စပါးတန်ချိန်၂ သိန်းကနေ ၅ သိန်းကြား ပြည်ပ တင်ပို့ခွင်ပြုမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံကနေ ပြည်ပကို စပါးတင်ပို့ခွင့်ကို တန်ချိန် ၂ သိန်းကနေ ၅ သိန်းကြားအထိ တင်ပို့ခွင့်ပြဖို့ရှိပြီးတော့ စပါးတင်ပို့လိုတဲ့ ကုမ္ပဏီတွေ အနေနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကို လျှောက်ထားနိုင်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဘီဘီစီကို ပြောပါတယ်။
"စပါးတင်ပို့ခွင့်ကို လာလျှောက်တဲ့ ကုမ္ပဏီတွေရှိတယ်၊ စိစစ်ပြီး ဦးဆောင် အဖွဲ့ကို တင်ပြပြီးတော့ ခွင့်ပြုပေးသွားမှာပါ" လို့လည်း သူက ပြောပါတယ်။
တင်ပြလျှောက်ထားတဲ့ အခါ မှာ နှစ်ဘက်ကုန်သည်တွေချိတ်ဆက်ထားတာတွေ တင်ပြဖို့လိုမယ်၊အဲဒီတင်ပြမှုပေါ်မှာ မူတည်ပြီးခွင့်ပြုပေးသွားမယ်လို့ လည်း ဦးခင်မောင်လွင် ကရှင်းပြပါတယ်။
အရင်ကတော့ မြန်မာစပါးကို တရုတ်နိုင်ငံကို အဓိကတင်ပို့ခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ် အတွင်းက စပြီး စပါးကို နယ်စပ်ကနေတင်ပို့တာကို ပြည်တွင်းက ဆန်စက်လုပ်ငန်းရှင်တချို့ ကန့်ကွက်လို အစိုးရက တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု ခွင့်ပြုတဲ့ သဘောကတော့ ပို့ကုန် သွင်းကုန် သဘော ဖြစ်လို့ ကုမ္ပဏီ အနေနဲ့ပဲ လျှောက်ရမှာ ဖြစ်တယ်လို့လည်း ဦးခင်မောင်လွင်က ရှင်းပြပါတယ်။
"ကုမ္ပဏီထောင်တာကလည်း အခုက သိပ်ခက်ခဲတဲ့ ကိစ္စ မဟုတ်တော့ဘူး။ သတ်မှတ်ချက် ပြည့်စုံရင် ခွင့်ပြုပေးနေတာပဲလို့"သူက ပြောပါတယ်။
အရင်တုန်းက တရုတ်ကုန်သည်တွေက မြန်မာနိုင်ငံထဲအထိ ကိုယ်တိုင်လာဝယ်တာ ဖြစ်ပြီးတော့ မူဆယ်၊မန္တလေး တို့ကနေ ကော်မရှင်စားတွေ လွှတ်ပြီး ဝယ်တာလို့လည်း သာယာဝတီက လယ်သမားတစ်ဦးဖြစ်တဲ့ ဦးဝင်းဇော်ဦးက ပြောပါတယ်။
အဲဒီတုန်းကတော့ ကိုယ်စားလှယ်၊စက်ပိုင်၊အဝယ်ဒိုင် တစ်ဆင့်လာဝယ်ကြတော့ စပါးတင်း တစ်ရာကို ၇ သိန်းလောက် အထိတော့ ဈေးရခဲ့တယ်လို့လည်း လယ်သမားကြီး ဦးဝင်းဇော်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်း စပါးဈေး အလွန်မင်း ကျဆင်းတာကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရအနေနဲ့ ဧရာဝတီ၊ပဲခူးနဲ့ ရန်ကုန် တိုင်းတို့မှာ ကျပ်ငွေ ၁၃ဘီလျံ သုံးပြီး အခြေခံ စပါးပေါက်ဈေးအတိုင်း ဝယ်ယူသွားဖို့ရှိတယ်လို့ ဦးခင်မောင်လွင် က ဘီဘီစီကို ပြောပါတယ်။
" ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက တင်ပြလာရင် ဝယ်ယူပေးဖို့ စီစဉ်နေတာပါ။ ဧရာဝတီတိုင်းကိုတော့ ၆ ဘီလျံသုံးဖို့ရှိတယ်။ ပဲခူးကတော့ ၅ဘီလျံသုံးမယ် ရန်ကုန် က တော့ ၂ ဘီလျံပါ။ တင်ဒါခေါ်ပြီး ဝယ်မှာပါ။ ဒီရက်ပိုင်းတွင်း ခေါ်မှာပါ "လို့ ဦးခင်မောင်လွင်က ပြောပါတယ်။
အခြေခံဈေးနှုန်းအဖြစ် ၄၆ ပေါင်ကိုက် စပါးတင်းတစ်ရာကို ကျပ် ၅သိန်းနှုန်းအဖြစ် သတ်မှတ်ထား ပေမယ့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် နေရာအတော်များများမှာ ပေါင် ၅၀ ကိုက် စပါးတင်းတစ်ရာကို ကျပ် ၄သိန်းဝန်းကျင်နဲ့သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ တောင်သူလယ်သမားတွေထံက သိရပါတယ်။
အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ၊ ကင်းစင်ကာ အရောင်အသွေး သတ်မှတ်ချက် နဲ့ကိုက်ညီတဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁ဝဝ ကို ကျပ် ၅ သိန်း နဲ့ဝယ်ဖို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာ ၁၅ ရက်က သတင်းထုတ် ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ba Thar Chaw
ဒုတိယ သမ္မတ ၂ ဦးဆောင်တဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေး နဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ ဟာ စပါးတန်ချိန် နှစ်သိန်းလောက် အထိကို ပြည်ပတင်ပို့ခွင့်ကို အခုနှစ်ကုန်မတိုင်မီ ခွင့်ပြုပေးဖို့ ရှိနေပါတယ်။
အစိုးရက လည်းစပါးဝယ်ဖို့ ရှိသလို စပါးကို ပြည်ပတင်ပို့ခွင်လည်း ကာလ တစ်ခု သတ်မှတ်ခွင့်ပြုတာကြောင့် ပြည်တွင်းစပါးဈေး တက်လာဖို့ရှိတယ်လို့လည်း ပဲခူးအနောက်ခြမ်းက လယ်သမားတွေက ပြောပါတယ်။
"စပါးကို နိုင်ငံခြားပို့ရင် အရင်က လယ်သမားက စျေးတိုက်ရိုက် ရပေမယ့် အခု ဟာက ကြားထဲမှာ ကုန်သည်ရယ် မြန်မာကုမ္ပဏီရယ် နှစ်ဆင့်ခံပြီးမှ ရောက်မယ့်သဘော ဖြစ်တယ်။ ဈေးကတော့ မနှစ်ကလောက်တော့ ရမယ် မထင်ဘူး။ စပါးဈေးတော့ တက်မှာပါ" လို့ သာယာဝတီက လယ်သမားကြီး ဦးဝင်းဇော်ဦးကပြောပါတယ်။








