ကျပ် ၁၆၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေး အကျဘက်ပြန်ရောက်

အမေရိကန်တစ်ဒေါ်လာ ကျပ် ၁၆၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေး အကျဘက်ပြန်ရောက်

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD

ဓာတ်ပုံ ပုံစာ, အမေရိကန်တစ်ဒေါ်လာ ကျပ် ၁၆၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေး အကျဘက်ပြန်ရောက်
ရေးသားခဲ့သည်။

တစ်နှစ်ကျော်အတွင်း အတက်ဘက်မှာပဲ ရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ဒီရက်ပိုင်းအတွင်း ကျပ် ၁၄၀၀ အောက်ကို ပထမဆုံးအကြိမ် ပြန်လည်ကျဆင်းသွားပါတယ်။

၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းကစလို့ အမေရိကန်ဒေါ်လာဟာ ကျပ် ၁၄၀၀ ကျော်ကနေ စတင်မြင့်တက်ခဲ့ပြီး နှစ်ကုန်ပိုင်းမှာ တစ်ဒေါ်လာကျပ် ၁၆၀၀ ကျော် ထိ စံချိန်တင်မြင့်တက်သွားခဲ့ပါတယ်။

၂၀၁၉ မှာတော့ ကျပ် ၁၅၀၀ ကျော်နဲ့ အတက်အကျ ဖြစ်ခဲ့ပြီး အရင်လို ၁၄၀၀ ဝန်းကျင်ကို ပြန်မရောက်တာ လနဲ့ချီရှိနေတာပါ။

ခုတော့ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုတွေရှိလာသလို ဒီရောဂါကြောင့် စီးပွားရေးတိုးတက်မှုမထိခိုက်စေဖို့ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေကို လျှော့ချလိုက်ပါတယ်။

ဒါကြောင့် အခုလို ဒေါ်လာဈေးတွေကျဆင်းလာတာလို့ ခန့်မှန်းမှုတွေရှိနေပါတယ်။

မတ်လ ၅ ရက်နေ့မနက်ပိုင်း ပုဂ္ဂလိကဘဏ်တွေရဲ့ ထုတ်ပြန်ချက်အရအမေရိကန်တစ်ဒေါ်လာ ၁၃၉၅ ကျပ် ဖြစ်နေပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း ဒေါ်လာဈေးကို ထိန်းညှိနှိုင်ဖို့ ပြည်တွင်းကနေ ဒေါ်လာတွေဝယ်ယူထားတာလည်းရှိပါတယ်။
ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း ဒေါ်လာဈေးကို ထိန်းညှိနှိုင်ဖို့ ပြည်တွင်းကနေ ဒေါ်လာတွေဝယ်ယူထားတာလည်းရှိပါတယ်။

အခုလိုဒေါ်လာဈေးကျတာက ဒေါ်လာဝယ်လိုအားက ကျဆင်းတဲ့အတွက်ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌငြိမ်း ဦးသန်းလွင်ကပြောပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ဒုက္ခပေးနေတဲ့အတွက် ကမ္ဘာ့စီးပွားရေးမကျအောင် နိုင်ငံတွေက ကျားကန်နေရတဲ့အချိန်လို့လည်း သူက ဆက်ပြောပါတယ်။

"ဒီရောဂါကြောင့်ပဲ တစ်ကမ္ဘာလုံးမှာ ရှယ်ယာဈေးတွေကျတယ်။ ကုန်သွယ်ရေးတွေ ကသောင်းကနင်းတွေဖြစ်နေတယ်။ ဒီကြားထဲမှာတော့ မြန်မာလည်း မလွတ်ပါဘူး။ ဒီအကျိုးဆက်တွေက။ မြန်မာရဲ့စီးပွားရေးကလည်း တရုတ်ပြည်ကိုတော်တော်လေးမှီခိုနေရတဲ့အနေအထားရှိတာကိုး။ တရုတ်ပြည်ကပစ္စည်းတွေလည်းမလာ ဒီမှာလည်း ကုန်ကြမ်းတွေပြတ်နဲ့ အထည်ချုပ်တွေဆို ပိတ်ရမယ့်ကိန်းဆိုက်နေပြီ" လို့ သူက ဆိုပါတယ်။

မြန်မာမှာတော့ခုထိ ဒီကိုရိုနာဗိုင်းရပ်စ်က ထူးထူးခြားခြား ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေးပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင်းကတော့ စိတ်ပူစရာရှိတယ်လို့ ဦးသန်းလွင်ကဆိုပါတယ်။

ပြည်တွင်းမှာ ဒါ်လာဈေးကျသလို ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေလည်းအနည်းငယ်ကျဆင်းနေပါတယ်။