မီးလောင်ပြီး တစ်ပတ်အကြာမှာ မန္တလေး ရတနာပုံဈေး ပြန်ဖွင့်

ဓာတ်ပုံ ရင်းမြစ်, Tar Yar
မန္တလေး မြို့က ရတနာပုံဈေးရဲ့ Sky Walk ဈေးဝယ် စင်တာ ပထမထပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်အကြာမှာ ရတနာပုံဈေး မြေညီထပ်၊ မြေအောက် ထပ် အသားငါးဈေးနဲ့ Diamond Plaza ဘက်ခြမ်းကို ဒီနေ့ (ဇန်နဝါရီ ၂၅ ရက်) မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ကျန်ရှိတဲ့ ဈေးအထပ်တွေကို အင်ဂျင်နီယာတွေ ခိုင်မာစိတ်ချပြီလို့ ပြောတဲ့ရက်မှာ ချက်ခြင်း ပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။
ရတနာပုံဈေးရဲ့ Sky Walk ဈေးဝယ်စင်တာမီးလောင်ပြီး တစ်ပတ်အကြာမှာ ရတနာပုံဈေးက မြေညီထပ်နဲ့ သားငါးဈေး၊ Ocean Supermarket၊ ဒိုင်းမွန်းပလာဇာနဲ့ မြေညီထပ်က ကားပါကင်တို့ကို ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။ ဈေးဖွင့်နေ့မှာ သံဃာတော်တွေ ထံကနေ ပရိတ်တရားနာပြီး ဈေးအတွင်းလှည့်လည်ကာ မေတ္တာသုတ်ရွတ်ဖတ်ပါတယ်။
Sky walk နဲ့ ကျောက်မျက်ဆိုင်ခန်းနဲ့ ဈေးရှိတဲ့ Yandanar Mall အပါဝင် အပေါ်ထပ်တွေကို အကြီးစားပြင်ဆင်ဖို့ ယေဘုယျအားဖြင့် သုံးလလောက် အချိန်ကြာဖို့ ခန့်မှန်းထားတယ်လို့ မန္တလေး မြို့တော်ဝန်က သူရဲ့လူမူကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tar Yar
ရတနာပုံဈေး အဆောက်အအုံကို တာဝန်ယူပြီး စစ်ဆေးနေတဲ့ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းမော်က မီးလောင်ခဲ့တဲ့ အထပ် တင်မကဘဲ ကျန်ရှိအထပ်တွေ လည်း စစ်ဆေးဖို့ ရှိတယ်လို ပြောပါတယ်။ မီးသင့်ခဲ့တာကိုလည်း စစ်ဆေးပြီးသွားပြီး ပြုပြင်မယ့် နည်းကိုလည်း ရွေးချယ်ပြီး သွားပြီဆိုရင် အင်ဂျင်နီယာတွေက ကြံ့ခိုင်မှုအပြည့်အဝရအောင် စဉ်းစားပြီး ပြုပြင်မှာဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေပိုင်း ၆ နာရီလောက်က စတင်လောင်ကျွမ်းခဲ့တဲ့ ရတနာပုံဈေးမီးဟာ Level 5 အဆင့် သတ်မှတ်ပြီး ငြှိမ်းသတ်ခဲ့ရပါတယ်။ အဲဒီ မီးဟာ ညလုံးပေါက် မီးလောင်ကျွမ်းခဲ့ပြီး ရတနာပုံဈေးရဲ့ ပထမထပ် Sky Walk ဈေးဝယ်စင်တာ မှာ အဓိက လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ အထည်ဆိုင်၊ ဖိနပ်ဆိုင်၊ အိတ်ဆိုင်တွေ အများဆုံးရှိတဲ့ Sky Walk မှာ ဆိုင်ခန်းပေါင်း ၁၅၅ ခု ရှိပါတယ်။
မီးလောင်ကျွမ်းမှုရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ကျပ်သိန်းတစ်သောင်းကျော် ရှိတယ်လို့ တိုင်းမီးသတ်ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ ရတနာပုံဈေး Sky Walk မီးလောင်မှုမှာ မီးသတ်တပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ ဈေးသည် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦးကို အတွင်းလူနာအဖြစ် ဆေးကုသပေးနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tar Yar
ညလုံးပေါက် မီးငြှိမ်းသတ်ရတာဟာ ဈေးအတွင်းက ဆိုင်ခန်းတော်တော်များများဟာ အလုံပိတ်တွေ ဖြစ်နေပြီး မီးခိုးထွက်ပေါက် မရှိတာ ကြောင့် ကြန့်ကြာမှု ဖြစ်သွားခဲ့တာလို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။
Sky Walk မီးလောင်မှုဟာ Timberland အထည်နဲ့ဖိနပ်ဆိုင်ရဲ့ စတိုခန်းမှာ ဖုန်းအားသွင်းရာကနေ အပူလွန်ကဲပြီး စတင်လောင်ကျွမ်းတာဖြစ်ဖို့များတယ်လို့ မီးလောင်တဲ့ အကြောင်းအရင်း စိစစ် ဖော်ထုတ်ရေး ကော်မတီ ဥက္ကဋ္ဌ မန္တလေးတိုင်း မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။
ဈေးမီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီ ၉ ဦးအဖွဲ့နဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့က စုံစမ်းစစ်ဆေး ဆက်လက် အရေးယူသွားမယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းပြီး နောက်ရက် ဇန်နဝါရီ ၁၈ရက်နေ့ခင်းပိုင်းက စတင်ပြီး Yandanar Mall အပါဝင် အပေါ်ထပ်အားလုံးနဲ့ မြေညီထပ်ဆိုင်ခန်းတွေကို နေ့အလိုက် ကိုယ်ပိုင်ပစ္စည်းတွေကို ဝင်ရောက်သယ်ယူခွင့် ပေးခဲ့ပါတယ်။
ရတနာပုံဈေးဟာ ၂၀၀၈ ခုနှစ်မှာ မီးအကြီးကျယ် လောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ Diamond Plaza နဲ့ ရတနာပုံဈေး Skywalk Shopping Center ကို တွဲလျက် အသစ် ထပ်မံတည်ဆောက်ခဲ့ပြီး ၂၀၁၁ခုနှစ် စက်တင်ဘာမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။









