လှိုင်သာယာမှာ တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင် အသတ်ခံရ၊ သံသယတရားခံတွေကို ခေါ်စစ်

ဓာတ်ပုံ ရင်းမြစ်, Shwe Paw Mya Tin/NurPhoto via Getty Images
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ထဲက ဦးဖိုးလှိုင်လမ်းနဲ့ ဦးထွန်းညိုလမ်းကြားထောင့်မှာ တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်တစ်ဦး ကားပေါ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ မြို့နယ် ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ခဲ့ပါတယ်။
"ဓားဒဏ်ရာ ၃ ချက်က ရင်ညွန့်မှာ ၁ ချက်၊ ဝဲနဲ့ ယာ ဘေးနံကြားကို ၁ ချက်စီပါ၊ အခင်းဖြစ်ပြီး ၁၀ မိနစ်ကြာလောက်တော့ ကျွန်တော်တို့ ရောက်တယ်၊ ရောက်တဲ့အချိန်မှာ အသက်က မရှိတော့ဘူး၊ ဓားဒဏ်ရာနဲ့ ကားပေါ်မှာ မှောက်နေတယ်၊ သူတစ်ယောက်တည်း တွေ့တယ်" လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ် သန်းစိုးက ပြောပါတယ်။
သေဆုံးမှုအတွက်တော့ လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး သံသယတရားခံတွေကိုလည်း ခေါ်စစ်နေပါတယ်။
"စက်ရုံအနီးတဝိုက်က လုယက်တတ်တဲ့သူတွေကို ခေါ်စစ်နေပါတယ်၊ သတင်းရှိတဲ့သူ ၈ ယောက်ကို စစ်ဆေးထားပါတယ်" လို့ သောင်ကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ် သန်းစိုးက ပြောပါတယ်။
တရုတ်နိုင်ငံသားဟာ လှိုင်သာယာ ရွှေလင်ပန်း စက်မှုဇုန်အကွက် ၂၂ မှာရှိတဲ့ Myanmar Golden Forever စက်ရုံပိုင်ရှင်ဖြစ်ပြီး သူ့ကို ရွှေလင်ပန်း စက်မှုဇုန် ဦးဖိုးလှိုင်လမ်းနဲ့ ဦးထွန်းညိုလမ်းကြားထောင့် ကားပေါ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မြို့နယ် ရဲတပ်ဖွဲ့က မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ စစ်ဆေးတွေ့ခဲ့ပါတယ်။
အသတ်ရခံသူဟာ အသက် ၆၃ နှစ်အရွယ် မစ္စတာ ရန်ဘန်ချောင် ဖြစ်ပါတယ်။
အဲ့ဒီတရုတ်နိုင်ငံသား မသေဆုံးခင် သူမောင်းလာတဲ့ တိုယိုတာ ပလက်တီနမ်ကားနောက်ကို ဆိုင်ကယ်နဲ့ လူ ၃ ယောက်လောက်က လိုက်လာပြီး ကားပေါ်က ဆွဲချထိုးကြိတ်နေတဲ့ ဗွီဒီယိုဟာ လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
သောင်ကြီးနယ်မြေ ရဲစခန်း ရဲအုပ် သန်းစိုးကတော့ "အဲ့ဒီဗွီဒီယိုက ဘယ်က ဘယ်လိုပျံ့လဲ ကျွန်တော်တို့လည်း မသိပါဘူး၊ ဘာလို့ဆိုတော့ ဖြစ်ဖြစ်ချင်း ကျွန်တော်တို့ လိုက်တယ်၊ ဗွီဒီယိုလည်း ကျွန်တော်တို့ မရပါဘူး" လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေအများဆုံးနေထိုင်ရာ လှိုင်သာမြို့နယ်မှာ စက်မှုဇုန်အများဆုံးတည်ရှိပြီး စက်ရုံအများစုဟာ တရုတ်နိုင်ငံသားတွေပိုင်တဲ့စက်ရုံတွေ ဖြစ်ပါတယ်။
လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် လှိုင်သာယာအပါအဝင် တနိုင်ငံလုံးက စက်ရုံ အလုပ်ရုံတွေကို ကျန်းမာရေး လိုက်နာချက်တွေနဲ့အညီ ပြန်ဖွင့်ဖို့ စိစစ်နေပါတယ်။
အခု အသတ်ခံရတဲ့ တရုတ်နိုင်ငံသားရဲ့ သံမဏိ စက်ရုံကတော့ ခွင့်ပြုချက်နဲ့ လည်ပတ်နေဆဲ ဖြစ်ပြီး စက်ရုံပိုင်ရှင်သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဝန်ထမ်းတွေကို ခေါ်စစ်တာ မရှိသေးဘူးလို့ သောင်ကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ် သန်းစိုးက ပြောပါတယ်။








