ဘူးသီးတောင်မှာ သရက်သီးခူးတဲ့ ကလေးတွေမိုင်းထိ၊ နှစ်ဦးသေဆုံး

၂၀၁၉ နိုဝင်ဘာ တိုက်ပွဲနောက်ပိုင်း သရက်ပြင်ရွာအနီး ရွာသားတွေ သွားလာရခက်ခဲ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ၂၀၁၉ နိုဝင်ဘာ တိုက်ပွဲနောက်ပိုင်း သရက်ပြင်ရွာအနီး ရွာသားတွေ သွားလာရခက်ခဲ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းက ရွာသားတွေစွန့်ပစ်ထားခဲ့တဲ့ ကျေးရွာအတွင်း မှာ သရက်သီးခူးတဲ့ ကလေးငယ်သုံးဦး မေလ ၁၂ ရက်၊ မနက် ၁၁ နာရီလောက်က မြေမြှုပ်မိုင်းနင်းမိပြီး နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

အဲ့ဒီကျေးရွာဟာ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက် စိုင်းဒင်ချောင်းအတွင်းက စိုင်းဒင်တံတားအနီးမှာတည်ရှိတဲ့ သရက်ပြင် ရွာဖြစ်ပြီး ၊အဲ့ဒီကျေးရွာအတွင်းမှာရှိနေတဲ့ မြေမြှုပ်မိုင်းကို ကလေးငယ်တွေ နင်းမိခဲ့ကြတာဖြစ်နိုင်တယ်လို့ ဖုန်ညိုလိပ်ကျေးရွာက မွတ်ဆလင်ရွာသား ဦးမာဆီးနီက ပြောပါတယ်။

အဲ့ဒီကလေးငယ်သုံးဦးတို့ဟာ မွတ်ဆလင်ကလေးငယ်တွေဖြစ်ကြပြီး သေဆုံးသူနှစ်ဦး က ချာကေကျေးရွာက အသက် ၁၀ နှစ်အရွယ် မအတူလာမီနဲ့ အသက် ၉ နှစ်အရွယ် မောင်ရာဟတ်နာဟာတူတို့ဖြစ်ကြပါတယ်။ ဒဏ်ရာအပြင်းအထန်ရခဲ့သူကတော့ သရက်ပြင် (မွတ်ဆလင်) ကျေးရွာက အသက် ၈ နှစ်အရွယ် မဟာဒေကာဆီဘီတို့ဖြစ်ကြပါတယ်။

သရက်ပြင်အုပ်စုနဲ့ ကင်းတောင်ကျေးရွာတွေက လူတွေ ရွာမှာမနေကြတော့လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, သရက်ပြင်အုပ်စုနဲ့ ကင်းတောင်ကျေးရွာတွေက လူတွေ ရွာမှာမနေကြတော့လို့ဆို

ချာကေကျေးရွာနဲ့ သရက်ပြင်ကျေးရွာတွေဟာ သရက်ပြင်အုပ်စုအတွင်းက ကျေးရွာတွေဖြစ်ကြပြီး မိုင်းပေါက်ကွဲတဲ့နေရာမှာ တစ်ဦးကပွဲချင်းပြီးသေဆုံးကာ တစ်ဦး က ဆေးရုံကိုပို့စဉ်သေဆုံး သွားခဲ့ကြောင်းနဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်ကတော့ မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဖုန်ညိုလိပ်ကျေးရွာသား ဦးမာဆီးနီကပြောပါတယ်။

" ကျွန်တော် သားလေးက ခြေထောက်အရိုးတွေ ပြုတ်သွားတယ်။ ဆေးရုံကိုပို့တဲ့အချိန်မှာ သေသွားတာပါ။"လို့ မောင်ရာဟတ်နာဟာတူရဲ့ အဖေက ပြောပါတယ်။

လူတွေမနေတော့တဲ့ သရက်ပြင် ရခိုင်ကျေးရွာနေရာကို အခုလိုမျိုး သူတို့ရွာသားတွေ သွားလာ လေ့ရှိပြီး၊ ဟင်းခူးဟင်းရှာလုပ်လေ့ရှိပါတယ်၊ အရင်ဒီလိုမျိုး ပေါက်ကွဲတာမရှိတဲ့အတွက် ပုံမှန်သွားလာနေကြတာဖြစ်တယ်လို့ မောင်ရာဟတ်နာဟာတူရဲ့ အဖေက ပြောပါတယ်။

ဘူးသီးတောင် မှာတပ်မတော်နဲ့အေအေတို့အကြားတိုက်ပွဲတွေပြင်းအထန်ဖြစ်ပွားခဲ့

ဓာတ်ပုံ ရင်းမြစ်, Myint lwin

ဓာတ်ပုံ ပုံစာ, ဘူးသီးတောင် မှာတပ်မတော်နဲ့အေအေတို့အကြားတိုက်ပွဲတွေပြင်းအထန်ဖြစ်ပွားခဲ့

သရက်ပြင်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ရခိုင်ကျေးရွာအားလုံးနဲ့ မွတ်ဆလင်ကျေးရွာတချို့တို့မှာ ပြီးခဲ့တဲ့နှစ်က တပ်မတော်နဲ့အေအေတို့အကြားတိုက်ပွဲတွေပြင်းအထန်ဖြစ်ပွားခဲ့ပြီးကျေးရွာတွေမီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေရပ်စွန့်ခွာခဲ့ကြတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ့ ပြောပါတယ်။

လက်ရှိမှာ စိုင်းဒင်တံတားအနီးမှာ တပ်မတော်တပ်စခန်းတွေရှိနေပြီး လွန်ခဲ့တဲ့ ၆ လလောက်က သရက်ပြင်ကျေးရွာအနီး ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်တွေက ကျန်နေခဲ့တဲ့မိုင်းတွေ ပေါက်ကွဲတာဖြစ် နိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖုန်းအဆက်အသွယ်မရရှိခဲ့ပါဘူး။

ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲတွေအတွင်း မွတ်ဆလင်ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ မကြာခဏကျရောက်ပေါက်ကွဲတဲ့အတွက် မွတ်ဆလင်ကျေးရွာသားတွေ မကြာခဏ ဒဏ်ရာရ သေဆုံးတာတွေရှိလည်းရှိနေတာဖြစ်ပါတယ်။