ဒေါ်စုဒါလီအောင်အမှု ၃ ကြိမ်မြောက် ရုံးချိန်းက သက်သေ ထွက်ချက်တွေက ဘာလဲ

ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံအဖြစ် စွပ်စွဲပြီး တရားရင်ဆိုင်နေရတဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင် ကို နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆို ထားတဲ့ အမှုအတွက် တတိယမြောက် ရုံးချိန်းမှာ အမှုစွဲဆိုသူတွေဘက်က သက်သေအဖြစ်တင်ထားတဲ့ ဗီဒီယို ဖိုင်ကို နိုဝင်ဘာလ ၄ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ တရားခွင်ကို စွပ်စွဲသူ တရားလို ဘက်က ကာကယံရှင် ဒေါ်ဥမ္မာလှိုင် လာရောက် ခြင်း မရှိဘဲ သူ့ရဲ့ ရှေ့နေ ဖြစ်သူ ဦးအောင်ရဲစိုး နဲ့ အဖွဲ့သာ တရားရုံးကို လာရောက်ခဲ့ပါတယ်။
တရားခွင် မှာ စွပ်စွဲသူ ဒေါ်ဥမ္မာလှိုင် ဘက်က တင်သွင်းထားတဲ့ မီဒီယာ ဖော်ပြချက် ဗီဒီယို တစ်ခုနဲ့ ပတ်သက်ပြီး ထွက်ဆိုချက်ပေးဖို့ ဘီဘီစီမြန်မာပိုင်းရဲ့ နေပြည်တော် သတင်းထောက် ကို သက်သေ အဖြစ် တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။
တရားခွင်မှာ ဘီဘီစီ သတင်းထောက်က တရားရုံးက ဆင့်ခေါ်လို့ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်သိတတ်မှု အနေနဲ့ ဘီဘီစီက ထုတ်လွှင့်ခဲ့တဲ့ ဒေါ်စုဒါလီအောင် ဖြေကြားခဲ့တဲ့ ဗီဒီယို ရုပ်သံ အင်တာဗျူးနဲ့ ပတ်သက်ပြီး လာရောက် ထွက်ဆိုပေးတာ ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။
စွပ်စွဲသူ ဒေါ်ဥမ္မာလှိုင်ဘက်က တရားရုံးမှာ တင်သွင်းထားတဲ့ ဘီဘီစီမြန်မာပိုင်းက ထုတ်လွှင့်ခဲ့တယ် ဆိုတဲ့ ဒေါ်စုဒါလီအောင်ရဲ့ ရုပ်သံ ဖိုင်နဲ့ ပတ်သက်ပြီးလည်း ဒီ ရုပ်သံဖိုင်ကို တရားလိုဘက်က တရားရုံးမှာ တင်သွင်းဖို့ အတွက် သတင်းထောက်ကို ဖြစ်စေ၊ သူ့ရဲ့ သတင်းဌာန ဘီဘီစီမြန်မာပိုင်းကို ဖြစ်စေ တရားဝင် ဆက်သွယ် အကြောင်းကြားခြင်း၊ တောင်းခံခြင်း မရှိခဲ့ဘူး ဆိုတဲ့ အကြောင်းကိုလည်း ဘီဘီစီ သတင်းထောက်က တရားခွင်မှာ တရားသူကြီးကို တရားဝင် တင်ပြ အသိပေးခဲ့ပါတယ်။

ဗီဒီယို ဖိုင်ကို သက်သေစစ်ဆေး
သက်သေ အဖြစ် တင်သွင်းထားတဲ့ ၁ မိနစ် စွန်းစွန်း ကြာမြင့်ချိန်ရှိတဲ့ ဒေါ်စုဒါလီအောင်ရဲ့ ရုပ်သံ အင်တာဗျူးကို ဘီဘီစီ သတင်းထောက်က တရားခွင်မှာပဲ စစ်ဆေး ကြည့်ရှုပြီး ဘီဘီစီက ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးဗီဒီယို မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
တရားလိုဘက်က ဥပဒေအရာရှိရဲ့ မေးမြန်းချက် ဖြစ်တဲ့ မူလ မှတ်တမ်းယူ ရိုက်ကူး ထားတဲ့ အတိုင်း ဖြတ်တောက် ပြုပြင်ခြင်း မရှိဘဲ ဘီဘီစီက ထုတ်လွှင့်ခဲ့ပါသလား ဆိုတဲ့ မေးခွန်းကိုလည်း ဘီဘီစီ သတင်းထောက်က မှန်ကန်ကြောင်း အတည်ပြု ထွက်ဆိုခဲ့ပါတယ်။
ပထမပိုင်း စစ်ဆေးမေးမြန်းမှုအပြီး တရားလို ရှေ့နေ ဖြစ်သူ ဦးအောင်ရဲစိုးက တရားရုံး ရှေ့က မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာတော့ "ဒီနေ့ လုပ်ငန်းစဉ်ကတော့ လိုပြသက်သေ ဖြစ်တဲ့ သတင်းထောက်ကို ကျွန်တော်တို့ဘက်က အဓိက စစ်မေးခြင်း ပြုလုပ်တယ်၊ သူတို့ဘက်က သူတို့အတွက် မေးသင့်မေးထိုက်တဲ့ ပြန်လှန် မေးခွန်းမေးမြန်းတာတွေ ပြုလုပ်တယ်" ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။
သက်သေဖြစ်သူက သူလုပ်ခဲ့တဲ့ အလုပ်နဲ့ ပတ်သက်ပြီး လာရောက် ထွက်ဆိုချက် ပေးတာ ဖြစ်တယ်၊ စွပ်စွဲခံရသူဘက်ကလည်း သူ့ ဥပဒေ အခွင့်အရေး အရ မေးသင့် မေးထိုက်တဲ့ မေးခွန်းများကို ပြန်လှန် စစ်မေးသွားခြင်းသာ ဖြစ်ပြီး လုပ်ရိုး လုပ်စဉ် ဖြစ်ကြောင်း နဲ့ ထွေထွေ ထူးထူး မရှိကြောင်း ဦးအောင်ရဲစိုးက ဖြည့်စွက် ဖြေကြားသွားခဲပါတယ်။

အမှု ဘယ်လို စ ဖြစ်ခဲ့လဲ
Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကလေးငယ် တစ်ဦး လိင် အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှု ရုံးချိန်း တစ်ခု မှာ ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေတဲ့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ပတ္တာနယ်ရဲစခန်းမှာ ပုဒ်မ ၂ ခုနဲ့ ဒေါ်ဥမ္မာလှိုင်ဘက်က စတင် အမှုဖွင့်ခဲ့တာပါ။
အဲဒီ ပုဒ်မ ၂ ခု အနက် နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး (နိုင်လွတ်လုံ) နဲ့ အမှုစွဲချက်ကို ပုဗ္ဗသီရိမြို့နယ် တရားရုံးက ပယ်ချခဲ့ပြီး ကျန် တစ်ခု ဖြစ်တဲ့ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ဥပဒေ နဲ့ စွဲချက်မှာတော့ ပုဒ်မ ခွဲ ပြောင်းကာ ကလေးသူငယ် ဆိုင်ရာ ပုဒ်မ ၁၀၁ (က-၂) နဲ့ လက်ခံထားတဲ့ အတွက် ဒီအမှုကို တရားရုံးမှာ ဆက်လက် စစ်ဆေးနေတာ ဖြစ်ပါတယ်။
စွပ်စွဲခံရသူ ဒေါ်စုဒါလီအောင်ကတော့ သူ့အနေနဲ့ အများပြည်သူ နားထောင်လို့ ရတဲ့ တရားခွင်က ထွက်ဆိုချက်တွေကို မီဒီယာကို တရားဝင် ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် စွပ်စွဲသူ ဒေါ်ဥမ္မာလှိုင်ဘက်ကတော့ အဲဒီ မီဒီယာ ပြောဆိုချက်က သူ့ရဲ့ မိသားစု ဂုဏ်သိက္ခာ ကျဆင်းစေခြင်း၊ ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်းနဲ့ လူ့ပတ်ဝန်းကျင်မှာ အရှက် ရစေခြင်းများ ဖြစ်ပေါ်စေတဲ့ အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မနဲ့ တရားစွဲဆို ရတာလို့ ပြောထားပါတယ်။

တခြား ဘယ်သူတွေကို တိုင်ချက် ဖွင့်ထားသေးလဲ
ဒေါ်ဥမ္မာလှိုင်ဘက်က ဗစ်တိုးရီးယားအမှုမှာ ပါဝင် ပတ်သက်နေသူ နှစ်ဖက်ရှေ့နေတွေနဲ့ မိသားစု၊ မိသားစု မိတ်ဆွေ ဆရာဝန် တို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ က ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။ ဒါပေမယ့် အဲဒီ တိုင်ကြားချက်ကတော့ တရားရုံး အဆင့် အထိ ရောက်မလာသေးဘဲ ရဲတပ်ဖွဲ့က ဥပဒေရုံး အကူအညီနဲ့ စိစစ်နေဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
ဗစ်တိုးရီးယား အမှုကိုလည်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပြီး အခု အမှုမှာ စွပ်စွဲ ခံနေရသူ ရှေ့နေ ဒေါ်စုဒါလီအောင်ဟာ ဗစ်တိုးရီးယား အမှုမှာ နောက်မဆုတ်ဘဲ ကိုအောင်ကြီး ဘက်ကနေ ဆက်လိုက် လိုက်ပါဆောင်ရွက် သွားဖို့ ရှိတယ်လို့ ကြေညာထားပါတယ်။
"ဗစ်တိုးရီးယားမှာလည်း နိုင်ငံသား အခွင့်အရေး ရှိတယ်၊ ဗစ်တိုးရီးယားရဲ့ အခွင့်အရေးကို
ဖော်ထုတ်ကာကွယ်ရင်း နဲ့ ဖြစ်တဲ့ ကိစ္စ" လို့ ဒေါ်စုဒါလီအောင် တရားစွဲ ခံရတာနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားအမှုမှာ ဒေါ်စုဒါလီအောင်နဲ့ အတူ သံသယ တရားခံ ကိုအောင်ကြီးဘက်က အတူ ရှေ့နေလိုက်ပေးသူလည်းဖြစ်၊ အခု ဒေါ်စုဒါလီအောင်အမှုမှာလည်း ရှေ့နေ တစ်ဦး အဖြစ် ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောထားပါတယ်။
ဒေါ်စုဒါလီအောင် စွပ်စွဲခံထားရတဲ့ အမှုကိုတော့ ဗစ်တိုးရီးယား အမှု ရုံးချိန်းနဲ့ မတိုက်အောင် နှစ်ပတ် တခါ တနင်္လာနေ့တိုင်း စစ်ဆေးနေရာမှာ ဒီနေ့ ၃ ကြိမ်မြောက် ရုံးချိန်းမှာ တရားလိုပြ သက်သေ တွေ စစ်ဆေးပြီး နောက် ရှေ့ရုံးချိန်းတွေမှာတော့ တရားရုံးက စွဲချက် တင်သင့်၊ မတင်သင့် ဆုံးဖြတ် ဖွယ် ရှိပါတယ်။








