စစ်တွေ-ကျောက်တော်လမ်းပိုင်းမှာ ကားတွေ စစ်နေလို့ အစီး ရာချီ ရပ်ထားရ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ၊ စစ်တွေ-ကျောက်တော်လမ်းပိုင်းသွား ယာဥ်တွေကို ကျောက်တော်မြို့နယ်က ခမရ ၅၃၉ တပ်ရင်းက ရပ်တန့်စစ်ဆေးနေတဲ့အတွက် ကားအစီး ရာချီ ရပ်ထားရတယ်လို့ အမည်မဖော်လိုသူ ခရီးသည်တစ်ဦးက ပြောပါတယ်။
ကျောက်တော်ဘက်ကနေ စစ်တွေဘက်ကိုသွားတဲ့ ကားတွေကို ရပ်ထားတာ မရှိဘဲ စစ်တွေကနေ ကျောက်တော်ဘက်ကိုလာတဲ့ ကားတွေပဲ ရပ်ထားရပြီး ကားအစီးရေ ၁၀၀ ကျော် ရပ်ထားရတယ်လို့ သိရပါတယ်။
ကုန်ကားတချို့နဲ့ ခရီးသည်တင်ကား အများစု ရပ်ထားရပြီး ခရီးသည်တွေ အိပ်စရာနဲ့ စားသောက်ရေး အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။
စစ်ဆေးနေတဲ့နေရာဟာ ကျောက်တော်မြို့နယ် အနောက်ဘက် ကန်ဇောက်တောင်ခြေမှာရှိတဲ့ ခမရ ၅၃၉ တပ်ရင်း စစ်ဆေးရေးဂိတ်မှာ ဖြစ်တယ်လို့ ခရီးသည်တွေက ပြောပါတယ်။
မေလ ၇ ရက် မနေ့က နေ့လယ် ၁ နာရီလောက်ကနေ အခုလိုကားတွေကို ရပ်တန့်ထားတာဖြစ်ကြောင်းနဲ့ သွားလာခွင့် မပေးတဲ့အတွက် ခရီးသည် တစ်ထောင်ကျော်လောက်ဟာ မေလ ၈ ရက် မနက် ၁၁ နာရီအချိန်ထိ ဖြတ်သန်းခွင့် မရကြသေးဘူးလို့ သိရပါတယ်။
ဒီစစ်ဆေးမှုနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းဆီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
ကျောက်တော်မြို့နယ်ဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
ခမရ ၅၃၉ အနီးဝန်းကျင်ဟာ လက်နက်ကြီးပစ်ကူတွေ မကြာခဏ ပစ်ခတ်နေတဲ့ နေရာတစ်ခု ဖြစ်သလို အဲ့ဒီနယ်မြေအတွင်းမှာ တိုက်ပွဲတွေလည်း အမြဲတမ်းလိုလို ဖြစ်ပွားနေကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အဝေးပြေးလမ်းမပေါ်မှာ သွားလာနေတဲ့ ကားတွေနဲ့ခရီသည်တွေကို အရင်ကလည်း ခမရ ၅၃၉ တပ်ရင်းက စစ်ဆေးခဲ့ပေမဲ့ အခုလိုမျိုး ကားတွေကိုရပ်တန့်ထားတာမျိုး မရှိခဲ့ဘူးလို့ ကန်ဇောက်ကျေးရွာဆရာတော်က ပြောပါတယ်။
"စစ်ဆေးနေတာတော့ကြာပါပြီ။ ဒါပေမယ့် မနေ့ကစပြီးကားတွေကိုသွားလာခွင့်မပေးဘူးလို့ကြားတယ်။ အစစ်ဆေးတွေလည်း တော်တော်လေးကို တင်းကျပ်နေတယ်လို့ သိရတယ်"လို့ ကန်ဇောက်ကျေးရွာဆရာတော်က ပြောပါတယ်။
ကားတွေ စစ်ဆေးနေတယ်ဆိုတဲ့သတင်းကို ကြားသိရကြောင်းနဲ့ ဘာကြောင့်စစ်ဆေးနေတယ်ဆိုတာကတော့ မသိရဘူးလို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။
အခုလို စစ်ဆေးနေတဲ့အတွက် မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်ဘက်ကနေ စစ်တွေဘက်ကို နေ့စဉ်ပုံမှန်ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတွေ သွားလာတာ နည်းပါးခဲ့သလို စစ်တွေဘက်ကနေ ကျောက်တော်နဲ့ မြောက်ဦးဘက်ကို သွားတဲ့ လိုင်းကားတွေ ပြေးဆွဲတာကိုလည်း မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။








