မြန်မာတွေ ကိုရိုနာဗိုင်းရပ်စ် အစိုးရိမ်လွန်နေသလား

ပါးစပ်နဲ့ နှာခေါင်းစည်းတွေ လူတိုင်းတပ်လာကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါးစပ်နဲ့ နှာခေါင်းစည်းတွေကို အလုအယက် ဝယ်ယူနေကြပေမယ့် မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လက်ဆေးဖို့သာ အဓိကတိုက်တွန်း
ရေးသားခဲ့သည်။

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါဟာ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ရောဂါ ဖြစ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ တရုတ်လူမျိုးတွေကို ခွဲခြားဆက်ဆံတာဟာ ရောဂါနှိမ်နင်းရေးမှာ ထိရောက်တဲ့လုပ်ငန်းစဉ် မဟုတ်ဘူးလို့လည်း ကျန်းမာရေးဝန်ကြီး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

ပဲခူးနဲ့ မုံရွာဘက်က စက်မှုလုပ်ငန်းတွေမှာ တရုတ်တွေကို သီးခြားခွဲထားဖို့တို့၊ အလုပ်အတူ မလုပ်နိုင်တာတို့အတွက် တင်ပြတောင်းဆိုတာတွေ ရှိပေမယ့် ဒါဟာ အစိုးရိမ်လွန်ကြတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တရုတ်ပြည်ထဲက မြန်မာလုပ်သားတွေလည်း ပြန်လာနေကြသလိုမြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ ခရီးသွားတွေကို မှီခိုနေရတဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ အရောင်းဆိုင်တွေ၊ ကုန်သွယ်မှုတွေဟာလည်း နှေးကွေးနေပါတယ်။

ရန်ကုန်အပါအဝင် မြို့ကြီးတော်တော်များများမှာ လူတွေဟာ နှာခေါင်းစည်းတွေ ကို အလုအယက်ဝယ်ယူနေကြပေမယ့် မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ လက်ဆေးဖို့သာ အဓိကတိုက်တွန်းတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကို ပြောပါတယ်။

တရုတ်လုပ်သား

ဓာတ်ပုံ ရင်းမြစ်, Thet Naing

ဓာတ်ပုံ ပုံစာ, တရုတ်က အခုရက်ပိုင်း ပြန်လာသူတွေနဲ့ မြန်မာလုပ်သားတွေအလုပ်မလုပ်လို့ကြ

ရန်ကုန်ဒေသခံတွေဆီက သတင်းအရ N95 နှာခေါင်းစည်းဟာ အရင် တစ်ခုကို ကျပ်၁၅၀၀ သာ ရှိခဲ့ရာကနေ ယခုအခါမှာ တစ်ခုကို ကျပ် ၅၀၀၀ အထိ ဈေးတက်သွားတယ်လို့လည်း သိရပါတယ်။

လက်တလော အစိုးရဘက်က ထုတ်ပြန်ချက်တွေအရတော့ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် သံသယလူနာတွေ ရှိပေမယ့် ပိုးတွေ့ပြီလို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်လူနာတွေဟာ ဖေဖော်ဝါရီလ ၄ ရက် အထိ နောက်ဆုံး သတင်းတွေအရ မြန်မာနိုင်ငံမှာ ၆ ယောက် ရှိတယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

သံသယရှိတဲ့ လူနာတွေအနက် ပထမဆုံး စတွေ့တဲ့ ဝေဘာဂီ အထူးကုဆေးရုံက စောင့်ကြည့်လူနာ ပြန်ဆင်းသွားပြီ ဖြစ်သလို၊ တောင်ကြီး စပ်စံထွန်းက ကိုရီးယားနိုင်ငံသားကလည်း တရုတ်ကို နှစ်ပတ်အတွင်း သွားထားတာမဟုတ်လို့ ပြန်ဆင်းခွင့်ပေးဖို့ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်ဝေဘာဂီဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ရန်ကုန်ဝေဘာဂီဆေးရုံ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေအနက် ၄ဦးကို ပိုးရှိမရှိ စစ်ဆေးနိုင်ဖို့အတွက် သူတို့ရဲ့ နှာခေါင်းတို့ဖတ်နမူနာကို ဖေဖော်ဝါရီ ၃ရက်နေ့ ညနေက ထိုင်းလေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က အမျိုးသားသုတေသနဓာတ်ခွဲခန်းကို ပေးပို့လိုက်ပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သိရပါတယ်။

မင်းပြားနဲ့ နမ္မတူက သံသယ လူနာတွေ အတွက်တော့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပေးပို့ဖို့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့က ပြန်လည်ရောက်ရှိလာပြီး မန္တလေး ကန်တော်နဒီဆေးရုံ မှာစောင့်ကြပ်ကြည့်ရှုနေတဲ့ ကျောင်းသား ၅၉ ဦးဟာလည်း ကျန်းမာရေးကောင်းမွန်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းကို ပို့ထားတဲ့ နမူနာ တွေက ဖေဖော်ဝါရီ ၅ ရက်လောက်မှာ သိရဖို့ရှိပါတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကျောင်းသား (၅၉) ဦး

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ဝူဟန်မြို့က ပြန်လည်ရောက်ရှိ တဲ့ကျောင်းသား (၅၉) ဦး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ ကူးစက်ပြန့်နှံ့နေပေမယ့် ကမ္ဘာ့အနှံ့ ကူးစက်ပြန်ပွားတဲ့ ရောဂါ အဆင့် အထိ မရောက်မလာသေးဘူးလို့လည်း ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဒီရောဂါကြောင့် အနည်းဆုံးလူပေါင်း ၄၂၇ ယောက်သေဆုံးပြီး ၂၀၀၀၀ ကျော်ဟာ ကူးစက်ခံနေရပါတယ်။

နိုင်ငံပေါင်း နှစ်ဒါဇင်ကျော်မှာ ရောဂါဖြစ်ပွားမှုတွေ ရှိပေမယ့် ယခုအချိန်အထိ အာဖရိကနဲ့ လက်တင်အမေရိကမှာ ဖြစ်ပွားတာ မတွေ့ရသေးပါဘူး။

မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ တရုတ်နိုင်ငံကို မသွားတဲ့ နိုင်ငံသားတွေအကြား ကူးစက်မှု ရှိခဲ့ပါတယ်။

ကူးစက်ခံရသူတွေမှာ ဟောင်ကောင်က လူတစ်ဦး သေဆုံးခဲ့သလို ဖိလစ်ပိုင်မှာလည်း လူတစ်ဦး သေဆုံးခဲ့ပါတယ်။

နယ်စပ်ဂိတ်တွေစစ်ဆေးမှု

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, နယ်စပ်ဂိတ်တွေစစ်ဆေးမှု

မြန်မာနိုင်ငံကတော့ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာပေးတာ ယာယီရပ်လိုက်ပေမယ့် တခြားဗီဇာနဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေ လာရောက်တာကိုတော့ ခွင့်ပြုပေးနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ခရီးသွားတာနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်တာကို ပိတ်ဖို့ အထူးတလည် အားမပေးဘူးလို့လည်း ဒေါက်တာခင်ခင်ကြီး ပြောပါတယ်။

"ကျွန်မတို့က နယ်စပ်တို့ ကူးသန်းရောင်းဝယ်တာတို့ကို ပိတ်မယ်ဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို တော့ ၄၈ နာရီ ကြိုပြီးတင်ပြရမယ်။ သူတို့ဘက်က လိုအပ်တဲ့ အကြံဉာဏ်တွေပေးတယ်၊ ဒါပေမယ့် လောလောဆယ် မြန်မာဘက်ကတော့ အစီအစဉ်မရှိသေးဘူး"လို့သူက ပြောပါတယ်။

တရုတ်နိုင်ငံသားတွေ ဝင်ထွက်နေတဲ့ ပြည်နယ်နဲ့တိုင်းလေးခုမှာ ရှိတဲ့ မြို့နယ်၁၀ခု က နယ်စပ်ဝင်ပေါက် ၂၀ မှာ သေချာစစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။

ကန်ပိုက်တီး ဝင်ပေါက်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ကန်ပိုက်တီး ဝင်ပေါက်

ဒါပေမယ့် ဖေဖော်ဝါရီလ ၃ ရက်ကတော့ တရုတ်နိုင်ငံသားတွေ ဝင်ထွက်လုပ်ကိုင်နေတဲ့ မုံရွာတစ်ဖက်ကမ်းက ဝမ်ပေါင်နဲ့ ယန်စီ ကုမ္ပဏီတွေရဲ့ ကြေးနီစီမံကိန်း လုပ်ငန်းခွင်တွေကို အလုပ်သမားတွေရဲ့ တောင်းဆိုမှုအရ ခေတ္တရပ်နားထားဖို့ တိုင်းအစိုးရကို တင်ပြထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၄ ရက် က ပဲခူးစက်မှုဇုန်ကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အတိုင်း သီးခြားနေထိုင်ပေးဖို့ ပဲခူးတိုင်း လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက စက်မှုဇုန်တွေမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်လို့တော့ လူတွေက အစိုးရိမ်လွန်ကြတာဖြစ်ပြီး တရုတ်နိုင်ငံသားတိုင်းဟာ ဒီရောဂါ မရှိနိုင်ကြောင်းနဲ့ အဓိက ဖြစ်တဲ့ ဝူဟန်မြို့မှာတောင် လူဦးရေ ၁၁ သန်းကျော်အနက် သောင်းဂဏန်းသာ ကူးစက်တာ ဖြစ်ကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"သူ့မှာ ရောဂါ လက္ခဏာ ရှိလား၊ ရှိရင် သတင်းပို့ဖို့တော့လိုတယ်။ ကျန်းမာရေး ဦးစီးဌာနက ဒါတွေအားလုံးကို အသင့်ပြင်ထားတယ်။ သူတို့တွေရှိလို့ ငါတို့ အလုပ်မဆင်းနိုင်ဘူး အဲဒီလိုတော့ မဟုတ်ဘူးပေါ့ "လိုလည်း သူက ဆက်ပြောပါတယ်။

ဒီရောဂါဟာ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ရောဂါ ဖြစ်လို့ တရုတ်လူမျိုးတွေကို ခွဲခြားဆက်ဆံတာဟာ ရောဂါနှိမ်နင်းရေးမှာ ထိရောက်တဲ့လုပ်ငန်းစဉ် မဟုတ်ဘူးလို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။