ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ်အတွင်း မြန်မာသံရုံးအနီးက ဆန္ဒပြပွဲ

ရေးသားခဲ့သည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက တိုကျို မြန်မာသံရုံးအနီးမှာ ဂျပန်ရောက် ရခိုင်တွေ ဦးဆောင်ပြီး ဆန္ဒပြ ကြပါတယ် ။

ဆန္ဒပြပွဲ ဦးဆောင်သူက လူ ၁ဝဝလာတယ်လို့ပြောပေမယ့် သူတိုရဲ့လူမှု ကွန်ရက်စာမျက်နှာတွေက ဓာတ်ပုံတွေအရ တော့ လူဆယ်ဂဏန်း အချို့ ပဲတွေ့ရပါတယ်။

"ဒီနေ့ လာတာတွေက ရခိုင်အစစ်တွေလာတာ၊ အတု မပါဘူး၊ ကချင်အစစ်တွေလည်းလာတယ်" လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးမောင်သန်းက ပြောပါတယ်။

အောက်တိုဘာ ၂ဝရက်နေ့က ဂျပန်ရောက် ရခိုင်တွေ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြမယ့်အပေါ် တန်ပြန် ဆန္ဒပြမှုတွေရှိခဲ့ ပါတယ်။

ဆန္ဒပြတာ ဘာကြောင့်လဲ

ဒီနေ့ ဆန္ဒပြပွဲကိုဦးဆောင်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွတ်တာမဟုတ်ဘူး နိုင်ငံသားအခွင့်အရေးအရ လိုချင်တာကို တောင်းဆိုတာပါလို့ ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြပွဲကို တိုကျိုမြို့ကရခိုင်တွေအပြင် နာဂိုယာနဲ့အခြားမြို့တွေက ရခိုင်တွေလည်း လာရောက်ကြတယ်လို့လည်း သူတို့ကပြောပါတယ်။

ဂျပန်ဘုရင်နန်းတက်ပွဲကို ဒေါ်အောင်ဆန်းစုကကြည်အပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၁ဝဝကျော်က ခေါင်းဆောင်တွေ ရောက်နေချိန်မှာ ဆန္ဒပြ ရတာဖြစ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတွေကတော့ ကျေနပ်မှုရှိတယ်လို့ပြောပါတယ်။

ဆန္ဒပြပွဲကို တိုကျိုရှီနာဂါဝါမှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒေသစံတော်ချိန် ညနေ၃ နာရီလောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစု ကြည်ဟာ အဲ့ဒီအချိန်မြန်မာသံရုံးမှာ ရှိနေသလားဆို သေချာမသိရဘူးလို့ ဦးမောင်သန်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေလဲ

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ၂၁ရက်နေ့တိုကျိုမှာ ဂျပန်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်လုပ်ငန်းရှင် ၇ဝဝ လောက်တက်ရောက်တဲ့ ပွဲမှာ အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒ မိန့်ခွန်း တစ်ရပ်ပြောခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြဖို့ ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဂျပန်ဟာ မြန်မာနိုင်ငံစီးပွားရေးပိတ်ဆို့မှုကာလအလွန်ကတည်းက လက်တွဲလုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ များစွာ ရှိသလို မြန်မာကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအများဆုံးပေးထားတဲ့ နိုင်ငံတွေထဲမှာတစ်ခုအဖြစ် ပါဝင်ပါတယ်။

ဒီကနေ့မှာ MMA လိုက်ဟဲဗီးဝိတ် ချန်ပီယံ မြန်မာ့စပါးအုံး အောင်လအန်ဆန်ကလည်း ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာဟိုတယ်ကို မိသားစုနဲ့အတူလာရောက်တွေ့ဆုံခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဘာတွေတောင်းတာလဲ

ဒီနေ့ ဆန္ဒပြသူတွေက အချက် ၄ ချက်တောင်းဆိုပါတယ်။

ပထမအချက်အနေနဲ့ ရခိုင်နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့၊ ဒုတိယအချက်က ရခိုင်ဒုက္ခသည်တွေ အကူညီပေးတာကို လက်ခံ ခွင့်ပြုပေးဖို့၊ တတိယတောင်းဆိုချက်ကတော့ ရခိုင်မှာ အင်တာနက် အဆက်သွယ်တွေ ပြတ်တောက်နေတာ ပြန်ဖွင့်ပေးဖို့နဲ့ နောက်တစ်ချက်ကတော့ ရခိုင်ပြည်နယ် အတွင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ခွင့်ပြုပေးဖို့တို့ ဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေ ဘက်ကပြောပါတယ် ။

"ရခိုင်လူမျိုးဒုက္ခသည် ၇ သောင်းဟာ အခု အသံတိတ် လူမျိုးသုဉ်း သတ်ဖြတ်တာခံနေရတယ်၊ အကူညီတွေပေးလို့ မရပါဘူး၊ အဲဒါကို ဖွင့်ပေးဖို့ ကျွန်တော်တို့ကတောင်းဆိုတာပါ"လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးမောင်သန်းကပြောပါတယ် ။

ဒုက္ခသည်တွေကို အကူညီပေးတဲ့ ထောက်ပံ့ရေးပစ္စည်းတွေဟာ မင်းပြားမြို့နယ် အထိပဲပို့လို့ရပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေကို ပို့မရဘူးလို့ လည်း ဆန္ဒပြ သူတွေက ပြောပါတယ်။

တောင်းဆိုဆန္ဒပြပွဲ ကိ ဂျပန်ရဲတပ်ဖွဲ့ကလုံခြုံရေးတင်းကျပ်ထားပြီး သတ်မှတ်တဲ့ စည်းကမ်းအတိုင်း ဆန္ဒပြခဲ့တယ်လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။

"ကျွန်တော်တို့ရခိုင်ကသာဦးဆောင်ဆန္ဒထုတ်ဖေါ်ခြင်းသာဖြစ်ပါတယ် မည်သည့် မွတ်ဆလင်အဖွဲ့စည်းနဲ့မှ မသက်ဆိုင်ပါ။ဂျပန်နိင်ငံတော် အစိုးရထံမှ တရားဝင်အသိမှတ်ပြုခွင့်ပြုချက်ပေးထားသောဆန္ဒထုတ်ဖေါ်ပွဲပါ"လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးမောင်သန်းကပြောပါတယ် ။