ရသေ့တောင် စစ်ဘေးရှောင်စခန်း တည်ဆောက်တာ တားဆီး

မိသားစုအလိုက် နေထိုင်နိုင်တဲ့ တဲအိမ်တွေ ဆောက်လုပ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မိသားစုအလိုက် နေထိုင်နိုင်တဲ့ တဲအိမ်တွေ ဆောက်လုပ်
ရေးသားခဲ့သည်။

ရခိုင်မြောက်ပိုင်း စစ်တွေခရိုင် ရသေ့တောင်မြို့ရောက် စစ်ဘေးရှောင်တွေအတွက် ယာယီတဲအိမ်တွေ ဆောက်လုပ်နေတာကို အစိုးရအဖွဲ့က တားဆီးထားပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တဲ့အတွက် ဒေသန္တရ အမိန့်အရ တားဆီးတာဖြစ်တယ်လို့ ဧပြီလ ၂၉ ရက်မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း လက်မှတ်နဲ့ တားမြစ်ခဲ့တာပါ။

ဧပြီ ၁၂ က စတည်ဆောက်ခဲ့တဲ့ အဲ့ဒီစခန်းဟာ ရသေ့တောင် မြို့ရဲ့ မြောက်ဘက် ဘူးသီးတောင်-ရသေ့တောင် ကားလမ်းမဘေး မြေကွက်လပ်မှာ တည်ရှိပါတယ်။

ဒီစခန်းကို လွှတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး အလှူငွေတွေနဲ့ ဆောက်လုပ်နေတာလို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စောဝေက ဘီဘီစီကို ပြောပါတယ်။

၂၀၁၉ နှစ်ကုန်ပိုင်းက စပြီး ရခိုင်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေကြောင့် ရသေ့တောင် မြောက်ပိုင်းက ရွာအားလုံးနီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။

အဲဒီထဲက အများစုက မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းနဲ့ ကွင်းပြင် မြေကွက်လပ်တွေမှာ ယာယီ နေကြပါတယ်။

အစိုးရတည်ဆောက်တဲ့ ရွာသစ်ကေက စစ်ဘေးရှောင်စခန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အစိုးရတည်ဆောက်တဲ့ ရွာသစ်ကေက စစ်ဘေးရှောင်စခန်း

ရခိုင်ဟာ နှစ်စဥ် မိုးရေချိန် လက်မ ၂၀၀ ကျော် ရွာသွန်းတဲ့ မိုးများဒေသတစ်ခုဖြစ်ပြီး အခုနှစ်မှာ ဧပြီလ ၂၄ ရက်နေ့ ကတည်းက မိုးစတင်ရွာသွန်းနေပြီဖြစ်တယ်၊ မိုးပုံမှန်ရွာလာရင် အဲ့ဒီစစ်ရှောင်တွေ နေထိုင်ရေး အခက်အခဲ ဖြစ်လာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ယာယီစခန်း ဆောက်လုပ်တဲ့အဖွဲ့မှာ ပါဝင်သူ ရသေ့တောင်ဒေသခံ ဦးအောင်ခိုင်က "အဆောင်တွေကတော့ ဆောက်လက်စပဲ။ ... နယ်မှာ နေခဲ့တုန်းကလည်း လုံခြုံမှု မရှိဘူး။ မြို့ပေါ် ရောက်လာတော့လည်း ကူညီပေးမယ့်သူတွေက ကူညီတာကို လိုက်ပြီးတော့ တားနေတာဆိုတော့ မကောင်းဘူးပေါ့"လို့ ပြောပါတယ်။

လက်ရှိမှာ အမိုးအကာ မလုံခြုံတာတွေအပြင် လူတွေစုပြုံပြီး နေထိုင်နေကြရတာကြောင့် ကိုဗစ်ဗိုင်းရပ်အန္တရာယ်ကိုလည်း စိုးရိမ်ရတဲ့အတွက် မိသားစုအလိုက် နေထိုင်နိုင်တဲ့ တဲအိမ်တွေကို ဆောက်ဖို့ စီစဉ်ခဲ့ရတာလို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနဲ့ အစိုးရပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ လက်ရှိမှာ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေး၊ ပညာဆက်လက်သင်ယူရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်း ဖြန့်ဝေရေး ကိစ္စတွေနဲ့ တခြားစီမံခန့်ခွဲရေးတွေကို လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ အချိန်နဲ့တပြေးညီ ပံ့ပိုးကူညီဆောင်ရွက်ပေးဖို့ အခက်အခဲ ရှိနေတယ်လို့ တားမြစ်ချက်စာရွက်မှာ ရေးသားထားပါတယ်။

အစိုးရတည်ဆောက်တဲ့ ရွာသစ်ကေက စစ်ဘေးရှောင်စခန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အစိုးရတည်ဆောက်တဲ့ ရွာသစ်ကေက စစ်ဘေးရှောင်စခန်း

ဒါ့အပြင် တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၆ ခု အတွင်းမှာ ပြည်နယ်အစိုးရရဲ့ အစီအစဥ်နဲ့ စစ်ဘေးရှောင်စခန်း ၇ ခုကိုဆောက်လုပ်ထားပြီး လိုအပ်လာရင် ထပ်တည်ဆောက်ပေးမယ်လို့ ပြောဆိုထားပါတယ်။

၂၀၁၉ ခုနှစ်က စဆောက်ခဲ့တဲ့ မြို့နယ် ၆ ခု က ဒုက္ခသည်စခန်း ၇ ခုဟာ တချို့မြို့နယ် တွေမှာ ဆောက်လုပ်ပြီးစီးနေပေမယ့် ရသေ့တောင်မှာတော့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက်ဆိုပြီး သောင်းဒရားစခန်းနဲ့ ရွာသစ်ကေစခန်း ဆောက်လုပ်မှုတွေကို ရပ်နားထားခဲ့ပါတယ်။

အစိုးရက ဆောက်လုပ်ထားတဲ့ စခန်းနှစ်ခုဟာ အိမ်ထောင်စုပေါင်း ၄၀၀ လောက်ပဲ ဆံ့နိုင်ပြီး နောက်ထပ်ကျန်တဲ့စစ်ဘေး ရှောင်မိသားစုတွေအတွက် စခန်းသစ်တွေ လိုအပ်ဦးမယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရသေ့တောင်မြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၂၄ ခုအနက် မြို့ပေါ်မှာ စခန်း ၁၅ ခုခန့်ရှိပြီး အိမ်ထောင်စုပေါင်း ၂၂၈၅ စု၊ လူဦးရေ ၈၄၈၆ ယောက် နေကြတာ ဖြစ်ပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် လူဦးရေ ၁၆၄၂၁၁ ဦးအထိ ရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ မေလ ၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။