အဆိုတော်ဇနီးမောင်နှံ၊အသက်၇နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် တစ်ရက်တည်းကူးစက်သူ ၂၁ ဦး အသစ်တွေ့အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Win Bo
၁) အဆိုတော်ဇနီးမောင်နှံနဲ့ အသက်၇နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် တစ်ရက်တည်း ကူးစက်သူ ၂၁ ဦး အသစ်တွေ့
မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၂၁ ဦး ကို ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ အသက်အငယ်ဆုံးအဖြစ် လူနာအမှတ် ၅၄ အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပထမဆုံးအနေနဲ့ ပါဝင်လာတာကို တွေ့ရပါတယ်။
' ' မနေ့က အသစ်တွေ့တဲ့ထဲမှာ ဗဟန်းက အဆိုတော်ဇနီးမောင်နှံပါပါတယ်။ ဒါကြောင့် သူတို့နေထိုင်တဲ ပုလဲကွန်ဒိုကတိုက်ကို ညက လော့ဒေါင်းသွားချပါတယ်။ အမျိုးသားက case 46 အသက်က ၄၄နှစ်ပါ''လို့ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဘီဘီစီကိုပြောပါတယ်။
ဧပြီ ၁၃ ရက်နေ့မှာ စုစုပေါင်း ဓာတ်ခွဲနမူနာ ၃၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ၂၁ ဦးမှာထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မနေ့က အသစ်ထပ်မံတွေ့ရှိခဲ့သူ ၂၁ ဦးထဲမှာ မကွေးတိုင်းက တစ်ဦးနဲ့ ရန်ကုန်က ၂၀ ဦးဖြစ်ပါတယ်။ ဒီထဲက ၁၁ ဦးမှာ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့လို့ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စုစုပေါင်း ပိုးတွေ့လူနာ ၆၂ ဦးနဲ့ သေဆုံးသူ ၄ဦးရှိလာပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dingdi Dream
၂) ပလက်ဝက စစ်ရှောင် ဒုက္ခသည်တွေအပါအဝင် လူဦးရေ တစ်သောင်းကျော်အတွက် ဆန်ရိက္ခာ ပို့မရ
ချင်းပြည်နယ် ပလက်ဝမြို့က စစ်ရှောင်တွေအပါအဝင် လူဦးရေ တစ်သောင်းကျော်အတွက် ဆန်ရိက္ခာပို့ဖို့ စီစဉ်နေပေမယ့် အခက်အခဲရှိနေတယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ပလက်ဝမြို့ပေါ်မှာ ဆန်မရှိတော့သလောက်ဖြစ်နေတဲ့အတွက် ဆန်ပို့ဖို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ ချင်းလူငယ်အဖွဲ့အစည်းတွေ ဝိုင်းဝန်းကြိုးစားအားထုတ်နေပေမယ့်လည်း ဆမီးမြို့ကနေ ဆက်ပို့ဖိုရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်မှာ ခြောက်ထောင်ကျော်အထိရှိလာပြီလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၃) အမေရိကန်မှာ နယူးယောက်အပါအဝင် ပြည်နယ် ၆ ခုကို ပြန်ဖွင့်ဖို့ စီစဉ်နေ
အမေရိကန်နိုင်ငံရဲ့အရှေ့ဘက်ခြမ်းပြည်နယ် ၆ခုက ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် အဝင်အထွက်ပိတ်ထားရတဲ့ ပြည်နယ်တွေကို ပြန်ဖွင့်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
နယူယောက်၊ နယူးဂျာစီ၊ ရုဒ်အိုင်းလန်း၊ ကွန်နက်တီကပ်၊ ဒယ်လာဝဲ နဲ့ ပန်ဆယ်ဗေးနီးယား ပြည်နယ်တွေကို ဖြစ်နိုင်ခြေတွေကို စဉ်းစားပြီး ပြန်ဖွင့်ပေးဖို့စီစဉ်နေပြီလို့ဆိုပေမယ့် ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာကိုတော့ မပြောပါဘူး။
နယူးယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးက်ခံရပြီး သေဆုံးသူ ၁သောင်းကျော်သွားပြီ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အခြေအနေက စပြီးတန့်လာပြီလို့ ဆိုပါတယ်။
အနောက်ဘက် ကမ်းရိုးတန်းပြည်နယ် ၃ခုကတော့ ပြန်ဖွင့်ကို စပြောလာပါပြီ။
အမေရိကန်တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ခုချိန်ထိ ရောဂါကူးစက်ခံရသူ ၅၈၆,၉၄၁ အထိရှိပြီး သေဆုံးသူ ၂၃,၆၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

၄)တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၉ သိန်းကျော်နဲ့ သေဆုံးသူ တစ်သိန်းတစ်သောင်း ကျော်ရှိလာ
ဧပြီ ၁၄ ရက်နေ့မနက်ပိုင်းအထိ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၉သိန်းကျော်နဲ့ သေဆုံး သူ ၁၁၉၆,၈၆ဦး ထိရှိလာပြီဖြစ်ပါတယ်။
သေဆုံးရသူနိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံက သေဆုံးသူ ၂၃,၆၄၀ ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်နေပြီး အီတလီနိုင်ငံမှာလည်း သေဆုံးသူ ၂၀,၄၆၅ ဦးရှိလာပြီ ဖြစ်ပါတယ်။
ပြင်သစ်နဲ့ယူကေမှာလည်း သေဆုံးသူ ဦးရေ တစ်သောင်းကျော်စီအထိရှိလာပြီ ဖြစ်ပါတယ်။
ရောဂါပိုးကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ အရေအတွက် ၄၄၄,၉၁၈ ဦးရှိလာပြီဖြစ်ပါတယ်။








