေါ့" လို့ ရဲမှူးခင်ဇော်က ပြောပါတယ်။
Myanmar Golden Forever စက်ရုံဟာ သံမဏိ သံထည် ရောင်းဝယ်ရေး လုပ်ငန်းအပြင် ဂိုထောင်ကြီးတွေ အဆောက်အဦးကြီးတွေ လိုက်ဆောက်ပေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းအကြီးစား ကုမ္ပဏီဖြစ်တယ်လို့လည်း ရဲမှူးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Paw Mya Tin/NurPhoto via Getty Images
တရုတ်နိုင်ငံသား မသေဆုံးခင် သူမောင်းလာတဲ့ တိုယိုတာ ပလက်တီနမ်ကားနောက်ကို ဆိုင်ကယ်နဲ့ လိုက်လာပြီး ကားပေါ်က ဆွဲချထိုးကြိတ်နေတဲ့ ဗွီဒီယိုဟာ လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
"ဒီဗွီဒီယိုက တရုတ်အချင်းချင်း WeChat မှာတင်ရင်းနဲ့ အပြင်ရောက်သွားတာ ဖြစ်မှာပေါ့၊ ကျွန်တော်တို့ဆီက မပေါက်ဘူး၊ ကျွန်တော်တို့က အဲ့ဒါကို အခြေခံပြီးတော့ လိုက်ရတာ" လို့ ရဲမှူး ခင်ဇော်က ပြောပါတယ်။
"ဗွီဒီယိုထဲ ၃ ယောက်လို့ ထင်ရပေမဲ့ ၂ ယောက်ပါ၊ ကျွန်တော်တို့ သေချာတယ်၊ ကျွန်တော်တို့က အဲ့ဒီ စက်ရုံမှာ သွားထိုင်ပြီးတော့ resolution ကောင်းတဲ့ ဟာနဲ့ သေချာ ကြည့်တော့ ၂ ယောက်တည်းပါ၊ သူတို့သွားတဲ့ လမ်းတောက်လျှောက် ကြည့်တာလည်း တောက်လျှောက် ၂ ယောက်တည်းပါ" လို့ ရဲမှူးက ပြောပါတယ်။
အခုတော့ တရားခံ ၂ ဦးလုံးကို ဖမ်းဆီးထားပြီး လူသတ်မှုနဲ့ စွဲဆိုဖို့ ပြင်ဆင်နေပါတယ်။
"လူသတ်မှုတောင်မှ မသေမချင်း သတ်တဲ့ဟာနဲ့ ချရမှာပေါ့၊ ကျွန်တော်တို့ကတော့ သေချာ အမှုတွဲ တည်ဆောက်ပြီး တင်ပေးလိုက်မယ်" လို့ လှိုင်သာယာမြို့နယ် ရဲစခန်းမှူးဖြစ်တဲ့ ရဲမှူးခင်ဇော်က ပြောပါတယ်။
ရန်ကုန်တိုင်းထဲမှာ လှိုင်သာယာဟာ လူဦးရေအများဆုံးရှိတဲ့ မြို့နယ်ဖြစ်ပြီး ခိုးမှု လုယက်မှုတွေအပါအဝင် ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး ညဘက်တွေမှာ အပြင်ကို သတိထား သွားလာရတယ်လို့ ရွှေလင်ပန်းစက်မှုဇုန်ထဲမှာ နေတဲ့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ် စခန်းမှူး ရဲမှူးခင်ဇော်ကတော့ "လှိုင်သာယာထဲ ကျွန်တော်တို့က နေ့ည ရဲလှည့်ကင်း ၁၁ ဖွဲ့ ရှိတယ်၊ နေ့ည နားချိန်မရှိသလောက်ကို ကိုယ့်အပိုင်းနဲ့ကိုယ် နယ်မြေထဲ လှည့်ပေးနေတာ၊ ပြစ်မှုတွေ ဖြစ်ပွားတဲ့ အနေအထားပေါ် မူတည်ပြီး များများလှည့်ပေးနေပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။








