တပ်ကြပ် ၂ ဦးကို လွှတ်မယ်၊ ဖမ်းထားသူတွေ လဲလှယ်မယ်လို့ အေအေ ထပ်ကမ်းလှမ်း

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံက သမ္မတ ရှီကျင့်ဖျင် နေပြည်တော်ကိုရောက်တဲ့နေ့မှာပဲ ရခိုင့်တပ်တော် အေအေက ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေထဲက အသက်ကြီးပိုင်း တပ်ကြပ်နှစ်ဦးကို ပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
အသက် ၄၉ နှစ်နဲ့ ၅၃ နှစ်အရွယ် သူတို့နှစ်ဦးကို ပလက်ဝမှာ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက တိုက်ပွဲအတွင်း ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ တပ်မ ၇၇ လက်အောက်ခံ မှော်ဘီအခြေစိုက် တပ်ရင်း ၃၁၃ က တပ်ကြပ်တွေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာ အစိုးရဖမ်းဆီးထားတဲ့ ရခိုင်အရပ်သားတွေနဲ့ အေအေတပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေး မယ်ဆိုရင် အေအေက ဖမ်းထားတဲ့ မြန်မာလက်နက်ကိုင်တွေကို ပြန်လွှတ်ပေးမယ်လို့လည်း ထပ်မံကမ်း လှမ်းလိုက်ပါတယ်။
အဲဒီလို ဇန်နဝါရီလ ၁၇ ရက်မှာ အေအေက ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "အတည်ပြုထားဆဲ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်းကနေ ဖမ်းဆီးခံရသူ ရှိတယ်။ တချို့လည်း ခွင့်ပြန်ရင်း ဖမ်းဆီးခံရသူ ရှိတယ်။ တပ်ဖွဲ့ဝင်နှစ်ဦးကတော့ တပ်တွေမှာ ရှိတဲ့သူတွေတော့မှန်တယ်။ ဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသလားဆိုတာတော့ စိစစ်နေဆဲ ဖြစ်တယ်" လို့ ပြောပါတယ်။
ဖမ်းဆီးခံရရာက ပြန်လွတ်လာသူတွေကို တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်တယ်လို့ လည်း သူက ဆိုပါတယ်။
"ပြန်လာတဲ့အခါမှာ သူတို့ရဲ့ စိတ်ဆန္ဒနဲ့ သူတို့ရဲ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေမှာ မူတည်ပြီးပဲ ဆုံးဖြတ်တာရှိပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေအတွက် လုပ်ထုံးလုပ်နည်းများ ရှိပါတယ်"
"ပြန်ရောက်လာရင် ဖြစ်စဉ်မေးမြန်းတာရှိတယ်။ သူ့ရဲ့ စိတ်အခြေအနေပေါ်မှာ မူတည်ပြီး ပြန်လည် ခန့်ထားတာရှိတယ်။ မခန့်ထားဘဲနဲ့ သူတို့ရဲ့ စိတ်ဆန္ဒအရ အငြိမ်းစား လိုချင်တယ်ဆိုရင် အငြိမ်းစား ပေးရတာရှိတယ်"လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရန်သူ့ဖမ်းဆီးခံရတာမဟုတ်ဘဲ ရန်သူ့ဘက်ကို လက်နက်ချပြီးရောက်သွားတာမျိုးတို့ ဘက်ပြောင်းသွားတာမျိုးတို့ကိုပဲ လုပ်ထုံးလုပ်နည်းအရ အရေးယူပြီး ကျန်တာကို အရေးယူလေ့မရှိဘူးလို့လည်း ပြောပါတယ်။
နှစ်ဖက်ဖမ်းဆီးထားသူတွေချင်း လဲလှယ်မယ်ဆိုတဲ့ အေအေရဲ့ ထပ်မံကမ်းလှမ်းချက်နဲ့ ပတ်သက်လို့တော့ တပ်မတော်က ဖမ်းဆီးတာဟာ ဥပဒေအရ လုပ်တာဖြစ်ပြီး ဖမ်းဆီးပြီးရင် တပ်မတော်က အပြစ်ပေးအရေးယူပိုင်ခွင့် မရှိကြောင်း၊ ဖမ်းဆီးပြီးရင် ရဲစခန်းမှာ အမှုဖွင့် တရားရုံးတင်ရကြောင်း၊ အေအေဘက်က ဖမ်းထားသူတွေကိုတော့ အေအေက ဥပဒေအရ ဖမ်းထားမဟုတ်လို့ ဝန်ထမ်းတွေနဲ့ သာမန်ပြည်သူတွေကို ချွင်းချက်မရှိ လွှတ်ပေးသင့်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
၂၀၁၉ နိုဝင်ဘာလတုန်းက ရသေ့တောင်မှာ ရွှေနဒီ ရေယာဉ်ပေါ်ကနေ အေအေက ဖမ်းဆီးသွားသူတွေနဲ့ တပ်မတော်က ဖမ်းဆီးထားသူတွေကို သုံ့ပန်းချင်းလဲလှယ်မယ်ဆိုတဲ့ အေအေ အဖွဲ့ရဲ့ ထုတ်ပြန်ချက်တုန်းကတော့ တပ်မတော်က ညှိနှိုင်းမှာ မဟုတ်ဘဲ အဖမ်းခံရသူတွေ လွတ်မြောက်ရေး စစ်ဆင်ရေး ဆက်လုပ်မယ်လို့ ပြောခဲ့ပါတယ်။
အေအေဘက်က ထုတ်ပြန်ထားချက်တွေအရ ဖမ်းဆီးထားသူ ၃၆ ဦးရှိပြီး တပ်မတော်ဘက်ကတော့ အေအေ ဖမ်းဆီးထားသူ တပ်မတော်သားတွေနဲ့ ဝန်ထမ်းတွေအပါအဝင် စုစုပေါင်းဖမ်းဆီးခံထားရသူ ၅၁ ဦးရှိနေတယ်လို့ ပြောထားပါတယ်။








