ပဲခူးတိုင်းမှာ အစိုးရစစ်စာမေးပွဲတွေဖြစ်တဲ့ ၈တန်းနဲ့ ၄ တန်းက မေးခွန်းအချို့ အွန်လိုင်းကနေ ပေါက်ကြား

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP via Getty Images
အစိုးရ စစ်စာမေးပွဲတွေဖြစ်တဲ့ အဋ္ဌမတန်းနဲ့ စတုတ္ထတန်းစာမေးပွဲတွေဖြေဆိုနေစဉ်မှာပဲ ပဲခူးတိုင်းအတွင်းမှာ တော့ မေးခွန်းအချို့ဟာ စာမေးပွဲမဖြေခင် အွန်လိုင်းပေါ်မှာ ကြိုတင်ပေါက်ကြားတာတွေရှိနေတယ်လို့ကြား သိရကြောင်း ပဲခူး၊ဝေါမြို့နယ်ကတိုင်းဒေသကြီး လွှတ်တော်အမတ်အချို့ကပြောပါတယ်။
ပညာရေး - ပဲခူးတိုင်းဒေသကြီးဆိုတဲ့ အွန်လိုင်းစာမျက်နှာတစ်တခုကနေ တင်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းကစတင်ကာ မေးခွန်းအချို့ကို ဓာတ်ပုံရိုက်ကာတင်ပေးထားတာကိုတွေ့ရပါတယ်။
လက်ရှိ အစိုးရစစ်စာမေးပွဲကို ဖြေဆိုရာမှာ စတုတ္ထတန်းက ခရိုင်တစ်ခုကို မေးခွန်းတစ်စုံစီနဲ့ အဋ္ဌမတန်းက တော့ တိုင်းအဆင့်ကို မေးခွန်းတစ်စုံတည်း ဖြေဆိုကြရတာဖြစ်ပါတယ်။
'' အဲဒါတွေက လိုင်းပေါ်မှာတင်နေတာတော့တွေ့ပါတယ်။ ဒါတွေက ဖုန်းပေါ်မှာတင်တာဆိုတော့ ဒီမေးခွန်း တွေ ဟုတ်တယ်မဟုတ်ဘူးဆိုတာမသိရ တော့ ကျွန်မတို့ကတော့ကာကွယ်ထားပါတယ်။ ဒီမေးခွန်း နောက်ကို လိုက်သွားလို့ တကယ်လို့ မေးခွန်းက အဲဒီနေ့မှာ မှားနေရင် ကလေးတွေအတွက် အများကြီး နစ်နာပါတယ်။''လို့ ဝေါမြို့နယ် ပညာရေးမှူး ဒေါ်ခင်ဝင်းက မေးခွန်းတွေပေါက်ကြားတာတွေရှိနေတယ် ဆိုတဲ့အခြေအနေပေါ် ရှင်းပြပြောဆိုပါတယ်။
ပဲခူးတိုင်းအတွင်းက မေးခွန်းတွေကို တင်ပေးနေတယ်ဆိုတဲ့ အွန်လိုင်းစာမျက်နှာမှာ တင်ခဲ့တဲ့မေးခွန်းတွေ ထဲက အင်္ဂလိပ်စာမေးခွန်းနဲ့ သင်္ချာမေးခွန်းတွေဟာ တကယ့်မေးခွန်းတွေ ထွက်လာရာမှာတူနေပါတယ်။ ဖေဖော်ဝါရီ ၂၇ရက်နေ့အထိ စတုတ္ထတန်းအတွက် လူမှုရေးမေးခွန်းနဲ့ အဋ္ဌမ တန်း အတွက် သမိုင်းမေးခွန်းအထိ တင်ထားတာကို တွေ့ရပါတယ်။
ဒီလိုပေါက်ကြားမှုတွေရှိနေတယ်ဆိုပေမယ့်လည်း အစိုးရစစ် စာမေးပွဲတွေအတွက်မေးခွန်း တွေကျောင်း ၂ကျောင်းက သော့ ၂ထပ်နဲ့ သေချာ သိမ်းဆည်းထား ရှိတာဖြစ်တယ်လို့လည်း ဝေါမြို့နယ် ပညာရေးမှူး ဒေါ်ခင်ဝင်းကရှင်းပြပါတယ်။
'' အခုတော့ အသဲအသန် ကိုယ့်မြို့နယ်မှာ ကိုယ်ရှာနေပါတယ်။ ဟာကွက်ပျော့ကွက် အတတ်နိုင်ဆုံး ရှိနေမ လားပေါ့ ။ မေးခွန်း အထုတ်အသွင်း အဖြေလွှာအထုတ်အသွင်းတွေကိုလည်း အစဉ်လိုက် ဓာတ်ပုံမှတ်တမ်းတွေရှိပါတယ်။ တိုင်းတို့ခရိုင်တို့ကတော့ သူတို့တာဝန်ယူရတဲ့အပိုင်းမှာတော့ လုံခြုံဖို့ကို အပြည့်ယူထားတာပဲ။ မေးခွန်းထုတ်တဲ့အဖွဲ့အစည်းတွေကလည်း ။ ဒါကြောင့်မို့ ပြောဖို့က ခက်ပါတယ်။''လို့ မေးခွန်းတွေကို ထိန်းသိမ်းထားရှိပုံနဲ့ပတ်သက်ပြီးလို့လည်း ရှင်းပြပါတယ်။
စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲတွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစကာ ဖြေဆိုနေတာဖြစ်ပြီး စတုတ္ထ တန်းတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဖြေဆိုပြီးဆုံးမှာဖြစ်ပြီး အဋ္ဌမတန်းတွေကတော့ မတ်လ ၃ရက်နေ့ ထိ နောက်ဆုံးဖြေဆိုရမှာဖြစ်ပါတယ်။
' ' ကျွန်တော့်သားကတော့ ၈တန်းဖြေနေတာ။ ကျွန်တော်တို့က ပဲခူး အမှတ် ၂ အထက ရှေ့မှာပဲနေတာ။ ဒီကျောင်းမှာတော့ မေးခွန်းပေါက်တာဘာညာမကြားမိဘူး။ အရင်ထဲကလည်း မေးခွန်းလိုက်တာဘာညာ ကရှိခဲ့တာ။ အခုက အရင်နဲ့မတူတော့ဘူးလေ။ ကျွန်တော့်သားကိုလည်း မေးခွန်းမလိုက် ခိုင်း ဘူး။ မေးခွန်းဟောင်းတွေစု လေ့ကျင့်တာ လောက်ပဲ ။ အကုန်ပဲကျက်ပြီး ဖြေခိုင်းတာ။ တကယ်လို့ မေးခွန်းက လွဲသွားမယ်ဆို ကလေးတွေ ဒုက္ခရောက်သွားနိုင်တယ်။''လို့ ပဲခူးဒေသခံ တစ်ဦးဖြစ်တဲ့ ဦးကိုကိုနိုင်က ဘီဘီစီကိုပြောပါတယ်။
မေးခွန်းတွေ တင်ပေးနေတဲ့ အွန်လိုင်းစာမျက်နှာအောက်မှာတော့ ဖေဖော်ဝါရီ ၂၇ရက်နေ့ နေ့လယ်ပိုင်း အထိ မေးခွန်းတောင်းသူ အချို့ရှိနေသလို အချို့ကလည်း မေးခွန်းတင်ပေးတာနဲ့ပတ်သက်ပြီး ပြစ်တင်ပြောဆိုတာတွေလည်းရှိနေပါတယ်။








