တရုတ်က မြန်မာကို ၃နှစ်အတွင်း ယွမ် ၄ ဘီလီယံ ကူညီမယ်၊ ကမ္ဘာ့အရပ်အပုဆုံးလူသား ဆုံးပြီ အပါအဝင်မနက်ခင်းသတင်းများ

တရုတ်က မြန်မာကို ၃နှစ်အတွင်း ယွမ် ၄ ဘီလီယံ ကူညီမယ်
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း သဘောတူညီချက်တွေထဲမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီအဖြစ် ယွမ် ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ မီလီယံ နီးပါး) ကို ၃နှစ်အတွင်းပေးအပ်ကူညီသွားမယ်လို့သိရ ပါတယ်။
ဒါ့အပြင်ဇန်နဝါရီ ၁၇ရက်ကနေ ၁၈ ရက်နေ့ထိ ၂ရက်ကြာလာရောက်ခဲ့တဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ် အတွင်း မြန်မာ -တရုတ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ် ၃၃ခုကိုလည်း ချုပ်ဆိုနိုင်ခဲ့ပါ တယ်။
ဒီပူးပေါင်းဆောင်ရွက်မယ့် သဘောတူချက်တွေထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့အခြားသော စီမံကိန်းတွေပါဝင်ခဲ့ပေမယ့်မြန်မာနိုင်ငံသားအများစုစိတ်ဝင်စားတဲ့ ကချင် ပြည်နယ်က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တာတွေတော့ ပါဝင်ခြင်းမရှိပါဘူး။
သမ္မတရှီဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့အပြင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တရုတ်နိုင်ငံလာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပြီး နှစ်ဖက်အဆင်ပြေမယ့်အချိန်မှာ သံတမန် လမ်းကြောင်းကတစ်ဆင့် ညှိနှိုင်းစီစဉ်သွားမယ်လို့ မြန်မာအစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KO MAUNG WINE
ညမထွက်ရအမိန့်ထုတ်ထားတဲ့ မြောက်ဦးမှာ ညပိုင်းအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဒုက္ခသည်တွေတောင်းဆို
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် (ကာဖျူး) ထုတ်ပြန်ထားတာကြောင့် မြောက်ဦးမြို့ပေါ်မှာရှိနေတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အရေးပေါ်ဆေးဝါးကုသမှုခံယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဘီဘီစီကိုပြောပါတယ်။
အမိန့်ထုတ်ပြန်ထားတဲ့အချိန်အတွင်းကျန်းမာရေးကိစ္စကြောင့် မြို့ပြင်မှာရှိတဲ့ ဆေးရုံကြီးကိုသွားဖို့ အရေးပေါ်ကား ခေါ်ယူလို့မရတာတွေ၊ ဒေသခံကားသမားတွေက ပစ်ခတ်ခံရမှာကိုစိုးရိမ်ပြီး မလိုက်ရဲကြတာကြောင့် အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် အလွယ်တကူူဆေးဝါးကုသမှုခံယူနိုင်ရေးအတွက် ဒုက္ခသည်စခန်းဒါမှမဟုတ် မြို့တွင်း တစ်နေရာမှာ ဆေးခန်းတစ်ခုလောက်ဖွင့်လှစ်ပေးဖို့အတွက် စစ်ဘေးရှောင်ဒုက္ခသည်တွေက တောင်းဆို ကြပါတယ်။
''ဆေးရုံသွားတဲ့လမ်း ငွေတောင်ပေါက်တံတားထိပ်မှာ စစ်တပ်ကရှိနေတဲ့အတွက် အရေးပေါ်ကားတွေ မလာရဲတာလည်းမမှားဘူး။ ကျွန်တော်တို့ကလည်း လူကိုယ်တိုင်သယ်သွားမှာကလည်း ခဲယဉ်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကျန်းမာရေးအခက်အခဲရှိပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဒီတိုင်းဆိုရင် ကျွန်တော်တို့ သေစရာလမ်းပဲရှိတယ်။ မြို့မိမြို့ဖတွေအနေနဲ့ စခန်းမှာမဟုတ်တောင် မြို့ထဲမှာဖြစ်ဖြစ် လွယ်လွယ်ကူကူ ဆေးကုသနိုင်အောင် ဆေးခန်းတစ်ခန်းလောက်တော့ ထားသင့်တယ်လို့ မျှော်လင့်ပါတယ်။''လို့ လက်ကောက်စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တစ်ဦးကပြောပါတယ်။
မြောက်ဦးမြိုထဲကနေ ဆေးရုံရှိတဲ့ ထမ္မရာဇ်မြို့သစ်ကို တစ်မိုင်လောက်သာကွာဝေးပေမယ့် အဲ့ဒီဆေးရုံကို သွားတဲ့လမ်းမှ ရှိတဲ့ ငွေတောင်ပေါက်တံတားမှာ တပ်မတော်တပ်စခန်းတွေရှိနေတဲ့အတွက် မသွားရဲကြ သလို ဌာနဆိုင်ရာတွေနဲ့လည်း ဆက်စပ်မှုမရှိတာကြောင့် အခုလိုတောင်းဆိုကြရတာလို့ ဒုက္ခသည်အချို့ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နီပေါနိုင်ငံက ကမ္ဘာ့အရပ်အပုဆုံးလူသား ဆုံးပြီ
လမ်းလျှောက်နိုင်သူတွေထဲမှာ ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် ဂင်းနစ်မှတ်တမ်းမှာ စံချိန်တင်နိုင်ခဲ့တဲ့ Khagendra Thapa Magarဟာ အသက်၂၇ နှစ်အရွယ်မှာ နီပေါနိုင်ငံက ဆေးရုံတစ်ခုမှာ သေဆုံးသွားပြီဖြစ်ပါတယ်။
နီပေါနိုင်ငံ ဘဂ်လန်ခရိုင်က Khagendra Thapa Magar ဟာ အရပ်အမြင့် ၆၇ ဒဿမ ၀၈ စင်တီမီတာ( ၂ပေနဲ့၃လက်မနီးပါး) ပဲရှိတာဖြစ်ပါတယ်။
အဆုတ်ရောင်ရောဂါအပြင်းအထန်ခံစားခဲ့ရပြီးနောက် ပြီးခဲ့တဲ့သောကြာနေ့ မှာ သေဆုံးသွားခဲ့တာလို့ သူ့ရဲ့အကိုက အေအက်ဖ်ပီ သတင်းဌာနကိုပြောထားပါတယ်။

တောမီးကြောင့်အကြီးအကျယ်ဒုက္ခရောက်ခဲ့တဲ့ သြစတြေးလျမှာ မိုးသည်းထန်စွာရွာသွန်းတဲ့ဒဏ် ခံနေရပြန်
သြစတြေးလျနိုင်ငံရဲ့အရှေ့ပိုင်းကမ်းရိုးတန်းမှာ မိုးသက်မုန်တိုင်းနဲ့ မိုးကြီးတဲ့ဒဏ်ကို ခံနေရပါတယ်။ အချို့နေရာတွေမှာ ရေကြီးနစ်မြုပ်တာတွေကိုလည်း စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
တောမီးဒဏ်ကို ဆိုးရွားစွာခံခဲ့ရတဲ့နေရာတွေဖြစ်တဲ့ Queensland၊ သြစတြေးလျရဲ့အရှေ့တောင်ပိုင်းကNew South Wales နဲ့ Victoria ပြည်နယ်တွေမှာ မိုးသက်မုန်တိုင်းဒဏ်ကို ခံနေကြရပါတယ်။
Queensland မှာရှိတဲ့ လမ်းမကြီးတွေအားလုံးပိတ်ထားရပြီး New South Wales ရဲ့အချို့နေရာတွေမှာ လျှပ်စစ်မီးတွေကို ဖြတ်တောက်ထားရတယ်လို့လည်းသိရပါတယ်။
ဒါပေမယ့်လည်း ဒီပြင်းထန်တဲ့မိုးကြောင့် တောမီးအကြီးအကျယ်လောင်နေဆဲနေရာတွေအတွက်တော့ အဆင်ပြေသွားစေနိုင်တယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။
သြစတြေးလျမှာ စက်တင်ဘာလထဲကလောင်ကျွမ်းနေတဲ့ တောမီးကြောင့် အနည်းဆုံး လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ လူနေအိမ်တွေဖျက်ဆီးခံခဲ့ရပါတယ်။








