ကျောက်တော်ဘဏ်က ရဲစခန်းကို သွားအပ်တဲ့ငွေ သိန်းထောင်ချီ လမ်းမှာ အလုခံရ

ကျောက်တော်၊ ရခိုင်၊
ဓာတ်ပုံ ပုံစာ, စီးပွားရေးဘဏ်က ငွေတွေကို ရဲစခန်းမှာ အပ်ဖို့အသွား လမ်းခုလတ်မှာ အလုခဲ့ရတယ်လို့ ဆို
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့ မြန်မာ့စီးပွားရေးဘဏ်ကနေ ရဲစခန်းကို သွားအပ်တဲ့ ငွေ ကျပ်သိန်း ၂၁၀၀ ကျော်ကို အမည်မသိ မျက်နှာဖုံး စွပ်ထားတဲ့ လူနှစ်ဦးက လမ်းခုလတ်မှာ လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၆ ရက်က ဘဏ်ပိတ်ချိန် ညနေ ၆ နာရီကျော်လောက်မှာ ဘဏ်မန်နေဂျာ အပါအဝင် ဘဏ်ကြီးကြပ် တစ်ဦး၊ ငွေကိုင်တစ်ဦးနဲ့ ညစောင့် တစ်ဦးတို့က အဲဒီငွေတွေကို ငွေသေတ္တာ နှစ်လုံးနဲ့ ကျောက်တော်မြို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ တစ်ဖာလုံလောက်ဝေးတဲ့ မြို့မရဲစခန်းဆီ ဆိုက်ကားနဲ့ သယ်ဆောင်လာစဉ် လမ်းခုလတ် အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့ လမ်းထဲမှာ လုယက်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကတော့ သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ အဲဒီ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဟုတ်မှန်တယ်လို့ ပြောပါတယ်။

"အဲဒီသတင်းကို ကြားလို့ လေ့လာကြည့်တော့ ဟုတ်တယ်လို့ ပြောပါတယ်။ အရပ်သားတွေဆီကလည်း သတင်းတွေ ကြားတယ်။ ဘဏ်ဝန်ထမ်းတချို့ကလည်း ပြောတယ်။ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကလည်း ဟုတ်တယ်လို့ ပြောတယ်။ အဲဒီငွေတွေကို ညနေ ၆ နာရီလောက်မှာ ဘဏ်ကနေ တစ်ဖာလုံလောက် ဝေးတဲ့ ရဲစခန်းကို ငွေထားဖို့ သွားတဲ့အချိန်မှာ ဖြစ်တယ်ဆိုတာကို သိရတယ်"လို့ ဦးမောင်သန်းစိန်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့မ ရဲစခန်းကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးတဲ့ အတွက် ရဲဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကျောက်တော်၊ ရခိုင်၊
ဓာတ်ပုံ ပုံစာ, ကျောက်တော်မြို့မှာ စီးပွားရေးဘဏ်ကနေ ကျပ်သိန်းပေါင်းများစွာ အလုခံရတာ ဒါပထမဆုံးအကြိမ်ဖြစ်

ဘဏ်တာဝန်ရှိသူတွေက အဲဒီ့ ငွေသေတ္တာတွေကို လုံခြုံရေး အစောင့်အရှောက်တွေ မပါဘဲ သယ်ဆောင်လာခဲ့စဉ် အနက်ရောင် မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိသူ နှစ်ဦးက သုံးဘီးဆိုင်ကယ် တစ်စီးနဲ့ ရောက်လာပြီး အစောင့်လိုက်ပါလာတဲ့ ဘဏ်ညစောင့် ဦးစံအောင်သာ ကို ထိုးကြိတ်ကာ ငွေသေတ္တာ နှစ်လုံးကို သုံးဘီးဆိုင်ကယ်ပေါ် တင်ဆောင် ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ့လူတွေဟာ ဘယ်သူတွေလဲ ဆိုတာကို မသိလိုက်ရကြောင်းနဲ့ လက်ရှိမှာတော့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက အဲဒီ့သုံးဘီးဆိုင်ကယ် မောင်းနှင် ထွက်သွားခဲ့တဲ့ လမ်းတစ်လျှောက်ကို ပိတ်ဆို့ ရှာဖွေနေတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်ဟာ လက်ရှိမှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော် တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တစ်ခု ဖြစ်ပြီး ခုလို မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သိန်းပေါင်းများစွာ အလုခံရတာကတော့ ဒီမြို့မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။