ကိုဗစ်-၁၉ ကြောင့် တိတ်ဆိတ်သွားတဲ့ အင်းစိန်

အင်းစိန်မြို့နယ်မှာ ကူးစက်သူ ၁၆ ဦးအထိ ရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အင်းစိန်မြို့နယ်မှာ ကူးစက်သူ ၁၆ ဦးအထိ ရှိလာ
ရေးသားခဲ့သည်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီ ၁၅ ရက်နေ့ ထုတ်ပြန်ချက်စာရင်းတွေအရ တနိုင်ငံလုံးမှာကိုဗစ်-၁၉ ကူးစက်သူ ၇၄ ဦးအထိရှိပြီး အဲ့ဒီထဲမှာ အင်းစိန်မြို့နယ်ထဲ ကူးစက်မှုက အမြင့်ဆုံးဖြစ်ပါတယ်။

ရောဂါပိုးကူးစက်မှုဟာ အင်းစိန်မြို့နယ်ထဲက တောင်သူကုန်း၊ အရှေ့ကြို့ကုန်း၊ နံ့သာကုန်း စတဲ့ ရပ်ကွက် ၄ ခုထက်မနည်းမှာ ကူးစက်သူ ၁၆ ဦးအထိ ရှိလာနေတာ ဖြစ်ပါတယ်။

"အင်းစိန်က မြို့နယ်အလိုက်မှာလည်း အများဆုံး၊ တနိုင်ငံလုံးမှာလည်း အများဆုံး၊ ကူးစက်မှုက တအားမြန်တယ်၊ ခုဆို လမ်းမတွေပေါ် ကား မတွေ့ရဘူး၊ လူတွေလည်း မတွေ့ရဘူး၊ ခြောက်ကပ်နေတဲ့ မြို့ကြီးဖြစ်နေတယ်" လို့ အင်းစိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ၃ ပုံ ၂ ပုံ ဟာ ရန်ကုန်တိုင်းထဲမှာ ဖြစ်ပါတယ်။ ကူးစက်သူတွေထဲမှာ အင်းစိန်မှာ ၁၆ ဦး၊ ဗဟန်းမှာ ၁၁ ဦး၊ တောင်ဥက္ကလာမှာ ၈ ဦး၊ မရမ်းကုန်း ၇ ဦး၊ ပန်းဘဲတန်း ၅ ဦး၊ ရွှေပြည်သာ ၃ ဦး၊ လှိုင်သာယာ ၂ ဦး၊ မင်္ဂလာတောင်ညွှန့် ၂ ဦး၊ ဗိုလ်တထောင် ၁ ဦး တို့ ဖြစ်ပါတယ်။

အင်းစိန်မြို့နယ်မှာ ပထမဆုံး ကူးစက်သူဟာ လူနာနံပါတ် ၃ ဖြစ်ပြီး အင်္ဂလန်-ဘန်ကောက် လမ်းကြောင်းကတဆင့် မြန်မာနိုင်ငံကို ပြန်လာသူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ လေဆိပ်မှာ ဖြည့်ရတဲ့ လဝက ပုံစံမှာ ဘာဘေးဒိုးစ်နိုင်ငံလို့ လွှဲပြောင်းဖြည့်ပြီး ဝင်လာခဲ့တယ်လို့လည်း ကျန်းမာရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ရန်ကုန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီကူးစက်ခံရသူ လူနာဟာ တောင်သူကုန်းရပ်ကွက်က ဖြစ်ပြီး ကိုယ်ပူဖျားနာတာ၊ ချောင်းဆိုးတာတွေကြောင့် ဓာတ်ခွဲအတည်ပြုရာမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်ဆိုပြီး ကျန်းမာရေးဌာနက မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက်တော့ ပိုးထပ်တွေ့ခဲ့တဲ့ လူနာ နံပါတ် ၆ ကလည်း သူနဲ့ ဆက်စပ်သူ ဖြစ်နေပါတယ်။ အခုတော့ တောင်သူကုန်းရပ်ကွက်မှာ ပိုးကူးစက်ခံထားရသူ ၂ ဦး ရှိနေပြီ ဖြစ်ပါတယ်။

ဒီနောက်တော့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားတစ်ခုနဲ့ ဆက်စပ်ပြီး အင်းစိန်မှာ ကူးစက်မှုတွေ ထပ်ရှိလာခဲ့ပါတယ်။

အင်းစိန်မှာ တတိယမြောက်တွေ့ရတဲ့ ကူးစက်ခံရသူ လူနာနံပါတ် ၃၄ ဖြစ်ပြီး သူဟာ စင်္ကာပူမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီလူနာ နံပါတ် ၂၄ ဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ခဲ့သူလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ထဲက လမ်းတွေမှာ ပိုးသတ်ဆေးတွေဖျန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ထဲက လမ်းတွေမှာ ပိုးသတ်ဆေးတွေဖျန်း

ဒီနောက်တော့ အင်းစိန် မြို့နယ်ထဲက လူနာနံပါတ် ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ တို့အပြင် နံပါတ် ၆၉၊ ၇၀ ကလည်း လူနာနံပါတ် ၂၄ နဲ့ ထိတွေ့ခဲ့သူတွေဖြစ်ပြီး သူတို့တွေနဲ့ ဆက်စပ်သူတွေကြောင့် အင်းစိန်မှာ ကူးစက်သူက ၁၆ ဦးအထိ ရှိလာနေတာဖြစ်ပါတယ်။

"အင်းစိန်မှာ အများဆုံးက အရှေ့ကြို့ကုန်းမှာပေါ့၊ တရားပွဲကနေ ဖြစ်ကြတာ၊ လူအများအပြား ပိုးကူးစက်ခံခဲ့ရတာ" လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက ပြောပါတယ်။

ဗိုင်းရပ်စပ်ပိုး ကူးစက်ခံရသူရှိလို့ လော့ခ်ဒေါင်းချခံထားရတဲ့ ရပ်ကွက်ထဲနေသူ မဇင်ဇင်ကလည်း "အင်းစိန်အခြေအနေက စိုးရိမ်လားဆိုတော့ စိုးရိမ်တယ်၊ ကိုယ်က မသိလိုက်ဘဲ ကယ်ရီယာဖြစ်နေမှာကို ကြောက်တာ။ ကိုယ့်ကြောင့် လူအများကြီး ကူးမှာပဲ ကြောက်တာ" လို့ ပြောပါတယ်။

ဒီလို အခြေအနေတွေကြောင့် အပြင်မထွက်ဘဲ နေအိမ်ထဲ ကိုယ့်ဘာသာ သီးသန့်ခွဲ နေသူတချို့လည်း ရှိနေပါတယ်။

"ကျွန်တော့် အိမ်ရဲ့ ဟိုဘက်လမ်းဆို ပိုးတွေ့လူနာရှိခဲ့တယ်၊ ဒါပေမဲ့ အပြင်ထွက်နေသူတွေ ရှိနေသေးတယ်၊ ဈေးတချို့လည်း ဖွင့်နေသေးတယ်၊ အဲ့ဒီတော့ ကြောက်တာပေါ့၊ ကိုယ့်ဘာကိုယ်ပဲ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေနေရတယ်" လို့ တောင်သူကုန်းရပ်ကွက်မှာ နေသူတစ်ဦးက ပြောပါတယ်။

ပိုးကူးစက်သူတွေကြောင့် သူတို့နဲ့ နီးစပ်သူတွေနဲ့ သံသယဖြစ်ဖွယ်သူတွေကို ကြို့ကုန်းမှာရှိတဲ့ စက်မှုတက္ကသိုလ်ဝင်းထဲမှာ စောင့်ကြပ်ကြည့်ရှုနေပြီး နေ့စဉ် လူတွေ တိုးလာနေတယ်လို့ ကရင်နှစ်ခြင်း ဓမ္မတက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် စောခရစ္စ်တိုဖာ က ပြောပါတယ်။

"အခုဆို အရှေ့ကြို့ကုန်းထဲက ကျမ်းစာကျောင်းလမ်းထဲမှာဆို လော့ခ်ဒေါင်းချထားလိုက်ပြီ၊ လူတွေလည်း ရပ်ကွက်ထဲ အသွားအလာ မရှိတော့သလောက်ဘဲ၊ ကိုယ်တိုင်လည်း အိမ်ထဲနေပြီး အခြေအနေကို စောင့်ကြည့်နေရတယ်" လို့ ကရင်နှစ်ခြင်း ဓမ္မတက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် စောခရစ္စ်တိုဖာ က ပြောပါတယ်။