အခွန်နဲ့ အကြွေးမရလို့ ရန်ကုန်တိုင်း ဝင်ငွေ သန်းတစ်သိန်းခွဲလျော့

ကိုယ့်အစိုးရကိုယ် အကောင်းဘက်ကို ဦးတည်ပြီးတော့ ဝေဖန်တယ်လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yangon Region Government

ဓာတ်ပုံ ပုံစာ, ကိုယ့်အစိုးရကိုယ် အကောင်းဘက်ကို ဦးတည်ပြီးတော့ ဝေဖန်တယ်လို့ဆိုပါတယ်။
ရေးသားခဲ့သည်။

ရန်ကုန်တိုင်းရဲ့ ၂၀၁၇-၁၈ ခုနှစ်အတွင်း ရရှိနိုင်တဲ့ ဝင်ငွေပမာဏဟာ လျာထားချက်ထက် ကျပ်သန်းပေါင်း တစ်သိန်းခွဲကျော် (အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်) လျော့နည်း နစ်နာခဲ့တယ်လို့ ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရပါတယ်။

ရန်ကုန်တိုင်းရဲ့ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်က အစီရင်ခံစာ တင်ပြခဲ့တာ ဖြစ်ပြီး အဲဒီငွေတွေက စည်ပင်နဲ့ ရန်ကုန်တိုင်း အစိုးရ လက်အောက်က ဌာန ၂၆ ခုက ကောက်ခံခွင့် ရထားတဲ့ အခွန်အကောက်တွေ၊ မြေကွက်ရောင်းချတာ၊ ငှားတာအစရှိတာတွေကနေ ရရှိတဲ့ ဝင်ငွေတွေ ဖြစ်ပါတယ်။

အဲဒီဝင်ငွေတွေကို မပေးသွင်းနိုင်တာ၊ စီမံကိန်းတွေမပြီးမြောက်တာ၊ ကြွေးတောင်းယူလို့ မရတာတွေကြောင့် အခုလို ဝင်ငွေတွေ လျော့နည်းရရှိတာ ဖြစ်တယ်လို့ တိုင်းလွှတ်တော်အမတ်တချို့နဲ့ စာရင်းစစ် ချုပ်အစီရင်ခံစာပါ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီလိုတွေ့ရှိချက်နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေကလည်း တိုင်းလွှတ်တော်မှာ မေးခွန်းတွေ မေးမြန်းနေကြပေမယ့် တိုင်းအစိုးရကတော့ လွှတ်တော်အတွင်းမှာ ပြန်ရှင်းပြမှာမဟုတ်ဘူးလို့ အမတ်တွေထံက သိရပါတယ်။

အခုလို အစီရင်ခံစာမှာပါတဲ့အချက်တွေကို လွှတ်တော်မှာ လာရောက်ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရကို တိုက်တွန်းကြပေမယ့် အစိုးရ အဖွဲ့ဝင်တွေ လွှတ်တော်မှာ တရားဝင် မဖြေကြားဘဲ လွှတ်တော်နားချိန်မှာသာ ရှင်းပြခဲ့တဲ့အကြောင်း ဒဂုံမဲဆန္ဒနယ် တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျက ဘီဘီစီကို ပြောပါတယ်။

"စာရင်းစစ်ချုပ် အစီရင်ခံစာပါ တချို့အချက်တွေက သဘောထားလွဲနေတယ်။ မြို့တော်ဝန်ကြီးကလည်း သူ့ကို မြို့တော်ခန်းမမှာ မီဒီယာနဲ့ တွေ့တဲ့အခါ စာရင်းစစ်ချုပ်က တချို့အချက်တွေ မှားနေတယ်လို့ သူကိုယ်တိုင်ပြောပြီးပြီလေ"

"နောက်တစ်ခါ (လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး)ဒေါ်နီလာကျော်ကလည်း အနော်မာကို ဝန်ကြီးများရုံးငှားရမ်းမှုတွေ၊ မီးစက်အကြောင်းတွေ မီးစက်ကလည်း လုပ်ငန်းလိုအပ်မှုအရ ဝယ်တယ်ပေါ့"

"ကျွန်တော့်အမြင်ပြောရရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒါကို နားလည်မှု လွဲသွားမှာစိုးလို့ လို့။ အမှန်တော့ သူတို့က မဆွေးနွေးစေချင်ဘူးပေါ့။ အဲဒါတွေပြောတာ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအမတ်အများစုရှိတဲ့ ရန်ကုန်လွှတ်တော်မှာ ပြည်သူ့ဘဏ္ဍာတွေကို သုံးစွဲထားတဲ့ ကိစ္စကို ပွင့်လင်းမြင်သာစွာ လာရောက်ရှင်းလင်းပေးသင့်၊မသင့်ဆိုတဲ့အပေါ် လမ်းမတော် မဲဆန္ဒနယ်က NLD ပါတီကိုယ် စားပြုအမတ်ဖြစ်သူ ဒေါ်အေးအေးမာ ဘီဘီစီကို အခုလို ပြောပါတယ်။

"ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောရမှာပါပဲ။ ဒီလို စီမံခန့်ခွဲမှုအားနည်းတာတွေ၊ ဆုံးရှုံးမှုတွေ ရှိတာတွေ ကျွန်မတို့အနေနဲ့ ပြောသင့်ပါတယ်"

"ကျွန်မတို့လည်း ပြောသင့်ပြောထိုက်တာတော့ ပြောပါတယ်။ ဝေဖန်ထောက်ပြတယ်ဆိုတဲ့အထဲမှာ ကျွန်မတို့က အစိုးရအနေနဲ့ ကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်ဖို့ အပြုသဘောအနေနဲ့ ကျွန်မတို့က ဝေဖန်ထောက်ပြခြင်းပါ"

"ပြောရမယ်ဆိုရင် အခု ကိုယ့်အစိုးရလက်ထက်မှာလည်း ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ ဒီဥစ္စာတွေကတော့ အကုန်လုံးထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်ဆိုတာကတော့ ကိုယ့်အစိုးရကိုယ်တော့ ပြောရတာပါပဲ"

"ထောက်ပြတဲ့ကိစ္စတွေဟာဆိုလို့ရှိရင် အကောင်းဘက်ကို ဦးတည်ပြီးတော့ ဝေဖန်တယ်လို့ယူဆပါတယ်။ အဲဒါတော့ အစိုးရအနေနဲ့ ဖြေရှင်းသင့်တယ်လို့ ကျွန်မအနေနဲ့က ယူဆပါတယ်"

၂၀၁၇-၁၈ ခုနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာ တွေ့ရှိချက်တွေကို အခုကျင်းပနေတဲ့ ရန်ကုန်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တွေက ထပ်မံထောက်ပြဆွေးနွေးနေတာ နှစ်ရက်အတွင်း လွှတ်တော်အမတ် ၁၈ယောက် ရှိနေပြီဖြစ်ပြီး နောက်ထပ်ဆွေးနွေးဖို့ ၁၀ယောက်ကျော် ကျန်နေပါသေးတယ်။

၂၀၁၆-၁၇ခုနှစ်တုန်းက ပါခဲ့တဲ့ အစီရင်ခံစာပါ ဆုံးရှုံးတဲ့ ဘဏ္ဍာငွေတွေကိစ္စကိုလည်း တိုင်းအစိုးရက လွှတ်တော်မှာ လာရှင်းပြခဲ့တာမရှိဘူးလို့ သိရပါတယ်။

အခု ၂၀၁၇-၁၈မှာလည်း လွှတ်တော်အမတ်တွေက လာရှင်းပြဖို့ တောင်းဆိုကြပေမယ့် တိုင်းအစိုးရအဖွဲ့ကတော့ လွှတ်တော်ကနေ တရားဝင်လာရှင်းပြမယ့် အခြေအနေမရှိသလို၊ ဇန်နဝါရီလ အတွင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာလည်း လာရှင်းပြဖို့အတွက် ကတိပြု ပြောဆိုတာမရှိဘူးလို့ အမတ်တွေထံက သိရပါတယ်။